ဒေသခံပြည်သူအခြေပြု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းလမ်းများနှင့်မူဝါဒပိုင်းဆိုင်ရာဆွေးနွေးပွဲကျင်းပ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Global Environment Institute (GEI) နှင့် သားငှက်ထိန်း သိမ်းရေးအဖွွဲ့ (Wildlife Conservation Society-WCS) မြန်မာနိုင်ငံအစီအစဉ် တို့ ပူးပေါင်း၍ “ဒေသခံပြည်သူအခြေပြု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနည်းလမ်းများနှင့် မူဝါဒပိုင်းဆိုင်ရာ ဆွေးနွေးပွဲ (Community-Based Conservation Practices and Policies International Symposium)” ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၄−၅) ရက်နေ့တို့တွင် နေပြည်တော်ရှိ Aureum Palace ဟိုတယ်၌ ကျင်းပခဲ့ပါသည်။
ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော် နှင့် GEI ၏ အမှုဆောင်ဒါရိုက်တာ Ms. Jiaman Jin တို့က အဖွင့်အမှာစကားအသီးသီး ပြောကြားပါသည်။
မြန်မာနိုင်ငံရှိ ဒေသခံပြည်သူအခြေပြုသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံအဆင့်နှင့် နိုင်ငံတကာအဆင့် ဆက်စပ်ပတ်သက်သူ များ၏ နားလည်မှု မြှင့်တင်ရန်၊ တောရိုင်းတိရစ္ဆာန်များ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ခြင်းနှင့် ပတ်သက်၍ ဒေသခံအခြေပြုထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ နည်းလမ်းများကို တိုးမြှင့် အကောင် အထည်ဖော်ရန်နှင့် MBF ၏ မြန်မာနိုင်ငံအတွင်း ဒေသခံအခြေပြုထိန်းသိမ်းရေး လုပ်ငန်းများ အပေါ် ပံ့ပိုးနိုင်မှုအခြေအနေတို့အား ရှင်းလင်းတင်ပြရန်နှင့် မြန်မာနိုင်ငံရှိ ဒေသခံအခြေပြုထိန်း သိမ်းရေးဆိုင်ရာ မူဝါဒများ ရေးဆွဲခြင်းအပေါ် မြှင့်တင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ဆွေးနွေးပွဲ ကျင်းပခြင်းဖြစ်ပါသည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရှိ Indigenous Community Conserved Area (ICCA) စီမံကိန်း ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံရှိ ထိန်းသိမ်းရေး စီမံကိန်းများအကြောင်း၊ ဒေသခံအစုအဖွဲ့ သဘာဝထိန်းသိမ်းရေးနယ်မြေများနှင့် ဒေသခံပြည်သူများပါဝင်မှုဖြင့် တောရိုင်းတိရစ္ဆာန်များနှင့် ယင်းတို့၏ အစိတ်အပိုင်းများ တရားမဝင် ကူးသန်းရောင်းဝယ်မှုတိုက်ဖျက်ရေး ဆောင်ရွက်နေမှု အခြေအနေတို့နှင့်ပတ်သက်၍ တင်ပြဆွေးနွေးကြပါသည်။
အခမ်းအနားသို့ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး များ၊ Global Environment Institute (GEI) ၊ Wildlife Conservation Society (WCS) Myanmar Programနှင့် အစိုးရမဟုတ်သောပြည်တွင်း/ပြည်ပအဖွဲ့အစည်းများ(INGO/NGO)မှ ကိုယ်စားလှယ် များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။ အလုပ်ရုံ ဆွေးနွေးပွဲအား (၂)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
