တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) ရေမြင်းပြကွက်တွင် ရေမြင်းကလေးငယ်(၁)ကောင်ပေါက်ဖွား

တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) ရေမြင်း ပြကွက်တွင် ရေမြင်း (အထီး) (၂) ကောင်၊ အမ (၃) ကောင် ၊ စုစုပေါင်း (၅) ကောင်ရှိသည့် အနက် ရေမြင်း (အထီး) ရဲလေးနှင့် ရေမြင်း (အမ) ပေါက်ကျော်မ တို့မှ ၁၅-၆-၂၀၁၉ ရက်နေ့တွင် ရေမြင်း ကလေးငယ် (၁) ကောင်ပေါက်ဖွားခဲ့ပါသည်။ ရေမြင်း ကလေးငယ်အား အထီး ၊ အမ ခွဲခြား၍ မရသေးပါ ကြောင်းနှင့် မိခင်ရော ကလေးပါ ကျန်းမာလန်းဆန်းလျှက်ရှိပါသည်။
ရေမြင်းများသည် နို့တိုက်သတ္တဝါဖြစ်ပါသည်။ ၄င်းတို့အား အာဖရိကတိုက်ရှိ ယူဂန္ဒာနိုင်ငံ၊ အီသီယိုးပီးယား၊ ဆူမွန်၊ ဆိုမာလီ၊ ကင်ညာ၊ တန်ဇန်နီးယား၊ ဇင်ဘာဘွေနိုင်ငံများရှိ မြစ်များ ၊ ရေ အိုင်များတွင် တွေ့ရှိရပါသည်။ ခန္ဓာကိုယ်အလေးချိန်နှင့် အရွယ်အစားမှာ အထီးသည် (၁၁၇၉-၂၀၆၅) ကီလိုဂရမ်အလေးချိန်ရှိပြီး၊ အမသည် ( ၁၁၈၅- ၁၇၁၆) ကီလိုဂရမ်လေးပါသည်။ ပြင်ပ လက္ခဏာများအနေဖြင့် ကုန်းနေ နို့တိုက်သတ္တဝါများတွင် တတိယ အကြီးဆုံးဖြစ်သည်။ ခန္ဓာကိုယ်မှာ တုတ်ခိုင်ကြီးမားပြီး ခြေထောက်များမှာတုတ်တိုသည်။ ရေမြင်းများ၏ သက်တမ်းမှာ (၄၀-၄၅) နှစ်ဖြစ်ပါသည်။ အလေ့အထနှင့်နေထိုင်ကျက်စားပုံမှာ နေ့အခါ ရေထဲတွင်နေ၍ မှောင်စပျိုးအချိန်မှစပြီး ကုန်းပေါ်တက်ပြီး မြက်များစားသောက်သည်။ ၄င်းနားနေသောနေရာမှ ကီလိုမီတာများစွာသွား၍ အစာရှာဖွေစားသောက်ကြသည်။ ရေထဲတွင် (၁၀-၁၇) ကောင် အုပ်စု ဖွဲ့၍ နေပြီး ကုန်းပေါ်တက် အစာရှာဖေွစားသောက်ရာတွင် တစ်ကောင်တည်းသွားတတ်သည်။ အရွယ်ရောက်ချိန်မှာ (၃ ၁/၂) နှစ်ဖြစ်ပါသည်။ မိတ်လိုက်ချိန်မှာ တစ်နှစ်ပတ်လုံးမိတ်လိုက်သည်။ ရေထဲတွင်သာ မိတ်လိုက်သည်။ ကိုယ်ဝန်ဆောင်ကာလမှာ (၂၄၀) ရက်ဖြစ်ပြီး မွေးဖွားနှုန်းမှာ တစ်ကြိမ်တွင် လျှင် (၁)ကောင် သာမွေးသည်။ ရေထဲ၌သာ မွေးဖွားသည်။

date: 
Friday, August 23, 2019 - 13:45