ဆာဖာရီဥယျာဉ်(နေပြည်တော်) မြင်းကျားပြကွက်တွင် မြင်းကျား(အမ) (၁) ကောင်ပေါက်ဖွား

ဆာဖာရီဥယျာဉ် (နေပြည်တော်) မြင်းကျားပြကွက်တွင် မြင်းကျား (အထီး) (၂) ကောင်၊ အမ (၅) ကောင် ရှိသည့် အနက် မြင်းကျား (အထီး) ကျော်ကြီး နှင့် မြင်းကျား (အမ) ရတီတို့မှ ၅-၇-၂၀၁၉ ရက်နေ့တွင် မြင်းကျား (အမ) (၁) ကောင်ပေါက်ဖွား ခဲ့ပါသည်။ မိခင် မြင်းကျားနှင့် ကလေးငယ်တို့မှာ ကျန်းမာလန်းဆန်းလျှက်ရှိပါသည်။
မြင်းကျားကို အာဖရိကအရှေ့ပိုင်း ဆူဒန်မှ ဇင်ဘာဘွေနိုင်ငံ မြောက်ဖက်ပိုင်း မြက်ခင်း လွင်ပြင်ဒေသများတွင် တွေ့ရှိရပါသည်။ ခန္ဓာကိုယ်အတိုင်းအတာမှာ ပခုံးအမြင့် (၃.၅-၅) ပေ ၊ အလျား (၆-၈.၅) ပေ ရှိပြီး ခန္ဓာကိုယ်အလးချိန် (၄၄၀-၉၀၀) ပေါင်ရှိပါသည်။ သွင်ပြင် လက္ခဏာ အနေဖြင့် ခန္ဓာကိုယ်ပေါ်ရှိ အဖြူအစင်းကြားများကို စုတ်တံပြားကြီးနှင့် ဆေးခြယ်ထားသကဲ့သို့ တွေ့ရသည်။ ထိုအစင်းကြောင်းများသည် လူလက်ဗွေကဲ့သို့ပင် တစ်ကောင်နှင့် တစ်ကောင်မတူ ညီပါ ၊ မြင်းကျားများတွင် အပေါ်သို့ ထောင်တက်နေသော ဇောင်းမွှေးများပါရှိပြီး ခန္ဓာကိုယ်ရှိ အမွှေးများသည် နူးညံ့ပွယောင်းသည်.။ မွေးကင်းစ အကောင်ငယ်များသည် အဖြူနှင့် အညိုရောင် အစင်းများရှိသည်။ နေထိုင်မှုသဘာဝမှာ အုပ်စုဖွဲ့နေသော သတ္တဝါများဖြစ်သည်။ မိသားစုလိုက် လည်း တွေ့ရပြီး အထီး (၁) ကောင်၊ အမ (၁ ကောင်မှ ၆) ကောင်နှင့် သားပေါက်များပါဝင်ပါ သည်။ မတ်တပ်ရပ်အိပ်သော သတ္တဝါဖြစ်သည်။ အရွယ်ရောက်မြင်းကျားများသည် တစ်နာရီလျှင် (၃၅) မိုင်နှုန်းပြေးနိုင်ပါသည်။ ရန်သူနှင့် ရင်ဆိုင်တွေ့သောအခါ မြွေလိမ်မြွေကောက်ပုံစံတူ ပြေးလွှားတတ်သောကြောင့် ဖမ်းဆီးရန်မလွယ်ကူချေ၊ အစားအစာမှာ အဓိကအားဖြင့် အသီးအရွက်များကို စားသုံးသည်။ တစ်နေ့လျှင် (၂) ကြိမ် (သို့) (၃) ကြိမ်စားသည်။အရွယ်ရောက်ချိန်မှာ အမ (၃) နှစ် ၊ အထီး (၅-၆) နှစ် ဖြစ် ပါသည်။ ကိုယ်ဝန်ဆောင်ကာလမှာ (၁၂-၁၃)လ ဖြစ်ပြီး မွေးဖွားချိန်မှာ တစ်ကြိမ်မွေးလျှင် တစ် ကောင်သာမွေးသည်။ သက်တမ်းမှာ (၂၁-၂၅) နှစ်ဖြစ်ပါသည်။ ထိန်းသိမ်းမှု အဆင့်မှတ်ချက်အနေဖြင့် မျိုးပြုန်းမှု အန္တရာယ်နည်းသေးသည့် သတ္တဝါဖြစ်သည်။ နေရင်းဒေသများဆုံးရှုံးလာခြင်း၊ သားရေနှင့် အသားအတွက် အမဲလိုက်ခံရခြင်းတို့ကြောင့် မြင်းကျား အကောင် အရေအတွက် လျော့နည်းလာသည်။

date: 
Friday, August 23, 2019 - 14:00