ခရိုင်သစ်တောအရာရှိများစီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၇) ဖွင့်ပွဲအခမ်းအနားကျင်းပ

ခရိုင်သစ်တောအရာရှိများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၇) ဖွင့်ပွဲအခမ်းအနားကို (၁၈-၁၁-၂၀၁၉) ရက်နေ့၊ နံနက်(၀၉:၀၀) နာရီ၊ သစ်တောသုတေသနဌာန၊ ရေဆင်းတွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။
အမှာစကားပြောကြားရာတွင် မြန်မာ့သစ်တောစီမံအုပ်ချုပ်မှု၏ Forest Management Unit ဖြစ်သော လက်ထောက်ညွှန်ကြားရေးမှူး၊ခရိုင်တာဝန်ခံများအနေဖြင့် လက်ရှိအကောင် အထည်ဖော် နေသည့် မြန်မာနိုင်ငံသစ်တောများပြန်လည်ထူထောင်ရေး စီမံကိန်းဆိုင်ရာ လုပ်ငန်းနှင့် စီမံခန့်ခွဲမှု ဆိုင်ရာ စွမ်းဆောင်ရည် ပိုပြီးမြင့်မားလာရန်၊ စိတ်ဓါတ်နှင့် ခံယူချက်များ တိုးတက် မြင့်မားစေရန်၊ အုပ်ချုပ်မှုစွမ်းရည်ကောင်းမွန်ပြီး စိတ်ဓါတ်မြင့်မားစွာထားရှိတတ်စေရန်၊ စီမံခန့်ခွဲမှုနှင့် သစ်တော လုပ်ငန်းများကိုအကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လက်ရှိနိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး စနစ်များနှင့်အညီ ပြောင်းလဲကျင့်သုံးရမည့် သစ်တောကဏ္ဍဆိုင်ရာ အခြေအနေကို ပိုမိုသိရှိနားလည် စေပြီး လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရန် တို့ဖြစ်ပါကြောင်း၊
ဝန်ထမ်းကောင်းတစ်ယောက်၏ လိုအပ်ချက်များဖြစ်သည့့် သက်ဆိုင်ရာဌာနများ၏ လုပ်ထုံး လုပ်နည်းများ၊ တည်ဆဲဥပဒေများ၊ ပြဌာန်းချက်များကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်ကျွမ်းနားလည်ရန်၊ ချမှတ်ထားတဲ့မူဝါဒနှင့်အညီ ပီပြင်စွာ စည်းရုံးဦးဆောင် ကွပ်ကဲအကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန်၊လုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်မှု သွက်လက် ထက်မြက် တိကျမှန်ကန်စေ ရန်နှင့်ပြည့်စုံပြီးစနစ်တကျစီစဉ်ကွပ်ကဲဆောင်ရွက်နိုင်စေရန်သင်တန်းဖွင့်လှစ်ခြင်းဖြစ် ပါကြောင်း၊
သစ်တောအုပ်ချုပ်လုပ်ကိုင်ရာတွင် ခရိုင်သည် အဓိကဖြစ်သဖြင့် ခရိုင်တာဝန်ခံများအနေဖြင့် ဥပဒေအရဆောင်ရွက်ရသည့်လုပ်ငန်းများကို ပြတ်ပြတ်သားသားဆောင်ရွက်ရန် အရေးကြီးကြောင်း၊ စည်းရုံးရေးသည်လွန်စွာအရေးကြီးကြောင်း၊Management သည်လည်း လွန်စွာအရေးကြီးကြောင်း၊ ယနေ့ မြန်မာနိုင်ငံတွင် လူမှုစီးပွားရေးနှင့် နိုင်ငံရေးအခြေခံများ ပြောင်းလဲဆောင်ရွက်လျက်ရှိသလို လုပ်ငန်း ကဏ္ဍအသီးသီးမှာလည်း မူဝါဒ၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ခေတ်စနစ်နှင့်အညီ ပြုပြင်ပြောင်းလဲခြင်းနှင့် ဖြေလျှော့ခြင်း ဆောင်ရွက်နေမှုများကို အောက်ခြေအထိ သိရှိနားလည် ဆောင်ရွက်နိုင်ရန် အတွက် ခရိုင်သစ်တော ဦးစီးဌာနများကို အခြေပြုဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ဖြေလျှော့သည် ဆိုသည်မှာ အလျော့ပေးခြင်းနှင့် ကွဲလွဲပါကြောင်း၊ လုပ်ငန်းမြန်ဆန် စေရန် ဆောင်ရွက် ပေးခြင်းသာဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အပါအဝင်တစ်ကမ္ဘာလုံးတွင် ရာသီဥတုပြောင်းလဲမှု ၏ သက်ရောက်မှုများကို ဆိုးရွားစွာခံစားနေကြ ရခြင်းကြောင့် သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်း နှင့် ၎င်းတို့ကရရှိသည့် ဂေဟစနစ်ဝန်ဆောင်မှုများကို အာရုံစိုက်လာကြပြီး သစ်တောများသည် အရေးပါသည့်အခန်းကဏ္ဍကို ရောက်ရှိနေသည့်အချိန်ဖြစ်ပါကြောင်း၊ မိမိ၏လုပ်ငန်းနှင့်ပတ်သက်၍ နည်းပညာပိုင်းနှင့် စီမံအုပ်ချုပ်လုပ်ကိုင်မှု အပိုင်းတွင် ပိုင်ပိုင်နိုင်နိုင် ဆောင်ရွက်နိုင်ရန် အတွက် သစ်တောပညာရပ်များ၊ ကျွမ်းကျင်မှုအတွေ့အကြုံများကို စနစ်တကျ အသုံးပြုနိုင်ရန်၊ အတတ် ပညာများကို တိုးတက်အောင် လေ့လာဆည်းပူးဖို့နှင့် လက်အောက် ဝန်ထမ်းများအား အဆင့်ဆင့် သင်ကြားပေးရန်၊ လုပ်ငန်းများနှင့်ပတ်သက်ပြီး အမှားအယွင်း မရှိအောင် အမြဲဂရုပြု ဆောင်ရွက်ကြ မည်ဆိုသည့် အသိစိတ်ဓါတ်နှင့် ခံယူချက်များ စွဲစွဲမြဲမြဲ မဆုတ် မနစ်ရှိကြရန် လိုအပ်ပါကြောင်း၊
နိုင်ငံတော်အစိုးရ၏ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရာတွင် ဗဟိုချုပ် ကိုင်မှု လျှော့ချရေး ဆောင်ရွက်ခဲ့၍ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်များတွင် တာဝန်ခွဲယူမှု များပြားလာသည်နှင့်အတူ အရာထမ်း၊ အမှုထမ်းအဆင့်ဆင့်များတွင် တာဝန်ရှိမှု၊ တာဝန်သိမှုနှင့် တာဝန်ခံ ဆောင်ရွက်မှုများ လိုအပ်မည်ဖြစ်ကြောင်း၊ တာဝန်များကို အကောင် အထည်ဖော်ရာတွင် လိုအပ်သည့် ကျွမ်းကျင်မှု၊ ဗဟုသုတများ ပြည့်စုံစေရန်နှင့် သစ်တောဘာသာရပ်များအပြင် အခြား ဆက်စပ်ကဏ္ဍများနှင့် ပေါင်းစပ်ဆောင်ရွက်ရမည့် စီမံခန့်ခွဲမှုလုပ်ငန်းများ ပီပီပြင်ပြင် ဆောင်ရွက် နိုင်ရန်အတွက်ပြင်ပဌာနများဖြစ်သည့်ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ပြည်ထောင်စုရှေ့နေချုပ် ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းရေးရာဦးစီးဌာန၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြေတိုင်းဦးစီးဌာနစသည်တို့မှ သစ်တောဥပဒေဆိုင်ရာ တရားစီရင်မှု အခန်းကဏ္ဍနှင့် အဂတိလိုက်စားမှု တားမြစ်ရေးဥပဒေဆိုင်ရာ သိကောင်းစရာများ၊ စာရင်းစစ်ဆေး ခြင်း၊စာရင်းစစ်အစီရင်ခံစာနှင့်သုံးသပ်ချက်များ၊ မီဒီယာနှင့်ပြည်သူလူထု တို့ဆက်ဆံခြင်း၊ Good Governance၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ သစ်တောစီမံအုပ်ချုပ်မှုဆိုင်ရာ မြေတိုင်းဘာသာရပ်များအကြောင်း စသည့် ဘာသာများကို ပို့ချပေးမည်ဖြစ်၍ အလေးထားမှတ်သားရန်၊ နိုင်ငံတော်ဘဏ္ဍာ သုံးစွဲရာ၌ အလေ အလွင့် မရှိစေရန်နှင့် ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ သုံးစွဲတတ်စေရန် ဘဏ္ဍာရေး စည်းမျဉ်းအရ ဂရုပြုလိုက်နာဆောင်ရွက်ရန်အချက်များကို စနစ်တကျလေ့လာရန်လိုပါကြောင်း ပြောကြားပါသည်။
နိဂုံးချုပ်အနေဖြင့် သင်တန်းစည်းကမ်းများကို အလေးထားလိုက်နာ နေထိုင်ကြရရန်၊ သင်တန်းသားတစ်ဦးချင်းစီ၏ စွမ်းဆောင်မှုများအဖြစ် မှတ်တမ်းတင်ထားရှိမည်ဖြစ်သည့်အတွက် သင်ကြားမှုတိုင်းကို သေချာစွာလေ့လာမှတ်သားကြရန်လိုကြောင်း၊ မိမိတို့၏ ဌာနအကျိုး၊ နိုင်ငံ အကျိုးကို စွမ်းဆောင်ရည်မြင့်မားစွာနှင့် အောင်မြင်မှုရရှိအောင် သယ်ပိုးနိုင်သည့် ဝန်ထမ်းကောင်းများ ဖြစ်လာအောင် ကြိုးစားလေ့ကျင့်သင်ယူသွားကြရန် ပြောကြားပါသည်။
သင်တန်းဖွင့်ပွဲသို့ ဝန်ကြီးဌာနလက်အောက်ရှိ ဌာနအသီးသီးမှ အရာရှိကြီးများနှင့် ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ၊သင်တန်းဆရာများ၊သင်တန်းသားများနှင့် သစ်တောသုတေသနဌာန မှ အရာထမ်းများ တက်ရောက်ကြပြီး သင်တန်းကို (၁၈-၁၁-၂၀၁၉) ရက်နေ့မှ(၂၉-၁၁-၂၀၁၉) ရက်နေ့ထိ (၂) ပတ်ကြာ ဖွင့်လှစ်သင်ကြားပို့ချမည်ဖြစ်ပါသည်။

date: 
Tuesday, November 19, 2019 - 10:30