သစ်တောနည်းဥပဒေ (မူကြမ်း)အပေါ် အကျိုးသက်ဆိုင်သူများ၏ ဖြည့်စွက်အကြံပြုချက် များအား ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ ဒုတိယအကြိမ် ကျွမ်းကျင်သူစကားဝိုင်းဆွေးနွေးပွဲကျင်းပ

သစ်တောနည်းဥပဒေ (မူကြမ်း)အပေါ် အကျိုးသက်ဆိုင်သူများ၏ ဖြည့်စွက်အကြံပြုချက် များအား ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ ဒုတိယအကြိမ် ကျွမ်းကျင်သူစကားဝိုင်းဆွေးနွေးပွဲအား ၁၄-၁၁-၂၀၁၉ ရက်နေ့၊ (၀၉:၀၀)နာရီတွင် ရန်ကုန်၊ Green Hill Hotel ၌ ကျင်းပပြုလုပ်ရာ သယံ ဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊သစ်တောဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက် အဖွင့်အမှာစကားပြောကြားပါသည်။
အမှာစကားပြောကြားရာတွင် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် သစ်တောနည်းဥပဒေ(မူကြမ်း)ကို အကျိုးသက်ဆိုင်သူများထံသို့ ချပြဆွေးနွေးခြင်း၊ အကြံဉာဏ် များရယူခြင်းဆိုင်ရာ အလုပ်ရုံ‌ဆွေးနွေးပွဲများကို သစ်တောဦးစီးဌာနက ဦးဆောင်ပြီး ပြည်တွင်း ပြည်ပအဖွဲ့အစည်းများ၏ နည်းပညာ၊ ရန်ပုံငွေပံ့ပိုးကူညီမှုများနှင့် အောင်မြင်စွာ ကျင်းပပြုလုပ် နိုင်ခဲ့သကဲ့သို့ ပထမအကြိမ် ကျွမ်းကျင်သူစကားဝိုင်းကိုလည်း ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းက နေပြည်တော်တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊
သစ်တောဦးစီးရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ သစ်တောဝန်ထမ်းများ၏ အလေးထားဆောင်ရွက်ခဲ့မှုကို အသိအမှတ်ပြုရမှာဖြစ်သကဲ့သို့ အဓိကနေရာက ပံ့ပိုးကူညီခဲ့သည့် မြေယာမဏ္ဏိုင်အဖွဲ့၏ အခန်းကဏ္ဏကိုလည်း ထည့်သွင်းအသိအမှတ်ပြုရမည်ဖြစ်ကြောင်း၊ မြေယာ မဏ္ဏိုင်အဖွဲ့ (Land Core Group)အနေဖြင့် ၂၀၁၅ခုနှစ် မြေယာအသုံးချမှု မူဝါဒရေးဆွဲချိန်ကနေ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းကာကွယ်ရေးနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ နည်းဥပဒေရေး ဆွဲခြင်းအပြင် ခိုင်မာသည့် သစ်တောနည်းဥပဒေတစ်ရပ် ပေါ်ထွက်လာစေရေး ဆောင်ရွက်နေချိန် အထိ စဉ်ဆက်မပြတ် သစ်တောဦးစီးဌာနနှင့် ပူးပေါင်းပါဝင်ပြီး ကူညီပံ့ပိုးလျက်ရှိသည့်အပြင် မြေယာဥပဒေတစ်ရပ် ပြဌာန်းနိုင်ရန်အတွက်ကိုလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊
တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် ကျင်းပပြုလုပ်ခဲ့သည့် Public Consultation များ တွင်လည်း ရှု့ထောင့်မျိုးစုံကနေ အကြံဉာဏ်မျိုးစုံ ရယူလိုသည့်အတွက် ကဏ္ဍပေါင်းစုံအောင် ဖိတ်ကြားဆွေးနွေးခဲ့၍ သစ်တောထွက်ပစ္စည်း ထုတ်လုပ်ရေးနှင့် သစ်တောပြုစုထိန်းသိမ်းရေး လုပ်ငန်းများတွင် အကြံဉာဏ်ပေါင်းစုံရရှိခဲ့ခြင်းဖြစ်ပြီး လက်တွေ့ဆန်သည့်၊ အကျိုးထိရောက်စွာ ကိုင်တွယ်ကျင့်သုံးနိုင်မည့် သစ်တောနည်းဥပဒေတစ်ရပ်အဖြစ် ပေါ်ထွက်လာမည်ဖြစ်ကြောင်း၊
ကိုလိုနီခေတ်တွင် သစ်တောဥပဒေ (၁၉၀၂)ခုနှစ် ပြဌာန်းချက်အတိုင်း မြန်မာနိုင်ငံတွင် လည်း ကျင့်သုံးခဲ့ပါကြောင်း၊ ၁၉၉၂ ခုနှစ် သစ်တောဥပဒေအသစ်ကို တပ်မတော်အစိုးရလက်ထက် တွင် ပြဌာန်းခဲ့ပြီး ကျင့်သုံးလာခဲ့ရာမှ ယခု ၂၀၁၈ ခုနှစ်တွင် စက်တင်ဘာ(၂၀)ရက်နေ့မှာ အသစ် ပြန်လည်ပြဌာန်းခဲ့ပြီး သစ်တောဦးစီးရုံးချုပ်က ဦးဆောင်ရေးဆွဲပြုစုခဲ့သည့် သစ်တောနည်းဥပဒေ (မူကြမ်း)မှာ အခန်း (၁၅)ခန်း နည်းဥပဒေ (၁၃၆)ခု ပါဝင်ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များ တွင် အကျိုးသက်ဆိုင်သူများထံချပြဆွေးနွေးပြီး အကြံဉာဏ်များရယူခဲ့သည့်အခါတွင် နည်းဥပဒေ (၁၃၆)ခုကို အကြံပြုဖြည့်စွက်ပြင်ဆင်ချက်ပေါင်း ၂၆၈၇ ခု ရရှိခဲ့ကြောင်း၊ သစ်တောနည်းဥပဒေ (မူကြမ်း)အပေါ် အကျိုးသက်ဆိုင်သူများ၏အကြံပြုဖြည့်စွက်ချက်များကို ပထမအကြိမ် ကျွမ်းကျင် သူစကားဝိုင်းတွင် စိစစ်သုံးသပ်ခဲ့ရာ အကြံပြုချက်ပေါင်း ၈၃၇ ချက်ကို ဒုတိယအကြိမ် ကျွမ်းကျင် သူစကားဝိုင်းသို့ ဆက်လက်သယ်ဆောင်လာနိုင်ခဲ့ကြောင်း၊
ယနေ့ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ကျွမ်းကျင်သူစကားဝိုင်းသို့ တက်ရောက်လာကြ သည့်ဆက်စပ်ဌာနအဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ဒေသခံ များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများအနေဖြင့် သစ်တောနည်းဥပဒေ(မူကြမ်း)အပေါ် တစ်စိုက်မတ် မတ်အကြံပြုဆွေးနွေးလာခဲ့ကြသော ပုဂ္ဂိုလ်များဖြစ်သည်နှင့်အညီ မကြာမြင့်သည့်ကာလတစ်ခုတွင် ပြည့်စုံကောင်းမွန်ပြီး လက်တွေ့ကျကျ အသုံးပြုနိုင်သည့် သစ်တောနည်းဥပဒေတစ်ရပ် ပြဌာန်း နိုင်လိမ့်မည်ဟုခိုင်ခိုင်မာမာယုံကြည်ပါကြောင်းနှင့် အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေပွဲ (National Validation Workshop) ကိုလည်း ဒီဇင်ဘာ ဒုတိယပါတ်အတွင်း နေပြည်တော်တွင် ကျင်းပ ပြုလုပ်မည်ဖြစ်သည့်အတွက် စုံစုံညီညီ ပြန်လည်တက်ရောက်ကြပါရန် ဖိတ်ကြားအပ်ပါကြောင်း ပြောကြားပါသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ သစ်တောဦးစီးဌာနမှ အရာ ထမ်း/ အမှုထမ်းများ၊ ဌာနဆိုင်ရာအသီးသီးမှ ကျွမ်းကျင်ပညာရှင်များ၊ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ဒေသခံတိုင်းရင်းသားကိုယ်စားလှယ်များ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပအစိုးရမဟုတ်သော အရပ်ဖက်အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပြီး အခမ်းအနား အား (၁၄-၁၁-၂၀၁၉)မှ (၁၅-၁၁-၂၀၁၉)ရက်နေ့အထိ (၂) ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ် ပါသည်။

date: 
Friday, November 15, 2019 - 12:45