တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) မျောက်လွှဲကျော်ပြကွက်တွင် မျောက်လွှဲကျော်ကလေးငယ် (၁) ကောင်ကိုပေါက်ဖွား

တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) မျောက်လွှဲကျော်ပြကွက်တွင် မျောက်လွှဲကျော် (မျက်ခုံး ဖြူ) (အထီး) (၂) ကောင်၊ အမ (၁) ကောင် မွေးမြူပြသထားရာ မျောက်လွှဲကျော် (အထီး) ပိစိ နှင့် (အမ) အိတုံ တို့မှ ၂၀-၆-၂၀၁၉ ရက်နေ့တွင် မျောက်လွှဲကျော် ကလေး ငယ် (၁) ကောင်ကို ပေါက်ဖွားခဲ့ပါသည်။ ကလေးငယ်အား အထီး ၊ အမ ခွဲခြား၍ မရသေးပါ ကြောင်းနှင့် မိခင်ရော ကလေးပါ ကျန်းမာလန်းဆန်းလျှက်ရှိပါသည်။
မျောက်လွှဲကျော်များသည် နို့တိုက်သတ္တဝါဖြစ်ပြီး မြန်မာနိုင်ငံမြောက်ပိုင်း အမြဲစိမ်းသစ် တောများ၊ ရခိုင်ရိုးမ သစ်တောများနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းသစ်တောများတွင် တွေ့ရှိရပါ သည်။ မျောက်လွှဲကျော်များထိန်းသိမ်းမှု အဆင့်သတ်မှတ်ချက်မှာ အပြည်ပြည်ဆိုင်ရာ သဘာဝနှင့် သဘာဝသယံဇာတများထိန်းသိမ်းရေးအဖွဲ့ (IUCN) မှ မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်အဖြစ် သတ်မှတ်ပြီး၊ မျိုးဆက်ပျက်သုဉ်းလုဆဲ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ကွန်ဗင်းရှင်း (CITES) နောက်ဆက်တွဲစာရင်း(၁) အနေဖြင့် ထိန်းသိမ်းထားပါသည်။ ခန္ဓာကိုယ်အလေးချိန်နှင့် အရွယ်အစားမှာ ဉီးခေါင်း မှ ခန္ဓာကိုယ်သည် (၂၃-၂၅) လက်မရှည်ပြီး အမြီးမရှိပေ၊ (၉-၁၆) ပေါင်ရှိပါသည်။ ပြင်ပ လက္ခဏာများအနေဖြင့် အထီးများသည် အနက်ရောင်ရှိပြီး၊ အမများသည် မီးခိုးရောင်ဖျော့ဖျော့ရှိကြသည်။ ၄င်းတို့၏ မျက်ခုံးသည် အဖြူရောင်ရှိသည်။ မျောက်လွှဲကျော်များ၏ သက်တမ်းမှာ (၃၁) နှစ်ဖြစ်ပါသည်။ အလေ့အထနှင့် နေထိုင်ကျက်စား ပုံမှာ မျောက်လွှဲကျော်များသည် နေ့ဘက်ထွက်သတ္တဝါများဖြစ်ပြီး မိသားစုအုပ်စု ဖြင့် သွားလာကျက်စားကြသည်။ အပင်ပေါ်တွင် နေထိုင်ပြီး တစ်ပင်နှင့် တစ်ပင် လွှဲ၍ သွားလာကြသည်။ အုပ်စုလိုက် နယ်မြေပိုင်ဆိုင်မှုကို အော်သံဖြင့် အခြားအုပ်စုများကိုအသိပေးလေ့ရှိသည်။မျောက်လွှဲကျော်
များသည် ရွက်အုပ်ကောင်းပြီး အမြင့်ပေ (၃၀-၁၀၀) အထိ မြင့်သည့် သစ်ပင်ကြီးများတွင် နေထိုင်ပြီး၊ မြေပြင်ပေါ်သို့ ဆင်းသက်မှုနည်းသည်။ သစ်သီးမှည့်များကို နှစ်သက် စွာ စားသုံးသည့် အပြင် ရွက်နု၊ အညွှန့်၊ အပွင့်နှင့် အင်းဆက်များကိုလည်းစားသုံးကြသည်။ အရွယ်ရောက်ချိန်မှာ (၄-၆) နှစ်ဖြစ်ပါသည်။ မွေးဖွားနှုန်းမှာ တစ်ကြိမ်သားပေါက်လျှင် (၁)ကောင် သာမွေးသည်။ မွေးပြီး နို့မခွဲမှီ (၂) နှစ်ခန့်ထိ မိခင်၏ ဝမ်းဗိုက်ကို တွဲခို၍ လိုက်လေ့ရှိသည်။

date: 
Friday, August 23, 2019 - 14:00