၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် ကျရောက်သည့် “ကမ္ဘာ့ရေဝပ်ဒေသများနေ့” အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းသည် မိုးယွန်းကြီးအပန်းဖြေစခန်း၊ မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ ပဲခူးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၌ ကျင်းပပြုလုပ်ခဲ့သည့် “၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ် အခမ်းအနား” ကို တက်ရောက်အမှာစကား ပြော ကြားခဲ့ပါတယ်။ ထိုသို့ အမှာစကားပြောကြားရာ၌ ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ် အခမ်းအနား (World Wetlands Day) ကို မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ်ကစတင်ပြီး နှစ်စဉ် ကျင်းပခဲ့ပါကြောင်း၊ ယခု ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ရေဝပ်ဒေသများနေ့ရဲ့ ဆောင်ပုဒ်ကတော့ “Wetlands and Biodiversity” “ဇီဝမျိုးစုံမျိုးကွဲ အဓွန့်ရှည်ဖို့ ရေဝပ်ဒေသတွေ ထိန်းသိမ်းစို့” ဖြစ်ပါကြောင်း၊ ရေဝပ်ဒေသများ တည်တံ့မှု နဲ့ ဇီဝမျိုးစုံမျိုးကွဲများ အသက်ရှင် ရပ်တည်မှုတို့ ဟာ အပြန်အလှန် အမှီသဟဲ ပြုနေပြီး၊ ရေဝပ်ဒေသများ စဉ်ဆက်မပြတ် မပျက်မစီး တည်ရှိ နေမှသာ ရေဝပ်ဒေသများမှာ ကျက်စားကြတဲ့ ဇီဝမျိုးစုံမျိုးကွဲများ အဓွန့်ရှည်မှာ ဖြစ်ပါ ကြောင်း၊ ယခုနှစ် ဆောင်ပုဒ်ဟာ ဇီဝမျိုးစုံမျိုးကွဲ သယံဇာတ အရင်းအမြစ်များ နဲ့ ဆက်စပ် ဂေဟစနစ် ဝန်ဆောင်မှု တန်ဘိုးတွေကို ရေရှည် တည်မြဲနိုင်စေဖို့ရာအတွက် ထင်ဟပ်စေတာ ဖြစ်ပါကြောင်း၊ ကမ္ဘာ့ရေဝပ်ဒေသများနေ့နဲ့ ရမ်ဆာကွန်ဗင်းရှင်း ဖြစ်ပေါ်လာပုံတို့ကို အကျဉ်း ချုပ် တင်ပြလိုပါကြောင်း၊ ၁၉၇၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့မှာ အီရန်နိုင်ငံ၊ ရမ်ဆာမြို့ မှာ ကျင်းပခဲ့တဲ့ ရေဝပ်ဒေသများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အစည်းအဝေး မှတဆင့် ရမ်ဆာ ကွန်ဗင်းရှင်း (Ramsar Convention on Wetlands) ပေါ်ပေါက်ခဲ့ပြီး ယင်းကို အကြောင်းပြု ပြီးတော့ ဖေဖော်ဝါရီလ (၂) ရက်နေ့ကို ကမ္ဘာ့ရေဝပ်ဒေသများနေ့ (World Wetlands Day) အဖြစ် သတ်မှတ်ခဲ့ပြီး၊ ၁၉၉၇ ခုနှစ် မှစတင်ကာ ကမ္ဘာ့တစ်ဝှမ်းရှိ ရမ်ဆာကွန်ဗင်းရှင်းအဖွဲ့ဝင် နိုင်ငံတွေက အထိမ်းအမှတ် အခမ်းအနားကို နှစ်စဉ် ကျင်းပလျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံ မှာ ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ် နိုင်ငံအဆင့် အခမ်းအနားများကို ၂၀၁၂ ခုနှစ်က စတင်ပြီး နေပြည်တော်၊ မိုးယွန်းကြီးအင်း နဲ့ အင်းလေးကန်တို့မှာ တစ်လှည့်စီ ကျင်းပခဲ့ပြီး မိုးယွန်းကြီးအင်း ဘေးမဲ့တောမှာ ယခု ကျင်းပတာဟာ (၄) ကြိမ်မြောက် ကျင်းပခြင်းပဲ ဖြစ်ပါ ကြောင်း၊ ယနေ့ တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ ရမ်ဆာရေဝပ်ဒေသ ထိန်းသိမ်းရေး နယ် မြေတွေ ဖြစ်တဲ့ အင်းလေးကန်၊ အင်းတော်ကြီးကန် နှင့် မိန်းမလှကျွန်း တို့မှာလည်းဘဲ ကမ္ဘာ့ ရေဝပ်ဒေသများနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို ပြုလုပ်နေပါကြောင်း၊ ယခုလို ကမ္ဘာ့ ရေဝပ်ဒေသများနေ့ အထိမ်းအမှတ်အခမ်းအနားတွေ ကျင်းပပြုလုပ်တဲ့အတွက် ရေဝပ်ဒေသ များရဲ့ လူတွေအပေါ် အကျိုးပြုမှုတွေကို သိမြင်နိုးကြားလာစေပြီး ဆက်စပ်ပတ်သက်သူတွေ အနေနဲ့ ရေဝပ်ဒေသ ထိန်းသိမ်းကာကွယ်ခြင်း၊ စီမံအုပ်ချုပ်ခြင်း နဲ့ အကျိုးရှိစွာ အသုံးချခြင်း (Wise Use) စတာတွေမှာ ပူးပေါင်းပါဝင်မှု အားကောင်းလာစေဖို့ ရည်ရွယ်ပါကြောင်း၊ ရေဝပ် ဒေသတွေဟာ ဇီဝမျိုးစုံမျိုးကွဲတွေအတွက် သာမက ရေသယံဇာတ အရင်းအမြစ်များ နဲ့ ဆက်စပ်ဂေဟစနစ်များ ရေရှည်တည်မြဲစေရေး ထိန်းညှိပေးခြင်း၊ ရှားပါးမျိုးစိတ်များ နဲ့ ဒေသရင်း မျိုးစိတ်များအတွက် အဓိက ကျက်စားရာဒေသများ ဖြစ်ခြင်း၊ ရာသီဥတု ပြောင်းလဲ မှု လျှော့ချခြင်း စတဲ့ လူ့အဖွဲ့အစည်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ အရေးပါတဲ့ ဂေဟ စနစ် ဝန်ဆောင်မှုတွေကို ပံ့ပိုးပေးလျက် ရှိပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူ ရေးနဲ့ ရေလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ ခရီးသွားလုပ်ငန်း စတဲ့ လူမှုစီးပွား ဖွံ့ဖြိုးမှုဆိုင်ရာ အကျိုးကျေးဇူးများကိုလည်း ရေဝပ်ဒေသတွေက အထောက် အကူ ပြုလျက် ရှိပါကြောင်း၊ ရေဝပ်ဒေသများ နဲ့ ဆက်စပ်တဲ့ ဇီဝမျိုးစုံမျိုးကွဲတွေကို ရေရှည် တည်တံ့အောင် ထိန်းသိမ်းကာကွယ်ဖို့ နဲ့ ရေဝပ်ဒေသတွေမှ ရရှိတဲ့ အရင်းအမြစ်တွေကို အကျိုးရှိစွာ အသုံးချခြင်း (Wise Use) တို့ဟာ မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan−MSDP) ၏ မဟာဗျူဟာများ အကောင်အထည်ဖော်ခြင်းကို တစ်ဘက်တစ်လှမ်းမှ ပံ့ပိုး ပေးလျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံဟာ ရမ်ဆာကွန်ဗင်းရှင်းကို ၂၀၀၅ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့မှာ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပါကြောင်း၊ သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနကနေ ရမ်ဆာကွန်ဗင်းရှင်းရဲ့ မြန်မာနိုင်ငံ၏ စီမံအုပ်ချုပ်မှု အဖွဲ့အစည်း (Administrative Authority) အဖြစ် ရေဝပ်ဒေသ ထိန်းသိမ်းရေး လုပ်ငန်းတွေကို တာဝန်ယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာ့အဆင့် အရေးပါတဲ့ ရေဝပ် ဒေသ ထိန်းသိမ်းရေးနယ်မြေ (Ramsar Site) တွေအဖြစ် ၂၀၀၄ ခုနှစ်မှာ မိုးယွန်းကြီးအင်း၊ ၂၀၁၆ ခုနှစ်မှာ အင်းတော်ကြီး၊ ၂၀၁၇ ခုနှစ်မှာ မိန်းမလှကျွန်းနဲ့ မုတ္တမ ပင်လယ်ကွေ့ ဒေသ (မွန်ပြည်နယ်အပိုင်း) နဲ့ ၂၀၁၈ ခုနှစ်မှာ အင်းလေးကန် စသည်ဖြင့် ရမ်ဆာရေဝပ်ဒေသ (၅) နေရာကို သတ်မှတ်ပြီး ဖြစ်ပါကြောင်း၊ ရေဝပ်ဒေသများကို ထိန်းသိမ်းခြင်း၊ စီမံအုပ် ချုပ်ခြင်း နဲ့ အကျိုးရှိစွာ အသုံးပြုခြင်းမှာ ဆက်စပ်ပတ်သက်တဲ့ ဌာနတွေအကြား ပေါင်းစပ် ညှိနှိုင်းမှုကို မြှင့်တင်နိုင်ဖို့အတွက် ရေဝပ်ဒေသ ထိန်းသိမ်းစီမံအုပ်ချုပ်ခြင်းဆိုင်ရာ အမျိုးသား အဆင့် ကော်မတီ (National Wetland Committee) ကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၃၀) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါကြောင်း၊ ရေဝပ်ဒေသ နဲ့ ဆက်စပ်နေတဲ့ ဌာနအဖွဲ့အစည်း (၉) ခု မှ အဆင်မြင့် အရာရှိကြီး (၁၄) ဦးနဲ့ ဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း၊ အမျိုးသားရေဝပ်ဒေသ မူဝါဒ နှင့် မဟာဗျူဟာလုပ်ငန်းများ (National Wetland Policy and Strategic Actions) ကို ပြုစုရေးဆွဲခဲ့ပြီး အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းလျက် ရှိပါကြောင်း၊ ဇီဝမျိုးစုံ မျိုးကွဲ ထိန်းသိမ်းရေး၊ ရာသီဥတု ပြောင်းလဲမှု လျော့နည်း သက်သာရေး နဲ့ ရာသီဥတု ပြောင်း လဲ မှုကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝဘေးတွေကို ကြံ့ကြံ့ခံနိုင်ဖို့ သဘာဝကို အခြေခံတဲ့ ဖြေရှင်းမှုတွေ (Nature-based Solutions) နဲ့ သဘာဝကို အခြေခံတဲ့ ရာသီဥတု ဖြေရှင်း မှုတွေ (Natural Climate Solutions) ကို ဦးစားပေး ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး နဲ့ ရာသီဥတုပြောင်းလဲမှု လျော့နည်းသက်သာရေး အစီအမံတွေမှာ အဓိက ဆောင်ရွက်ရမယ့် Nature-based Solution / Nature Climate Change Solution တွေ အတွက် ရေဝပ်ဒေသတွေဟာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတဲ့အတွက် ရေဝပ်ဒေသတွေကို ထိန်းသိမ်းကာကွယ်ရာမှာ ပူးပေါင်းပါဝင်ပေးစေလို ပါကြောင်း တိုက်တွန်းခဲ့ပါသည်။
ဆက်လက်ပြီး ဦးဝင်းသိန်း၊ ဝန်ကြီးချုပ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် Mr. Ivar Myklebust၊ Assistant Director General၊ နော်ဝေနိုင်ငံ ပတ်ဝန်းကျင်ရေးရာအေဂျင်စီတို့မှ အသီးသီး အမှာစကားများ ပြောကြားခဲ့ပါသည်။ ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ဆက်စပ်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ INGO၊ NGO၊ CSO အဖွဲ့ များ၊ နော်ဝေနိုင်ငံ ပတ်ဝန်းကျင်ရေးရာအေဂျင်စီ (NEA)၊ ရမ်ဆာရေဝပ်ဒေသ ကျွမ်းကျင် ပညာရှင်များ၊ သတင်းမီဒီယာများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက် ခဲ့ကြပါသည်။
၎င်းအခမ်းအနားတွင် “၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ် အခမ်းအနား ” အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် “ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့ဖို့ ရေဝပ်ဒေသတွေ ထိန်းသိမ်းစို့” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိ သည့် မိုးယွန်းကြီးဒေသရှိ စာသင်ကျောင်းများမှ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၂) ဦး နှင့် မိုးယွန်းကြီးအင်းဘေးမဲ့တော ထိန်းသိမ်းရေးတွင် ပူးပေါင်း ပါဝင်ခဲ့သည့် ဒေသခံကိုယ်စားလှယ် (၃) ဦးအား ဆုချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ၎င်း နောက် မုတ္တမပင်လယ်ကွေ့ (တိုးချဲ့) (ပဲခူးတိုင်းဒေသကြီး အပိုင်း နှင့် မွန်ပြည်နယ် အပိုင်း) အား ရမ်ဆာရေဝပ်ဒေသအဖြစ် အသိအမှတ်ပြု လက်မှတ်အား သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လွှဲပြောင်း ပေးအပ်ပြီး အခမ်းအနား ပြီးမြောက်ခဲ့ပါသည်။

အဆိုပါ “၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ်အခမ်းအနား” ပြီးနောက် တစ်ဆက်စပ်တည်း (၁၃:၀၀) နာရီတွင် ရေဝပ်ဒေသ ထိန်းသိမ်းစီမံအုပ်ချုပ်ခြင်း ဆိုင်ရာ အမျိုးသားအဆင့် ကော်မတီ အစည်းအဝေး (၁/၂၀၂၀) ကို ကျင်းပခဲ့ပြီး၊ မြန်မာ နိုင်ငံ အတွင်း ရေဝပ်ဒေသ ထိန်းသိမ်းစီမံအုပ်ချုပ်ခြင်း လုပ်ငန်းများ နှင့် အမျိုးသားရေဝပ်ဒေသ မူဝါဒ နှင့် မဟာဗျူဟာလုပ်ငန်းများ ထိရောက်စွာ တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ နှင့်ပတ် သက်၍ ဆွေးနွေးခဲ့ကြပါသည်။ အထိမ်းအမှတ် အခမ်းအနား နှင့် ကော်မတီ အစည်းအဝေး တို့ကို သစ်တောဦးစီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန နှင့် နော်ဝေနိုင်ငံ၊ ပတ်ဝန်းကျင်ရေးရာ အေဂျင်စီတို့ ပူးပေါင်း ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။

date: 
Monday, February 3, 2020 - 14:00