သစ်တောများ ပြန်လည်တည်ထောင်ခြင်း ဆိုင်ရာ ပုံမှန်သင်တန်း” “(AFoCO Regular Training Course on Forest Reforestation and Rehabilitation)”ဖွင့်လှစ်ကျင်းပ

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ AFoCO Secretariat တို့အကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အာရှဒေသ သစ်တော ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC) တွင် ၂၀၁၈ ခုနှစ်မှစ၍ ပြည်တွင်း/ပြည်ပ သင်တန်းများ ဖွင့်လှစ်ကျင်းပလျက်ရှိပါသည်။ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၄-၂-၂၀၂၀ ရက်နေ့ နံနက် ၉: ၀၀ နာရီတွင် သင်တန်း ကျောင်း၌ ကျင်းပခဲ့ပြီး သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က သင်တန်းအဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်အတွင်း ဖွင့်လှစ်ပို့ချသွားမည့် ပုံမှန်သင်တန်း အစီအစဉ်များအနက် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ “သစ်တောများ ပြန်လည်တည်ထောင်ခြင်း ဆိုင်ရာ ပုံမှန်သင်တန်း” “(AFoCO Regular Training Course on Forest Reforestation and Rehabilitation)”ကို (က) အာရှဒေသတွင်း နိုင်ငံများတွင် ဒေသ အလိုက် ဆောင်ရွက် နေသည့် သစ်တောများ ပြန်လည်တည်ထောင်ရေးဆိုင်ရာ မူဝါဒနှင့် စီမံအုပ်ချုပ်မှုများအတွက် ကောင်းမွန်သော လက်တွေ့ဆောင်ရွက်မှု နည်းလမ်းများကို မျှဝေ နိုင်ရန် (ခ)ယခင် ဆောင်ရွက်ခဲ့သော သစ်တောပြန်လည်တည်ထောင်ရေးဆိုင်ရာ အတွေ့ အကြုံများနှင့် စိန်ခေါ်မှုများအား ဆွေးနွေး၍ အတွေ့အကြုံကောင်းများအား ဖလှယ်ဆောင် ရွက်နိုင်ရန်နှင့် (ဂ) သစ်တောပြန်လည်တည်ထောင်ရေး လုပ်ငန်းများအတွက် အာရှဒေသ နိုင်ငံများမှ ၎င်းတို့၏ ကိုယ်ပိုင်ပုံစံများ ရေးဆွဲဆောင်ရွက်နိုင်စေရန် ဆောင်ရွက်ဆဲနှင့် ရှေ့ဆက် ဆောင်ရွက်မည့် သစ်တောပြန်လည် တည်ထောင်ရေး အားထုတ်ဆောင် ရွက်မှု များအား လမ်းညွှန် ရှင်းလင်းပြသနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ် ကျင်းပခဲ့ ပါသည်။အဆိုပါ သင်တန်းသို့ သင်တန်းသားများအဖြစ် အဖွဲ့ဝင်နိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်း၊ တီမောလက်စ်တေနှင့် ဗီယက်နမ် နိုင်ငံတို့မှ စုစုပေါင်းသင်တန်းသား(၂၂)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းဆရာများအဖြစ် ကိုရီး ယားနိုင်ငံ မှ(၁)ဦး၊ အင်ဒိုနီးရှားနိုင်ငံမှ(၁)ဦး၊ အီတလီနိုင်ငံမှ (၁)ဦး၊ မြန်မာနိုင်ငံမှ (၂)ဦး နှင့် အင်္ဂလန်နိုင်ငံမှ (၁)ဦး၊ စုစုပေါင်း(၆)ဦးဖြင့် (၂၄-၂-၂၀၂၀ မှ ၂၈-၂-၂၀၂၀)ရက်နေ့ အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပါသည်။

date: 
Tuesday, February 25, 2020 - 11:00