အမျိုးသားအဆင့်ဘူမိဥယျာဉ်ဆိုင်ရာကော်မတီပထမအကြိမ်အစည်းအဝေးကျင်းပ

အမျိုးသားအဆင့် ဘူမိဥယျာဉ်ဆိုင်ရာ ကော်မတီ ပထမအကြိမ် အစည်းအဝေးအား ၁၈-၉-၂၀၁၉ ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၊ နေပြည်တော်၌ ကျင်းပပြုလုပ်ရာ အမျိုးသားအဆင့် ဘူမိဥယျာဉ်ဆိုင်ရာ ကော်မတီ ဥက္ကဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။
အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ် များပေါကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နောက်မျိုးဆက်သစ်များအတွက် လက်ဆင့်ကမ်း ပေးနိုင်ရေး ဦးစားပေးလုပ်ငန်းတစ်ခုအနေဖြင့် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် သဘာဝသယံဇာတများအား ရေရှည် တည်တံ့စေရန် ထိန်းသိမ်းကာကွယ်၊ စီမံအုပ်ချုပ်၊ စနစ်တကျ အသုံးပြုခြင်းတို့ကို ဆောင်ရွက် လျက်ရှိကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ဂေဟစနစ်များနှင့် ထူးခြားသည့် ဘူမိသွင်ပြင်များကို သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ပြီး ကာကွယ်ထိန်းသိမ်းထားပါကြောင်း၊ အာဆီယံ ဒေသအဆင့်တွင် သတ်မှတ်သည့် အာဆီယံအမွေအနှစ်ဥယျာဉ် (ASEAN Heritage Park)၊ ကမ္ဘာ့ အဆင့်တွင် သတ်မှတ်သည့် ကမ္ဘာ့အမွေအနှစ် (World Heritage)၊ ရမ်ဆာရေဝပ်ဒေသ (Ramsar Site)၊ လူသားနှင့် ဇီဝအဝန်းနယ်မြေ (Man and Biosphere Reserve) စသည့် နိုင်ငံတကာနှင့် ဒေသအဆင့် အသိအမှတ်ပြု ထိန်းသိမ်းရေးနယ်မြေများ သတ်မှတ်ခံရရန် ကြိုးပမ်းနေပါကြောင်း၊
ယနေ့တွင် နောက်ထပ် နိုင်ငံတကာအသိအမှတ်ပြု ထိန်းသိမ်းကာကွယ်ရေးနယ်မြေ အမျိုး အစားတစ်ခုဖြစ်သည့် ကမ္ဘာ့ဘူမိဥယျာဉ် (Global Geopark) သတ်မှတ်ခံရရေးအတွက် ဆောင် ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ဘူမိဥယျာဉ် (Global Geopark) အစီအစဉ်သည်ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (United Nations Educational, Scientific and Cultural Organization - UNESCO)၏ ဖွံ့ဖြိုးရေး နှင့်ထိန်းသိမ်းရေးကို ဆောင် ရွက်နေသည့် အစီအစဉ်တစ်ခုဖြစ်ပြီး၊ မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း၏ လေ့လာမှုအရ မြန်မာနိုင်ငံ တွင် Global Geopark အဖြစ် သတ်မှတ်ခံရရန် အလားအလာရှိသည့် နေရာအများအပြားရှိသည် ဟု သိရှိရပါကြောင်း၊
UNESCO သည် ကမ္ဘာ့ဘူမိဥယျာဉ်အစီအစဉ်ကို ၂၀၀၁ ခုနှစ်တွင် စတင်ခဲ့ပြီး လက်ရှိမှာ (၄၁) နိုင်ငံတွင် ကမ္ဘာ့ဘူမိဥယျာဉ် (၁၄၇) ခု ရှိကြောင်း၊ တရုတ်နိုင်ငံမှာဆိုလျှင် ကမ္ဘာ့ဘူမိဥယျာဉ် (၃၉)ခု၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် မလေးရှားနိုင်ငံများတွင်လည်း ကမ္ဘာ့ဘူမိ ဥယျာဉ်များ ရှိပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ် သတ်မှတ်ခံရရန် အလားအလာကောင်း များပိုင်ဆိုင်သည့် နေရာအများအပြားရှိသည့့်အနက် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း၏ လေ့လာမှုအရ ပုပ္ပါးတောင်ဒေသသည် အလားအလာအကောင်းဆုံးဖြစ်ကြောင်းနှင့် ယင်းဒေသတွင် ထူးခြားသည့် ကျောက်ဖြစ်ရုပ်ကြွင်းများ၊ ပုဂံခေတ် သံရည်ကြိုမီးဖိုများ၊ ထူးခြားသည့် ဇီဝမျိုးစုံမျိုးကွဲများနှင့် အစွယ်(၂)ထပ် ဆင်၏ကျောက်ဖြစ် ရုပ်ကြွင်းမေးရိုးများရှိကြောင်း၊ အာဆီယံအမွေအနှစ်ဥယျာဉ်၊ ကမ္ဘာ့အမွေအနှစ်၊ ရမ်ဆာရေဝပ်ဒေသနှင့် လူသားနှင့်ဇီဝအဝန်းနယ်မြေများသည် ပုံမှန်အားဖြင့် ဝန်ကြီးဌာနအောက်တွင်ရှိ စီမံခန့်ခွဲပိုင်ခွင့်ရှိသော သစ်တောနယ်မြေတွင် သစ်တောဦးစီးဌာနမှ အဓိကဆောင်ရွက်လျက်ရှိကြောင်း၊ ဘူမိဥယျာဉ်အခြေအနေများသည် ကွဲပြားသည့် စီမံခန့်ခွဲမှုများ ပါဝင်သည့် သဘောသဘာဝရှိသည့်အတွက် ဝန်ကြီးဌာနတစ်ခုတည်း ဆောင်ရွွက်၍မရဘဲ ဆက်စပ် သည့် ဌာနအဖွဲ့အစည်းအားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊
၂၀၁၈ ခုနှစ်၊ ဇွန်လတွင် The first Seminar and Workshop on Geopark: Mount Popa Geopark စာတမ်းဖတ်ပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲကို သစ်တောဦးစီးဌာန၊ မြန်မာနိုင်ငံ ဘူမိသိပ္ပံ အသင်း၊ ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာနနှင့် ဘူမိဗေဒလေ့လာရေးနှင့် ဓါတ်သတ္တု ရှာဖွေရေးဦးစီး ဌာနတို့ ပူးပေါင်းပြီး ပုပ္ပါးတောင်ဥယျာဉ်တွင် ကျင်းပခဲ့ပါကြောင်း၊
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၁)ရက်နေ့ ပုပ္ပါးဒေသသို့သွား ရောက်ခဲ့သည့် ခရီးစဉ်တွင် ကမ္ဘာ့ဘူမိဥယျာဉ်သတ်မှတ်ခံရရေး မြန်မာနိုင်ငံဘူမိသိပ္ပံ အသင်းက ဆောင်ရွက်နေမှုကို တင်ပြခဲ့ပါကြောင်း။ ဒုတိယသမ္မတ(၁) ဦးဆောင်သည့် အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီတွင်လည်း တင်ပြခဲ့ပါ ကြောင်း၊ သစ်တောဦးစီးဌာနအောက်တွင်ရှိသည့် ပုပ္ပါးတောင်ဥယျာဉ် ဝန်ထမ်းများအား မြန်မာ နိုင်ငံဘူမိသိပ္ပံအသင်း၏ ကွင်းဆင်းဆောင်ရွက်မှုများမှာ ပူးပေါင်းပါဝင်စေခဲ့ပါကြောင်း၊
ကမ္ဘာ့ဘူမိဥယျာဉ် (Global Geopark) သည် ကျယ်ပြန့်သည့် နယ်မြေတစ်ခုကို လွှမ်းခြုံပြီး ထိန်းသိမ်းကာကွယ်မှု၊ သိမြင် နိုးကြားလာစေမှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုစသည့် ဒေါက်တိုင်(၃)ခုအပေါ် အခြေခံ‌ရသောကြောင့် နယ်မြေစီမံခန့်ခွဲရေး၊ ပညာရပ်နှင့်သုတေသနဆိုင်ရာ ဌာနအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုဖြင့် အောင်မြင်မှုပန်းတိုင်သို့ ရောက်ရှိနိုင်ကြောင်း၊ ယခုကဲ့သို့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့မှ သက်ဆိုင်ရာဝန်ကြီးဌာန များပါဝင်သော အမျိုးသားဆင့် ဘူမိဥယျာဉ်ဆိုင်ရာကော်မတီကို ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့ဘူမိဥယျာဉ် (Global Geopark) သတ်မှတ်ခံရရေးနှင့် သတ်မှတ်ခံရပြီးနောက် စီမံခန့်ခွဲရေး ဆောင်ရွက်နိုင်ရန် ဌာနအဖွဲ့အစည်းများ စုံလင်စွာပါဝင်သော ဘူမိဥယျာဉ် (Geopark)ဆိုင်ရာ လုပ်ငန်းကော်မတီကိုလည်း ဖွဲ့စည်းသွားမည်ဖြစ်ပြီး လုပ်ငန်းကော်မတီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ ဦးဆောင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊
အခမ်းအနားသို့ အမျိုးသားအဆင့်ဘူမိဥယျာဉ်ဆိုင်ရာ ကော်မတီဝင်များ တက်ရောက်ကြပြီး တက်ရောက်လာကြသူများမှ မြန်မာနိုင်ငံတွင် ပထမဦးဆုံး ကမ္ဘာ့ဘူမိဥယျာဉ် (Global Geopark) သတ်မှတ်ခံရနိုင်နိုင်ရေးနှင့် ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးကြပါသည်။

date: 
Wednesday, September 18, 2019 - 16:15