လုပ်ငန်းမဆောင်ရွက်မီ ကြိုတင်အသိပေးခြင်းနှင့် လွတ်လပ်သော သဘောထားအမြင် ရယူခြင်း (FPIC) ဆိုင်ရာ အမျိုးသားအဆင့် အကြံပြုဆွေးနွေးပွဲကျင်းပ

လုပ်ငန်းမဆောင်ရွက်မီ ကြိုတင်အသိပေးခြင်းနှင့် လွတ်လပ်သော သဘောထားအမြင် ရယူခြင်း(FPIC)ဆိုင်ရာ နိုင်ငံအဆင့် အကြံပြုဆွေးနွေးပွဲအား (၂၆-၁၁-၂၀၁၉) ရက်နေ့၊ (၀၉:၀၀) နာရီတွင် အမရာဟိုတယ်၊ နေပြည်တော်၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။
အမှာစကားပြောကြားရာတွင် ၂၀၁၀ ခုနှစ်တွင် မက္ကစီကိုနိုင်ငံ၊ ကန့်ကူးမြို့မှာ ကျင်းပခဲ့ သည့် UNFCCC အဖွဲ့ဝင်နိုင်ငံများ၏ ၁၆ ကြိမ်မြောက် ညီလာခံတွင် REDD+ အတွက် လူမှုရေး နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်စောင့်ရှောက်မှု (Cancum Safeguard) ဆိုင်ရာ “အခြေခံမူ (၇)ခု” ကို လက်ခံအတည်ပြုခဲ့ပါကြောင်း၊
မြန်မာနိုင်ငံအနေနှင့် ယခုအခါတွင် လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်စောင့် ရှောက်မှုနှင့်ပတ်သက်ပြီး အဓိပ္ပါယ်ဖွင့်ဆိုရှင်းလင်းမှုများ ဆောင်ရွက်ခြင်း၊ ကန့်ကူးကာကွယ် စောင့်ရှောက်မှုအစီအမံ (Cancum Safeguard) များကို အကောင်အထည်ဖော်ဆောင်ရွက်မည့် နည်းလမ်းများ ဖေါ်ထုတ်ခြင်း၊ Safeguard Information System တည်ထောင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊
မြန်မာနိုင်ငံ၏ သစ်တောများကို စီမံအုပ်ချုပ်လုပ်ကိုင်သည့် နေရာတွင် သစ်တောဦးစီး ဌာနအနေနှင့် ဒီမိုကရေစီစနစ် ကူးပြောင်းမှုတိုးတက်လုပ်ဆောင်သွားရန် ကြိုးစားဆောင်ရွက် နေပါကြောင်း၊ “အမိန့်ပေးထိန်းချုပ်”သည့် အထက်ကနေအောက်ကို ညွှန်ကြားသည့် ဆုံးဖြတ် ချက်မျိုးများ ချမှတ်ခဲ့သည့် နေ့ရက်များသည် ကျွန်တော်တို့၏ နောက်တွင် ကျန်ရစ်ခဲ့ပြီဖြစ်ပါ ကြောင်း၊ လွန်ခဲ့သည့် ဆယ်စုနှစ်များသည် ကမ္ဘာပေါ်တွင် ဘရာဇီးနှင့် အင်ဒိုနီးရှားနိုင်ငံ ပီးရင် မြန်မာနိုင်ငံသည် သစ်တောပြုန်းတီးမှု တတိယအများဆုံးဖြစ်ခဲ့သည့် နိုင်ငံဖြစ်ပါကြောင်း၊ သစ်တောများကို စီမံခန့်ခွဲသည့်နေရာတွင် လိုအပ်ချက်များ အများကြီးရှိနေပါကြောင်း၊ ယနေ့ အကြံပြုဆွေးနွေးပွဲသည် အင်မတန်အရေးကြီးပါကြောင်း၊ သစ်တောများ စီမံအုပ်ချုပ်လုပ်ကိုင်မှု ကို ဒီမိုကရေစီနည်းကျ လုပ်ဆောင်နိုင်ရေးတွင် ဒေသခံပြည်သူများ၏ ဆန္ဒသဘောထားများကို လွပ်လပ်စွာ ကြိုတင်ရယူ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊
မြန်မာနိုင်ငံတွင် FPIC နှင့်ပတ်သက်လို့ အတွေ့အကြုံအလွန်နည်းနေပါသေးကြောင်း၊ ဒါပေမဲ့ဒီအချက်ကိုအသိအမှတ်ပြုရမည်ဖြစ်သလို သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှုနှင့် ပတ်သက် လို့ FPIC ကို ကျင့်သုံးသည့် အတွေ့အကြုံရှိသည့် နိုင်ငံများအလွန်နည်းတယ်ဆိုသည့် အချက် ကိုလည်း ကျွန်တော်တို့ သိထားသင့်ပါကြောင်း၊ FPIC ၏ အစိတ်အပိုင်းလေးခုကို ပြန်ပြီး သုံးသပ်စဉ်းစားကြည့်မယ်ဆိုလျှင် Free “လွတ်လပ်တဲ့” ဆိုတာက ဒေသခံပြည်သူများဆီက သဘောတူညီချက်ကိုရရန် ဖိအား ဒါမှမဟုတ် ခြိမ်းခြောက်မှုများမရှိသင့်ဘူးဆိုသည့် အဓိပ္ပါယ် ဖြစ်ပါကြောင်း၊ ဒေသခံပြည်သူလူထုက ၄င်းတို့၏ သဘောဆန္ဒကို လွပ်လပ်စွာပေးနိုင်သည့် လုပ်ငန်းစဉ်များကို ဆိုလိုခြင်း ဖြစ်ပါကြောင်း၊ Prior “ကြိုတင်”ဆိုတာကတော့ နားလည်ရ အလွယ်ဆုံး အပိုင်းဖြစ်နိုင်ပါကြောင်း၊ ဘယ်လုပ်ငန်းမဆို မစတင်ခင်မှာ သဘောတူညီချက် ရရှိရ မှာဖြစ်ပါကြောင်း၊ Informed “ကောင်းစွာအသိပေးတယ်” ဆိုတာကတော့ အကျိုးသက်ဆိုင်သူ အားလုံးသည် သင့်လျော်ဆက်စပ်မှုရှိသည့် သတင်းအချက်အလက်များအားလုံးကို လက်လှမ်းမီ ရရှိသင့်သည့် အဓိပ္ပါယ်ဖြစ်ပါကြောင်း၊ ပြီးတော့ Consent “သဘောထား” ဆိုတာကတော့ FPIC ၏ အစိတ်အပိုင်းများအားလုံးထဲတွင် အခက်ခဲဆုံးအပိုင်းဖြစ်မည်ထင်ပါကြောင်း၊ ဘယ်သူ့၏ သဘောထားကိုတောင်းခံရမှာလဲ၊ လူမှုအသိုင်းအဝိုင်းတစ်ခုထဲတွင် ပေးရမည့် သဘောထား အတွက် ဘယ်လိုဆုံးဖြတ်ကြမှာလဲ၊ ပေးထားသည့် သဘောတူညီချက်ကို ဘယ်လိုအခြေအနေ တွင် ပြန်ပြီးရုပ်သိမ်းနိုင်မည် စသည်များ ပါဝင်မည်ဖြစ်ပါကြောင်း၊
FPIC အခြေခံမူများသည် ချမှတ်ရတာလွယ်ပါကြောင်း၊ ဒါပေမဲ့ အဲဒီအခြေခံမူများကို လက်တွေ့ကျင့်သုံးရမယ့် လမ်းညွှန်ချက်တွေအဖြစ် ပြောင်းလဲကျင့်သုံးနိုင်ရန်အတွက် အလွန်ပဲ ခက်ခဲပါကြောင်း၊ FPIC ကို ဆောင်ရွက်ကြရာတွင် စိတ်ရှည်ကြရန်၊ သည်းခံကြရန်နှင့် နားလည် ပေးကြရန် ပန်ကြားချင်ပါကြောင်း၊ မြန်မာနိုင်ငံသည် ဒီမိုကရေစီကူးပြောင်းမှုကို တိုးတက် ဆောင်ရွက်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်နေရပါကြောင်း၊ သစ်တောဦးစီးဌာနအနေနှင့် လည်းသစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှုကို ဒီမိုကရေစီနည်းကျပိုမိုကောင်းမွန်လာစေရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊
အခမ်းအနားသို့ သစ်တောဦးစီးဌာနမှ အရာရှိများ၊ ဆက်စပ်ဌာနများမှ ကိုယ်စားလှယ် များ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်များနှင့် တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ နှင့် UN-REDD Programme မှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

date: 
Tuesday, November 26, 2019 - 15:45