တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသပြန်လည်တည်ထောင်ခြင်း လုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်ရေး စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသပြန်လည်တည်ထောင်ခြင်း လုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်ရေး စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းအား (၂-၁၂-၂၀၁၉) ရက်နေ့၊ (၀၉:၀၀)နာရီတွင် သစ်တောသုတေသနဌာန၊ စုဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ သစ်တောဦးစီး ဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်(မူဝါဒနှင့်စီမံကိန်း) တက်ရောက်၍ အဖွင့် အမှာစကားပြောကြားပါသည်။
အမှာစကားပြောကြားရာတွင် ယနေ့ပြုလုပ်သည့် သင်တန်းသည် နိုင်ငံတွင် ဇီဝမျိုးစုံမျိုးကွဲ နှင့် ဂေဟစနစ်များ ရေရှည်တည်တံ့ရေးအတွက် သတ်မှတ်ဖွဲ့စည်းထားသည့် သဘာဝထိန်းသိမ်း ရေးနယ်မြေများ၏ စီမံအုပ်ချုပ်မှုနှင့် ထိန်းသိမ်းကာကွယ်မှုကို စနစ်တကျ ဆောင်ရွက်နိုင်ရန် အတွက် ပြည်ထောင်စုအစိုးရအဖွဲ့မှ အတည်ပြုထားသည့် (၁၀)နှစ်စီမံကိန်းဖြစ်သည့် တောရိုင်း တိရစ္ဆာန်များအတွက် နေရင်းဒေသပြန်လည်တည်ထောင်ခြင်း လုပ်ငန်းအစီအစဉ်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဇီဝမျိုးစုံမျိုးကွဲအကြွယ်ဝဆုံး နိုင်ငံများအနက် တစ်နိုင်ငံ ဖြစ်ပါကြောင်း၊ တစ်ကမ္ဘာလုံးတွင် တွေ့ရှိရသည့် ငှက်မျိုးစိတ်များ၏ (၁၀) ရာခိုင်နှုန်းကို မြန်မာ နိုင်ငံတွင် တွေ့ရှိရပါကြောင်း၊ ကမ္ဘာပေါ်တွင် ပင်လယ်လိပ် (၇)မျိုးရှိရာ မြန်မာနိုင်ငံတွင် (၅)မျိုး ကျက်စားလျက်ရှိပါကြောင်း၊ ထို့အပြင် ကမ္ဘာပေါ်ရှိ ရေချိုနှင့် ကုန်းလိပ်မျိုးစိတ်များ၏ (၁၀) ရာခိုင်နှုန်းသည် မြန်မာနိုင်ငံတွင် ကျက်စားလျက်ရှိပါကြောင်း၊ ကမ္ဘာပေါ်တွင် မျိုးသုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ကျား၊ ဆင်၊ ကျားသစ်၊ ပြောင်၊ ရေခဲတောင်ဆိတ်၊ သားမင်း၊ ငါးမန်း၊ ငါးလိပ်ကျောက်၊ ဝေလငါး အစရှိသည်ကိုလည်း တွေ့ရှိရသည်ဖြစ်ပါကြောင်း၊
အခြားကမ္ဘာ့ နိုင်ငံများနည်းတူ မြန်မာနိုင်ငံမှာလည်းဘဲ အမျိုးမျိုးသော ဂေဟစနစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲ များကိုရေရှည်တည်တံ့ရန် ထိန်းသိမ်းရေးဆိုင်ရာ အဓိကမူဝါဒအဖြစ် သဘာဝထိန်း သိမ်းရေးနယ်မြေများကို သတ်မှတ်လျက်ရှိပါကြောင်း၊ အမျိုးသားသစ်တောကဏ္ဍနှစ် (၃၀) ပင်မ စီမံကိန်း (၂၀၀၁-၂၀၀၂ မှ ၂၀၃၀ -၂၀၃၁ အထိ) အရ နိုင်ငံ့ဧရိယာ၏ (၁၀) ရာခိုင်နှုန်းကို သဘာဝ ထိန်းသိမ်းရေးနယ်မြေများအဖြစ်သတ်မှတ်ရန် ရည်မှန်းထားပြီး၊ ယနေ့အချိန်အထိ နိုင်ငံ့ဧရိယာ၏ (၅.၈၅)%ရှိသည့် သဘာဝထိန်းသိမ်းရေးနယ်မြေ(၄၅)ခုကိုသတ်မှတ်ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊
သဘာဝထိန်းသိမ်းရေးနယ်မြေများကို ပိုမိုထိရောက်စွာ စီမံအုပ်ချုပ်နိုင်ရန် ဥပဒေပိုင်း ဆိုင်ရာပြင်ဆင်ခြင်း၊ စွမ်းဆောင်ရည် တည်ဆောက်ပေးခြင်း၊ အုပ်ချုပ်လုပ်ကိုင်မှုစီမံချက် ရေးဆွဲ အကောင်အထည်ဖော်ခြင်းတို့ကို ဦးစားပေးဆောင်ရွက်ခဲ့ပါကြောင်း၊ အခြားတစ်ဘက်တွင်လည်း မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး (MRRP) (၁၀) နှစ် စီမံကိန်းနှင့်အတူ နေရင်း ဒေသပြန်လည် တည်ထောင်ရေးစီမံကိန်းကို ရေးဆွဲအကောင်အထည်ဖော်ရန် သဘာဝဝန်းကျင် နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနကို ညွှန်ကြားခဲ့ပါကြောင်း၊
ဆောက်လုပ်မှုကော်မတီ၊ စက်ပစ္စည်းကြီးကြပ်မှုကော်မတီနှင့် ဘဏ္ဍာရေးကော်မတီတို့မှ မဟာဗျူဟာမြောက်စီမံကိန်းအဖြစ် စိစစ်အတည်ပြုခဲ့ပါကြောင်း၊ နိုင်ငံတော်စီးပွားရေးရာ ပေါင်းစပ် ညှိနှိုင်းရေးကော်မတီ (NECC) မှ ဆက်လက်စိစစ်အတည်ပြုခဲ့ပြီး၊ စီမံကိန်းအမည်ကိုလည်း တော ရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသပြန်လည်တည်ထောင်ခြင်း လုပ်ငန်းအစီအစဉ် Re-establishing Natural Habitat Programme-RNH အဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊
တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသ ပြန်လည်တည်ထောင်ခြင်း လုပ်ငန်းအစီအစဉ် RNH (၂၀၁၉-၂၀၂၀ ဘဏ္ဍာမှ ၂၀၂၈-၂၀၂၉ ဘဏ္ဍာအထိ) (၁၀)နှစ်စီမံကိန်းကို ပြည်ထောင်စု အစိုးရ အဖွဲ့မှ အတည်ပြုပြီးလည်းဖြစ်ပါကြောင်း၊ (၁၀)နှစ်တာ စီမံကိန်း၏ အသုံးစရိတ်ဟာ ကျပ်သန်း (၅၀၀၀)ကျော်ဖြစ်ပြီး၊ ဘဏ္ဍာနှစ်တစ်နှစ်လျှင် ပျှမ်းမျှကျပ်သန်း(၅၀၀)ခန့်သုံးစွဲတွင် ဖြစ်ပါကြောင်း၊ အသုံးစရိတ်သည် ဝန်ထမ်းလစာနှင့် အခြားစရိတ်များမပါရှိဘဲ ဥယျာဉ်/ ဘေးမဲ့တောများ၏ ထိန်း သိမ်းရေးလုပ်ငန်းအသုံးစရိတ်များဖြစ်သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ်သန်း (၂၆၄.၃၀)၊ ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်မှာကျပ်သန်း(၃၆၂.၀၁)၊ ၂၀၁၈(၆)လမီနီဘက်ဂျက်မှာ ကျပ်သန်း(၁၈၀.၇၃)၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ကျပ်သန်း (၄၅၇.၀၅) တို့နှင့် နိုင်းယှဉ်ကြည့်ရင် ထိန်းသိမ်းရေးဆိုင်ရာ အသုံးစရိတ်မြင့်မားလာသည်ကိုတွေ့မြင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စီမံကိန်းသည် သဘာဝ ထိန်းသိမ်းရေးနယ်မြေများကို ထိရောက်စွာစီမံအုပ်ချုပ်ရာတွင်စာမျက်နှာသစ်လည်းဖြစ်ပါကြောင်း၊
စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ရေး စွမ်းဆောင်ရည် မြှင့်တင်ခြင်းသင်တန်းကို ပြု လုပ်ရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အဆင့် မဟာဗျူဟာမြောက် စီမံကိန်းဖြစ်တာနှင့်အညီ ခွင့်ပြု ရန်ပုံငွေကို စနစ်တကျနှင့် မှန်မှန်ကန်ကန် အသုံးပြုရန်သတ်မှတ်ထားသည့် ငွေစာရင်း ပြန်တမ်းနှင့် အစီရင်ခံစာတွေ ပြုစုတင်ပြဖို့ လိုအပ်ပါကြောင်း၊ ထို့ကြောင့် ဒီသင်တန်းတွင် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ လုပ်ငန်းတွေအပြင် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းဆိုင်ရာ ပို့ချချက်တွေကိုလည်း ထည့်သွင်းထား ပါကြောင်း၊
အခမ်းအနားကို သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး များနှင့် အရာထမ်း၊ အမှုထမ်းများ၊ ဥယျာဉ်/ဘေးမဲ့တောများမှ သင်တန်းနည်းပြများနှင့် သင်တန်းသားများ၊ သားငှက်ထိန်းသိမ်းရေး အဖွဲ့ (WCS) မြန်မာနိုင်ငံအစီအစဉ်မှ ကိုယ်စားလှယ်များနှင့် သင်တန်းနည်းပြများ တက်ရောက် ကြပါသည်။

date: 
Tuesday, December 3, 2019 - 10:15