အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်း တပ်ဆင်ထားသော ဆယ်လူလာဖုန်းစနစ်ဖြင့် စောင့်ကြည့်ကင်မရာမှတ်တမ်း (Cellular Trailcam)မှ ဓါတ်ပုံသတင်း ပေးပို့မှုကြောင့်တရားမဝင်ပိတောက်ခွဲသားသယ်ဆောင်သူများအားဖမ်းဆီးရမိ

အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်း တရားမဝင်သစ်ခိုးထုတ်မှုအား အချိန်မီ တာဆီးကာကွယ်နိုင်ရန် နှင့် ဖမ်းဆီးအရေးယူနိုင်ရန်အတွက် (Global Conservation) အဖွဲ့မှ ပေးအပ်ထားသည့် ခေတ်မီနည်းပညာများ အသုံးပြုထားသော ဆယ်လူလာဖုန်းစနစ်ဖြင့် စောင့်ကြည့်ကင်မရာမှတ်တမ်း (Cellular Trailcam) (၇) လုံးအား ၁၉-၅-၂၀၁၉ ရက်နေ့မှစတင် တပ်ဆင်၍စောင့်ကြည့်အရေးယူခြင်းကိုဆောင်ရွက်လျက် ရှိပါသည်။
အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်း တပ်ဆင်ထားသော ဆယ်လူလာ ဖုန်းစနစ်ဖြင့်စောင့်ကြည့်ကင်မရာမှတ်တမ်း (Cellular Trailcam) မှ (၂၈-၈-၂၀၁၉) ရက်နေ့ (၁၇ : ၅၃) နာရီအချိန်တွင် ကျွဲရှဉ်းများဖြင့် သစ်ခိုးထုတ်ယူ သယ်ဆောင်နေသည့် ဓါတ်ပုံမှတ်တမ်း ပေးပို့ လာပါသည်။ ထို ဓါတ်ပုံသတင်းလက်ခံရရှိပြီး နောက် တုန်းခေါင်းကင်းစခန်း တာဝန်ကျအဖွဲ့မှ တောအုပ်ဦးဝင်းအောင် ဦးဆောင်သော ထိန်းသိမ်းရေး ဝန်ထမ်းများအား စစ်ဆေးဆောင် ရွက်စေခဲ့ရာ (၂၈-၈-၂၀၁၉) ရက်နေ့ ( ၁၈ : ၃၂ ) နာရီအချိန်တွင် တုံးခေါင်းကင်းစခန်း၏ တောင်ဘက် (၂) မိုင်ခန့်အကွာ နေရာမှ ပိတောက်ခွဲသားများအား တရားမဝင်သယ်ဆောင်လာသူ ဦးသံဒိုင်(၅၇)နှစ် (ဘ) ဦးရသောင်၊ မောင်မိုးထက်အောင် (၁၇) နှစ် (ဘ) ဦးဝင်းဇော်ဦး တရားခံ (၂) ဦးနှင့်အတူ ပိတောက်ခွဲသား (၂) ချောင်း ( ၀.၂၀၇၄) တန်၊ ကျွဲအထီး (၄) ကောင်၊ ထမ်းပိုးတုံး (၂) တုံးနှင့် မနီလာကြိုး (၂) ချောင်း တို့အား ဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိသည့် ကျွဲအထီး (၄) ကောင်၊ ထမ်းပိုးတုံး (၂) တုံးနှင့် မနီလာကြိုး (၂) ချောင်း တို့အား ကနီမြို့မရဲစခန်းသို့ အပ်နှံပြီး၊ ပိတောက်ခွဲသား (၂) ချောင်း အား ကနီမြို့နယ်၊ သစ်တော ဦးစီးဌာန၊ သင်္ကန်ဘိနယ် သစ်တောစခန်းတွင် အပ်နှံထားရှိပြီး၊ တရားခံ (၂) ဦးအား ဇီဝမျိုးစုံမျိုးကွဲ နှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ - ၄၀(ဂ) ဖြင့် ကနီမြို့မရဲစခန်း၌ အမှုဖွင့် တိုင်ကြားထားပြီး ရဲစခန်းမှ အမှုအမှတ် (ပ)၂၅၄/၂၀၁၉ ဖြင့် အမှုလက်ခံ ဆောင်ရွက်လျက် ရှိပါသည်။
ယခုဖြစ်စဉ်အပါအဝင် စုစုပေါင်းအမှု (၄) မှု အရေးယူနိုင်ခဲ့ပြီးဖြစ်ကာ တရားခံ(၁၄) ဦးနှင့်အတူ နွား (၃၆)ကောင်၊ ကျွဲ(၄) ကောင်၊ ပိတောက်ခွဲသား (၂၄) ချောင်း (၂.၄၆၄၄) တန်၊ ထမ်းပိုး တုံး (၁၉) တုံး နှင့် မနီလာသစ်ဆွဲကြိုး (၁၄) ချောင်း တို့အားလည်း ဖမ်းဆီးအရေးယူနိုင်ခဲ့ပါသည်။

date: 
Thursday, September 5, 2019 - 15:30