ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအား အာဆီယံအမွေအနှစ်ဥယျာဉ် (ASEAN Heritage Park-AHP) အဖြစ် အတည်ပြုသတ်မှတ် အသိမှတ်ပြုလွှာပေးအပ်

(၆)ကြိမ်မြောက် အာဆီယံအမွေအနှစ်ဥယျာဉ်များ ညီလာခံကို လာအိုနိုင်ငံ၊ Pakse မြို့ တွင် အောက်တိုဘာလ(၂၁)ရက်နေ့မှ (၂၄)ရက်နေ့အထိကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံမှ သဘာဝ ထိန်းသိမ်းရေးနယ်မြေတစ်ခုဖြစ်သော ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို အာဆီယံအမွေ အနှစ်ဥယျာဉ်အဖြစ် သတ်မှတ်အတည်ပြုခဲ့ကြောင်း သိရပါသည်။
အာဆီယံဒေသအတွင်းရှိ သဘာဝထိန်းသိမ်းရေးနယ်မြေများ စီမံအုပ်ချုပ်မှု၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းမှုဆိုင်ရာတို့တွင် ဒေသအတွင်း ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရန်အတွက် အာဆီ ယံဒေသအတွင်း ဂေဟစနစ်၊ ဇီဝမျိုးစုံမျိုးကွဲ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းအစဉ်အလာများ ထူးခြားစွာတည်ရှိသော သဘာဝထိန်းသိမ်းရေးနယ်မြေများကို အာဆီယံအမွေအနှစ်ဥယျာဉ်များ (ASEAN Heritage Parks-AHPs) အဖြစ် သတ်မှတ်ထိန်းသိမ်းလျက်ရှိပါသည်။
မြန်မာနိုင်ငံတွင် သဘာဝထိန်းသိမ်းရေးနယ်မြေ(၄၄)ခုတည်ထောင်ထားပြီး၊ ယင်းတို့အနက် ခါကာဘိုရာဇီအမျိုးသားဥယျာဉ်၊ အင်းတော်ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ အလောင်းတော် ကဿပအမျိုးသားဥယျာဉ်၊ အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ မိန်းမလှကျွန်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောနှင့် လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်တို့အား ၂၀၀၃ ခုနှစ်တွင် လည်းကောင်း၊ နတ်မတောင်အမျိုးသားဥယျာဉ်အား ၂၀၁၂ ခုနှစ်တွင်လည်းကောင်း၊ အာဆီယံအမွေအနှစ်ဥယျာဉ် များအဖြစ် သတ်မှတ်ခံခဲ့ပြီးဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် အာဆီယံအမွေအနှစ်ဥယျာဉ်များ ထပ်မံသတ်မှတ်ခံရရေး ကြိုးပမ်းသည့် အနေဖြင့် AHP စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိသော ထူးခြားထင်ရှားသည့် ဝိသေသလက္ခဏာ များတည်ရှိရာ ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွက် အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ် အမည်စာရင်း အဆိုပြုလွှာ (Nomination Document) ကို အာဆီယံဇီဝမျိုးစုံမျိုးကွဲဗဟိုဌာန (ASEAN Centre for Biodiversity-ACB) သို့ ၂၀၁၈ ခုနှစ်တွင် တင်သွင်းခဲ့ပါသည်။
ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် ဂေဟဗေဒဆိုင်ရာ ကောင်းမွန်သောနေရာ တစ်ခုဖြစ်ခြင်း၊ တိုင်းရင်းသားများ၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ တည်ရှိရာ နေရာဖြစ်ခြင်း၊ တောဆင်ရိုင်း၊ ကျား၊ အင်းကျား၊ ဝက်ဝံနက်၊ သင်းခွေချပ် စသည့် ရှားပါးတောရိုင်းတိရစ္ဆာန်နှင့် အပင်မျိုးစိတ်များ ကျက်စားပေါက်ရောက်လျက်ရှိခြင်း၊ ၁၉၇၄ ခုနှစ်မှစတင်၍ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအဖြစ် တည်ထောင်ခဲ့ပြီး ဝန်ထမ်းများခန့်အပ်၍ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင် ရွက်လျက်ရှိခြင်း၊ အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်(မူကြမ်း)ကို ရေးဆွဲလျက်ရှိခြင်း စသည်တို့မှာ ထမံ သီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအား အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ် အမည်စာရင်း အဆိုပြု နိုင်ခဲ့သည့် အချက်များဖြစ်ပါသည်။
ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအား AHP အဖြစ် အမည်စာရင်း အဆိုပြုလွှာအပေါ် ACB မှ Desk Review ပြုလုပ်ခဲ့ပြီး၊ AHP စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု ရှိ၊ မရှိ အကဲဖြတ် ဆန်းစစ် ခြင်းကို ကျွမ်းကျင်ပညာရှင်အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဘေးမဲ့တောသို့ လာရောက် ၍ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
၂၀၁၉ ခုနှစ်၊ မေလ (၈-၁၀) ရက်နေ့တို့တွင် လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့၌ ကျင်းပသည့် “အာဆီယံ သဘာဝဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများလုပ်ငန်းအဖွဲ့ (ASEAN Working Group on Nature and Conservation of Biodiversity-AWGNCB) ၏ (၂၉) ကြိမ်မြောက် အစည်းအဝေး” တွင် မြန်မာနိုင်ငံမှ ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအား အာဆီယံအမွေအနှစ်ဥယျာဉ် (AHP) အဖြစ် အဆိုပြုတင်ပြခဲ့မှုအပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ထောက်ခံခဲ့ကြပါသည်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၇−၈) ရက်နေ့တို့တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့၌ ကျင်းပသည့် “(၁၅)ကြိမ်မြောက် အာဆီယံ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး (15th ASEAN Ministerial Meeting on Environment-15th AMME)” မှ ထမံသီတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောအား အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ် အတည်ပြုသတ်မှတ်ခဲ့ပါသည်။
15th AMME အစည်းအဝေးတွင် အာဆီယံအမွေအနှစ်ဥယျာဉ် (၅) ခု (ထိုင်း (၂) ခု၊ ဗီယက် နမ် (၂) ခု နှင့် မြန်မာ (၁) ခု-ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော) ကို အတည်ပြု သတ်မှတ်ခဲ့ သည့်အတွက် လက်ရှိတွင် အာဆီယံအမွေအနှစ်ဥယျာဉ် (၄၉) ခု ရှိလာပြီဖြစ်ပါကြောင်း၊ အဆိုပါ အာဆီယံအမွေအနှစ်ဥယျာဉ်များမှာ − ဘရူနိုင်း (၁) ခု၊ လာအို (၁) ခု၊ ကမ္ဘောဒီးယား (၂) ခု၊ စင်္ကာပူ (၂) ခု၊ မလေးရှား (၃) ခု၊ ထိုင်း (၆) ခု၊ အင်ဒိုနီးရှား (၇) ခု၊ မြန်မာ (၈) ခု၊ ဖိလစ်ပိုင် (၉) ခု၊ နှင့် ဗီယက်နမ် (၁၀) ခု တို့ ဖြစ်ပါသည်။
အာဆီယံအမွေအနှစ်ဥယျာဉ်များ ညီလာခံအား ၂၀၀၄ ခုနှစ်မှစ၍ (၃) နှစ်တစ်ကြိမ် ကျင်းပ လျက်ရှိရာ ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက်နေ့မှ (၂၄) ရက်နေ့အထိ လာအိုနိုင်ငံ၊ Pakse မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၆) ကြိမ်မြောက် အာဆီယံအမွေအနှစ်ဥယျာဉ်များ ညီလာခံတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များအပါအဝင် စုစုပေါင်း (၃၀၆)ဦး တက်ရောက်ခဲ့ကြ ပြီး…အပိုင်း(၁) အာအိချီ ရည်မှန်းချက်(၁၁)ဖြစ်သည့် အရှေ့နှင့် အရှေ့တောင်နိုင်ငံများတွင် ပြည့်ဝ စွာဆောင်ရွက်ရန်၊ အပိုင်း(၂) အာအိချီရည်မှန်းချက်(၁၂)ဖြစ်သည့် မျိုးစိတ်နှင့် တောရိုင်းတိရစ္ဆာန် များထိန်းသိမ်းရေး၊ အပိုင်း(၃) ရန်ပုံငွေများ ဆန်းစစ်ခြင်း၊ အပိုင်း(၄)စီးပွားရေးနှင့် ဇီဝမျိုးစုံမျိုးကွဲ အပိုင်း(၅) အမျိုးသမီး၊ လူငယ်၊ ဌာနေတိုင်းရင်းသားနှင့်ဒေသခံပြည်သူ၊ အပိုင်း(၆) ရေရှည်တည်တံ့ သော အသက်မွေးဝမ်းကြောင်းမှုများနှင့် ဇီဝမျိုးစုံမျိုးကွဲ အခြေပြုထုတ်ကုန်များ ထုတ်လုပ်ခြင်း၊ အပိုင်း(၇) ရာသီဥတုပြောင်းလဲမှုကို လျော့ကျစေရန်အတွက် သဘာဝထိန်းသိမ်းရေးနယ်မြေများ ထိန်းသိမ်းခြင်းတို့အား ဆွေးနွေးခဲ့ကြပါကြောင်း၊ အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံမှ ထမံသီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအပါအဝင် ၂၀၁၉ ခုနှစ်အတွင်း အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည့် နိုင်ငံများအား အသိအမှတ်ပြု မှတ်တမ်းလွှာများပေးအပ်ခဲ့ပါသည်။
မြန်မာနိုင်ငံမှ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် ထမံသီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအုပ်ချုပ်ရေးမှူးနှင့် ဒေသခံတိုင်းရင်းသားကိုယ်စားလှယ်(၁)ဦးတို့မှ လက်ခံရယူခဲ့ပါသည်။
မြန်မာနိုင်ငံတွင် ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအပါအဝင် အာဆီယံအမွေအနှစ် ဥယျာဉ် စုစုပေါင်း(၈)ခုအထိ တိုးမြှင့်သတ်မှတ်နိုင်ခဲ့ပြီဖြစ်ပြီး၊ အာဆီယံဒေသတွင်းအဆင့် ဇီဝမျိုးစုံ မျိုးကွဲများ ထိန်းသိမ်းရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုတွင် ပိုမိုအားဖြည့် ဆောင်ရွက်နိုင်မည် ဖြစ်ခြင်း၊ အာဆီယံအမွေအနှစ်ဥယျာဉ် ထိန်းသိမ်းရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ပေး နိုင်မည့်အခွင့်အလမ်းများ ပိုမိုရရှိနိုင်မည်ဖြစ်သဖြင့် လူ့စွမ်းအားအရင်း အမြစ်နှင့်ရေရှည် ဖွံ့ဖြိုးတိုး တက်စေရေးလုပ်ငန်းစဉ်များအား အထောက်အကူပြုခြင်း၊ ဒေသအဆင့် အာဆီယံအမွေအနှစ် ဥယျာဉ်များ ကွန်ယက်ထိန်းသိမ်းရေးနှင့် စီမံအုပ်ချုပ်မှုမြှင့်တင်နိုင်မည်ဖြစ်ခြင်း အစရှိသည့် အကျိုး ကျေးဇူးများကို ရရှိစေမည်ဖြစ်ပါသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များအပါအဝင် စုစုပေါင်း(၃၀၆)ဦး တက်ရောက် ခဲ့ကြပါသည်။

date: 
Thursday, October 24, 2019 - 14:45