မြန်မာနိုင်ငံ၏ဦးစားပေးဆောင်ရွက်ရမည့် သစ်တောဥပဒေစိုးမိုးမှု၊ စီမံအုပ်ချုပ်မှုနှင့် ကုန်သွယ်မှု ဆိုင်ရာ လုပ်ငန်းစဉ် Forest Law Enforcement, Governance and Trade ( FLEGT)နှင့် လမ်းပြမြေပုံရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

“မြန်မာနိုင်ငံ၏ ဦးစားပေးဆောင်ရွက်မည့် သစ်တောဥပဒေစိုးမိုးမှု၊ စီမံအုပ်ချုပ်မှုနှင့် ကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းစဉ် Forest Law Enforcement, Governance and Trade (FLEGT) များနှင့် လမ်းပြမြေပုံရေးဆွဲရေးအလုပ်ရုံဆွေးနွေးပွဲ”အား (၅-၁၁-၂၀၁၉)ရက်နေ့၊ နံနက် (၀၈:၃၀) နာရီတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားပါသည်။
အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ သစ်တောစီမံအုပ်ချုပ်မှုသည် ၁၈၅၀ ခုနှစ် လွန်မှစတင်၍ သိပ္ပံနည်းကျသစ်တောစီမံအုပ်ချုပ်မှုဖြင့် ဆောင်ရွက်ခဲ့ပြီး၊ ပဲခူးရိုးမဧရိယာတွင် အုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်းများ ကြိုးဝိုင်းအလိုက်ရေးဆွဲ ဆောင်ရွက်ခဲ့ပါကြောင်း၊ သစ်တောသယံ ဇာတများ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေးနှင့် စဉ်ဆက်မပြတ်ထုတ်ယူသုံးစွဲနိုင်ရေး၊ သစ်တော များမှ တိုက်ရိုက်နှင့်သွယ်ဝိုက်သော အကျိုးကျေးဇူးများကို အပြည့်အဝခံစားနိုင်ရေး၊ ဇီဝမျိုးစုံမျိုးကွဲ များထိန်းသိမ်းကာကွယ်ရေးနှင့် ဂေဟစနစ်ညီညွတ်မျှတစေရေးတို့အတွက် မြန်မာ့သစ်တောမူဝါဒ နှင့်အညီ အမျိုးသားသစ်တောကဏ္ဍပင်မစီမံကိန်း (၂၀၀၁-၂၀၀၂ မှ ၂၀၃၀-၂၀၃၁ ထိ)၊ သစ်တော ကဏ္ဍ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဘက်စုံစီမံကိန်း (၂၀၁၁-၂၀၁၂ မှ ၂၀၃၀-၂၀၃၁ထိ)၊ နိုင်ငံအဆင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက် (၂၀၁၅-၂၀၂၀)များအား ရေးဆွဲချမှတ် အကောင်အထည်ဖော်ဆောင်လျက်ရှိကြောင်း၊ သစ်တောအုပ်ချုပ်လုပ်ကိုင်မှု အခြေခံယူနစ်ဖြစ် သည့် သစ်တောခရိုင်အလိုက် သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်းများကို ၁၉၉၆-၉၇ ခုနှစ်မှ စတင်၍ (၁၀)နှစ်တစ်ကြိမ် ရေးဆွဲအကောင်အထည်ဖော်ခြင်းဆောင်ရွက်ခဲ့သည်မှာ ယခုအခါ သစ်တောစီမံအုပ်ချုပ် မှုယူနစ်(ခရိုင်) (၆၈)ခုအတွက် သစ်တောအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်းများကို (၂၀၁၆-၂၀၁၇ မှ ၂၀၂၅-၂၆ ထိ)ရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊
မြန်မာနိုင်ငံ၏သဘာဝသစ်တောများကို မြန်မာ့ရွေးချယ်ခြင်းစနစ် (Myanmar Selection System)ဟု လူသိများသော ရွေးချယ်ခုတ်လှဲခြင်းနှင့် မျိုးဆက်ခြင်းပေါင်းစပ်၍ စီမံအုပ်ချုပ်လျက် ရှိပါကြောင်း၊ မြန်မာ့ရွေးချယ်ခြင်းစနစ်တွင် နှစ်စဉ်တောထွက်ပမာဏသတ်မှတ်ခြင်း၊ ရွေးချယ်ခုတ် လှဲမည့် အပင်ရင်စို့လုံးပတ်အရွယ်အစားကိုသစ်မျိုးအလိုက် သတ်မှတ်ခြင်း၊ ခုတ်စဉ်နှင့် ခုတ်ကွက် များအရ ဧရိယာသတ်မှတ်ခြင်းတို့ပါဝင်ပါကြောင်း၊ အဆိုပါစနစ်တွင် ကျွန်းသင်းသတ်ခြင်း၊ သစ်မာ ပင်ထောင်ရိုက်မှတ်ခြင်း၊ ပင်ကျပ်နှုတ်ခြင်း၊ အနာဂတ်တောထွက်ပင်များအား ရေတွက်ခြင်း၊ အုပ်မိုး ကာဆိုင်းခုတ်လှဲခြင်း၊ နွယ်ဖြတ်ညောင်ပတ်လှဲခြင်း၊ သဘာဝတောတန်ဘိုးမြှင့် စိုက်ပျိုးခြင်း အစရှိ သည့် သဘာဝအလျောက်မျိုးဆက်မှု ပိုမိုကောင်းမွန်စေရန်ပြုစုခြင်း လုပ်ငန်းများ ဆောင်ရွက်ပေး လေ့ရှိပါကြောင်း၊
အကြောင်းအမျိုးမျိုးကြောင့်ထာဝစဉ်တည်တံ့စေသောသစ်တောစီမံအုပ်ချုပ်မှုစနစ်ကို အပြည့် အဝလိုက်နာကျင့်သုံး ဖော်ဆောင်နိုင်မှုမရှိခြင်း၊ သစ်ထုတ်ယူရာတွင်သတ်မှတ်စည်းကမ်းများနှင့် အညီစနစ်တကျထုတ်လုပ်မှုမရှိခြင်း၊ လုံခြုံရေးအကန့်အသတ်ရှိသော သစ်တောဧရိယာအား ထိန်း သိမ်းကာကွယ်နိုင်မှုမရှိခြင်း၊ အလွန်အကျွံသစ်ခုတ်လှဲထုတ်ယူခြင်း၊ တရားမဝင်သစ်ထုတ်လုပ်ခြင်း၊ ထင်း/မီးသွေးလောင်စာလိုအပ်ချက်မြင့်မားခြင်း၊ မြေအသုံးချမှုပြောင်းလဲခြင်းတို့ကြောင့် သစ်တော ပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစားလည်းကျဆင်းခြင်းများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊
မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် ၁၉၉၀-ခုနှစ်တွင်နိုင်ငံဧရိယာ၏ ၅၇.၉၇% ၊ ၂၀၀၀- ခုနှစ်တွင် ၅၁.၅၄% ၊ ၂၀၀၅-ခုနှစ်တွင် ၄၉.၂၅% ၊ ၂၀၁ဝ-ခုနှစ်တွင် ၄၆.၉၆% ၊ ၂၀၁၅-ခုနှစ်တွင် ကုလသဂ္ဂစိုက်ပျိုး‌ရေးနှင့်စားနပ်ရိက္ခာအဖွဲ့ FAO ၏ (FRA 2015) စာရင်းအရ နိုင်ငံဧရိယာ၏ (၄၂.၉၂%) ရှိပါကြောင်း၊ နှစ်စဉ်ပျမ်းမျှသစ်တောပြုန်းတီးမှုနှုန်းသည် ၂၀၀၅- ခုနှစ် မှ ၂၀၁၀ -ခုနှစ် အတွင်း နိုင်ငံဧရိယာ၏ (၁.၇၂)% ရှိပါကြောင်း၊
သို့ဖြစ်ပါ၍သစ်တောဥပဒေ(၁၉၉၂)အား နိုင်ငံ၏လက်ရှိအခြေအနေကိုက်ညီစေရန် ပြင်ဆင် ရေးဆွဲခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် အတည်ပြုပြဌာန်းနိုင်ခဲ့ပါကြောင်း၊ တောရိုင်းတိရစ္ဆာန်များနှင့် သဘာဝ အပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေများထိန်းသိမ်းရေးဥပဒေ(၁၉၉၄)အား အသစ်ပြန်လည် ရေးဆွဲပြီး ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝနယ်မြေများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ (၂၀၁၈)အဖြစ် ပြဌာန်းခဲ့ပါကြောင်း၊
မိမိတို့နိုင်ငံ၏ သစ်တောစီမံအုပ်ချုပ်ခြင်းနှင့်သစ်တောသယံဇာတများထိန်းသိမ်းကာကွယ် ခြင်းတို့တွင် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်စေရေးအတွက် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်(၁၉၉၅)အား ပြင်ဆင်ဆောင်ရွက်ခဲ့ပြီး သစ်တောဥပဒေ (၂၀၁၈) နှင့်အညီ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်(၂၀၁၉)အား ပြင်ဆင် ထုတ်ပြန်နိုင်ခဲ့ပါကြောင်း၊
ထို့ပြင် မြန်မာနိုင်ငံသစ်တောများပြန်လည်တည်ထောင်ရေးစီမံကိန်းကို ၂၀၁၇−၁၈ ခုနှစ်မှ ၂၀၂၆−၂၇ ခုနှစ်အထိ(၁၀)နှစ်စီမံကိန်းရေးဆွဲလျက် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝလုံခြုံစိတ်ချရရေး၊ သစ်တောသယံဇာတများရေရှည်တည်တံ့စေရေးနှင့် စဉ်ဆက်မပြတ် ညီညွတ်မျှတသော သစ်တော သယံဇာတများထုတ်ယူသုံးစွဲနိုင်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် ဥရောပသမဂ္ဂ အစီအစဉ်ဖြစ်သည့် သစ်တောဥပဒေစိုးမိုးမှု၊ စီမံအုပ်ချုပ်မှုနှင့်ကုန်သွယ်မှုဆိုင်ရာ ဆန္ဒအလျောက် မိတ်ဖက်အဖြစ်သဘောတူညီမှု(FLEGT VPA) လုပ်ငန်းစဉ်သည်လည်းထာဝစဉ်တည်တံ့စေသော သစ်တောစီမံအုပ်ချုပ်မှုစနစ် (Sustainable Forest Management–SFM) ပိုမိုတိုးတက် ကောင်းမွန် လာစေရန်အထောက်အပံ့ဖြစ်စေသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ပါဝင်ဆောင်ရွက်ရန် ဆုံးဖြတ် ခဲ့ပါကြောင်း၊
မြန်မာနိုင်ငံအနေဖြင့် EU FLEGT VPA လုပ်ငန်းစဉ်တွင် တရားမဝင်သစ်ထုတ်လုပ်မှုနှင့် ဆက်စပ်နေသည့် ကုန်သွယ်မှုကိုတိုက်ဖျက်ရန်၊ သစ်တောစီမံအုပ်ချုပ်မှုစနစ်အားကောင်းလာစေပြီး ရေရှည်တည်တံ့စေသော သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှု (Sustainable Forest Management) တစ်ရပ် ဖြစ်ထွန်းပေါ်ပေါက်လာစေရန်၊ မြန်မာနိုင်ငံမှသစ်များ ဥရောပသမဂ္ဂ (EU) သို့ FLEGT လိုင်စင်ဖြင့် တရားဝင်တင်ပို့ရန် ရည်ရွယ်ချက်(၃)ခုဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊
မြန်မာနိုင်ငံတွင် FLEGT လုပ်ငန်းများဆောင်ရွက်ရာ၌ မြန်မာနိုင်ငံ၏ ဦးစားပေး ဆောင်ရွက် ရမည့် FLEGT လုပ်ငန်းစဉ်များချမှတ်ရေး နှင့် လမ်းပြမြေပုံ(မူကြမ်း) ရေးဆွဲနိုင်ရေးအတွက် ယခုလို အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ ဦးစားပေး ဆောင်ရွက်ရမည့်FLEGT လုပ်ငန်းစဉ်များ၊ လမ်းပြမြေပုံ(မူကြမ်း) နှင့်ရှေ့ဆက်ဆောင် ရွက်ရမည့် FLEGT လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရလဒ်ကောင်းများအား ဆွေးနွေးဖော်ထုတ် သွားနိုင်မည်လို့ ယုံကြည်ပါကြောင်း၊
နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံနှင့် EUတို့အကြား ဆောင်ရွက်လျက်ရှိသည့် FLEGT VPA လုပ်ငန်းစဉ်သည်နှစ်နိုင်ငံအစိုးရအဖွဲ့အစည်းများ၊ အကျိုးဆက်စပ်ပတ်သက်သူများ၏ ပူးပေါင်း ပါဝင်ဆောင်ရွက်မှုများ၊ ပြည်တွင်း/ ပြည်ပမှ မိတ်ဖက်အဖွဲ့အစည်းများ၏ နည်းပညာ၊ ရန်ပုံငွေ၊ အတွေ့အကြုံ ကူညီပံ့ပိုးပေးမှုများနှင့်အတူ အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါ ကြောင်း ပြောကြားပါသည်။
အခမ်းအနားသို့ ဆက်စပ်ဌာနအဖွဲ့အစည်းအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင် ညွှန်ကြားရေးမှူးများနှင့် ကိုယ်စားလှယ်များ၊ အမျိုးသားအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် FLEGT သုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့ဝင်များ၊ ဥရောပသမဂ္ဂ EU Delegation to Myanmar Office ၊ (FAO) နှင့် European Forest Institute(EFI) တို့မှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။

date: 
Wednesday, November 6, 2019 - 13:15