တောမီးကာကွယ်ခြင်းနှင့် ငြှိမ်းသတ်ခြင်းသင်တန်းအမှတ်စဉ်(၁)ဖွင့်ပွဲအခမ်းအနားကျင်းပ

တောမီးကာကွယ်ခြင်းနှင့်ငြှိမ်းသတ်ခြင်း သင်တန်းအမှတ်စဉ် (၁) ဖွင့်ပွဲအခမ်းအနားအား ၂၉-၁၀-၂၀၁၉ ရက်နေ့၊ နံနက် (၀၈ : ၃၀) နာရီတွင် သစ်တောသုတေသနဌာန၊ ရေဆင်း၌ ကျင်းပ ပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ) ဦးဇော်မင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။
အမှာစကားပြောကြားရာတွင် ယနေ့အချိန်အခါတွင် ကမ္ဘာတဝှမ်းတွင် မိုးခေါင်ခြင်း၊ မိုးကြီး ခြင်း၊ မီးလောင်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ငလျင်လှုပ်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်းစသည့် သဘာဝဆိုးကျိုးများ ဖြစ်ပေါ်လျက်ရှိရာ တောမီးလောင်ကျွမ်းခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားလေ့ရှိသော တောမီးလောင်ကျွမ်းခြင်းကြောင့် သစ်တောမြေများ အဆင့်အတန်းနိမ့်ကျစေကြောင်း၊ သစ်တောကြီးထွားဖွံ့ဖြိုးမှုအား ထိခိုက်စေပြီး စီးပွားရေးအရ ဆုံးရှုံးမှုဖြစ်ပေါ်စေကြောင်း၊ မီးလောင်မှုမှ မီးခိုးပြာ၊ မြူငွေ့များကြောင့် မြေထု၊ လေထုကို ညစ်ညမ်း စေကြောင်း၊ သစ်တောမြေပေါ်တွင်လည်း နှစ်သန်းနှင့်ချီ၍ ဖြစ်ပေါ်လာသော သစ်တောမြေဆွေး များကိုလည်း ဆုံးရှုံးစေကြောင်း၊ တောမီးလောင်ကျွမ်းမှုကြောင့် ဇီဝမျိုးစုံမျိုးကွဲများ မျိုးတုံးပျောက် ကွယ်ခြင်း၊ အစားအစာနှင့် သောက်သုံးရေရှားပါးလာကြောင်း၊
မကြာသေးမီက အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားနှင့် ဘရာဇီးနိုင်ငံ အမေဇုန်သစ်တော များ တောမီးလောင်ကျွမ်းခြင်းကြောင့် လူ့သားတို့၏ အသက်အိုးအိမ်၊ စည်းစိမ်၊ ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးမှုဖြစ်ပေါ်ရကြောင်း၊ မီးခိုးများဖြစ်ပေါ်ခြင်းကြောင့် အခြားနိုင်ငံများတွင်လည်း လေထုညစ် ညမ်းမှုများ ဖြစ်ပေါ်ရကြောင်း၊ သစ်တောမီးလောင်ကျွမ်းခြင်းမှ ဖြစ်ပေါ်သော မီးခိုးမြူငွေ့များသည် မိမိတို့နိုင်ငံတွင်သာမက အခြားနိုင်ငံများသို့လည်း နယ်စပ်ဖြတ်ကျော် ရောက်ရှိသည့်အတွက် မီးခိုး မြူငွေ့ညစ်ညမ်းမှုဆိုင်ရာ ပြဿနာများ ရင်ဆိုင်ကြုံတွေ့ရလျက်ရှိကြောင်း၊
အရှေ့တောင်အာရှဒေသနှင့် မဲခေါင်းဒေသတွင်း နိုင်ငံများမှာလည်း စဉ်ဆက်မပြတ် သစ် ဆွေးမြေ စီမံအုပ်ချုပ်ခြင်းစီမံကိန်းနှင့် မီးခိုးမြူငေွ့ညစ်ညမ်းမှုထိန်းချုပ်ရေးတို့အတွက် စည်းလုံး ညီညွတ်စွာ အတူလက်တွဲ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် အပြန်အလှန် နားလည်မှုယူဆောင်ရွက် လျက်ရှိသည်ကို အသိပေးပြောကြားလိုကြောင်း၊ သစ်တောဦးစီးဌာနအနေနှင့် ယနေ့ဖွင့်လှစ််သည့် သင်တန်းသည် တောမီးနှင့်ပတ်သက်သည့် သစ်တောမီးဂေဟဗေဒစနစ်ကို နားလည်သဘော ပေါက်ပြီး သဘာဝတောနှင့်စိုက်ခင်းများတွင် တောမီးကာကွယ်သည့်နည်းစနစ်ကို သိရှိနားလည် စေရန်၊ မီးလောင်ကျွမ်းမှုများဖြစ်ပေါ်လာလျင်လည်း မီးငြှိမ်းသတ်သည့်နည်းကိုသိရှိပြီး စနစ်တကျ မီးငြှိမ်းသတ်နိုင်ရန်ရည်ရွယ်ချက်မျာဖြင့်သင်တန်းအားဖွင့်လှစ်ရခြင်းဖြစ်ကြောင်းပြောကြားပါသည်။
လက်တွေ့မီးငြှိမ်းသတ်ခြင်းကိုလည်း ကိုရီးယားနိုင်ငံမှ လှူဒါန်းထားသော မီးသတ်ကားများ အသုံးပြုပြီး မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ သင်ကြားပေးမှုအကူအညီရယူ၍ လက်တွေ့မီးငြှိမ်းသတ် ခြင်းကိုလည်း သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ သင်တန်းမှရရှိသော မီးမလောင်ခင် ကြိုတင် ကာကွယ်ခြင်းနည်းပညာများ၊ သင်တန်းတွင် မီးလောင်မှုမဖြစ်ပွားစေရေးတို့အတွက် မီးကာကွယ် ရေး/ မီးငြှိမ်းသတ်ခြင်း စီမံချက်များ အုပ်စုလိုက်ရေးဆွဲရန် ပို့ချမှုများလည်းပါဝင်ကြောင်း၊ တောမီး အန္တရာယ်ကြိုတင်သိရှိနိင်ရေး၊ မိမိတို့ဒေသတွင်လည်း မီးငြှိမ်းသတ်ခြင်း နည်းပညာများကိုလည်း ထပ်ဆင့်ပြန့်ပွားပေးနိုင်‌ရေးနှင့် ဒေသခံပြည်သူအခြေပြု တောမီးစီမံခန့်ခွဲမှု စသည်တို့ကို နားလည် သဘောပေါက်လာစေရန် သင်တန်းအား တက်တက်ကြွကြွ ဆည်းပူးလေ့လာသင်ယူကြပါရန် တိုက်တွန်းပြောကြားပါသည်။
သင်တန်းသို့ သင်တန်းသား (၃၀) ဦးတက်ရောက်ပြီး (၂၉-၁၀-၂၀၁၉) ရက်နေ့မှ (၁-၁၁-၂၀၁၉) ရက်နေ့ထိ (၄) ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ အခမ်းအနားသို့ သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးမှ ညွှန်ကြားရေးမှူးများ၊ အရာထမ်း/ အမှုထမ်းများ၊ သင်တန်း တာဝန်ရှိ ပုဂ္ဂိုလ်များ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းသားများ တက်ရောက်ကြပါသည်။

date: 
Tuesday, October 29, 2019 - 14:00