FLEGT Preparedness for Small Holder Timber Producers in Myanmar စီမံကိန်းပြီးဆုံးခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်
သစ်တောဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရိစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့ (Fauna and Flora International) တို့ပူးပေါင်းကျင်းပပြုလုပ်သည့် FLEGT Preparedness for Small Holder Timber Producers in Myanmar စီမံကိန်းပြီးဆုံးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကို (၁၀-၃-၂၀၂၀)ရက်နေ့၊ နံနက်(၉:၀၀)နာရီတွင် Grand Amara Hotel ၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတွင် သစ်တောများသည် ဒေသခံပြည်သူများ အတွက် ဂေဟစနစ်ဝန်ဆောင်မှုများအပြင် စီးပွားရေးဆိုင်ရာအကျိုးအမြတ်များနှင့် ဝင်ငွေအခွင့် အလမ်းများ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် အစားအစာ၊ ရေ၊ ဆောက်လုပ်ရေး ကုန်ကြမ်းပစ္စည်းများထောက်ပံ့ပေးနိုင်ခြင်း၊ ပြင်းထန်သည့် ရာသီဉတုအခြေအနေများမှ အကာ အကွယ်ပေးခြင်းစသည့် အကျိုးကျေးဇူးများကိုလည်း သစ်တောများမှ ပေးစွမ်းလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း ၁၁ သန်းခန့် ရှိသည့်အနက် ၈၁ ရာခိုင်နှုန်းခန့်သည် လောင်စာ အတွက် ထင်းနှင့် မီးသွေးကို အသုံးပြုနေပြီး နေအိမ်အဆောက်အဦအတွက်လည်း သစ်နှင့်ဝါးကို အသုံးပြုနေသည့်အတွက် သစ်တောများအပေါ် မှီခိုမှုသည် မြင့်မားလျက်ရှိသည်ကိုလည်း တွေ့ရှိ ရမည်ဖြစ်ပါကြောင်း၊
သစ်တောဦးစီးဌာနသည် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း ဆိုင်ရာညွှန်ကြား ချက်များ (Community Forestry Instructions - CFI) ကို (၁၉၉၅) ခုနှစ်မှာ ထုတ်ပြန်ခဲ့ပြီး CFI ကို ခေတ်နှင့် လျော်ညီစေရန် ပြည်သူတို့၏ အခြေခံလိုအပ်ချက် ဖြည့်ဆည်းနိုင်ရုံသာမက သစ်တော အခြေခံစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်နှင့် တန်ဖိုးမြှင့်ထုတ်လုပ်ခြင်းကို အားပေးနိုင်ရန် အတွက် CFNWG အဖွဲ့၏ ဦးဆောင်မှုနှင့် ဖြည့်စွက်ပြင်ဆင်ပြီး၊ ၂၀၁၈ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် သစ်တောဥပဒေသစ်နှင့်အညီ လိုက်လျောညီထွေဖြစ်စေရန် CFI (၂၀၁၉) ပြင်ဆင်ချက်ကို ၂၀၁၉ ခုနှစ် မေလ ၈ ရက်နေ့တွင် အသစ်ပြင်ဆင်ထုတ်ပြန်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊
ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းများကို အခြေခံသစ်နှင့် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်း ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့သော်လည်း CFI(၂၀၁၉)တွင် စီးပွားဖြစ်ထုတ်လုပ်နိုင်သည့် အဆင့်အထိ ရောက်ရှိနေသော CF တစ်ချို့ကို စီပွားရေးလုပ်ငန်း အသွင်ဆောင်ရွက်ပြီး ဒေသခံများ၏ လူနေမှုအဆင့်အတန်းကို အထိုက်လျောက် မြှင့်တင်ပေးနိုင် မည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းကို အခြေပြုသည့် စီးပွားရေးလုပ်ငန်း (Community Forest Enterprise-CFE)ကို အပြည့်အဝအကောင်အထည်ဖော်နိုင်ရေးကို ထည့်သွင်း ရေးဆွဲထားပါကြောင်း၊ သစ်တောဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများကို တိကျမှန်ကန်မြန်ဆန်ရေး ကို အလေးထားဆောင်ရွက်လျက်ရှိပြီး CF အသုံးပြုသူများနှင့် သစ်တောများအနီးတွင် နေထိုင် သည့် ဒေသခံပြည်သူများ CF ကို ပိုမိုစိတ်ဝင်စားလာစေအောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သစ်တောဦးစီးဌာနအနေဖြင့် ယနေ့အထိ အသုံးပြုသူအဖွဲ့ဝင် တစ်သောင်းလေးထောင်ခန့် (၁၃၉၁၅၃ဦး) ပါဝင်သည့် အဖွဲ့ပေါင်းငါးထောင်လေးရာကျော် (၅၄၆၂)ဖွဲ့အတွက် ဧရိယာ ခုနှစ်သိန်း နှစ်သောင်း ကျော်(၇၂၀,၀၀၀.၆)ဧကကို ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း ဆောင်ရွက် ခွင့်လက်မှတ် ထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊
ထို့အပြင် သစ်တောဦးစီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရနှင့် ဥရောပသမဂ္ဂတို့အကြား တရားဝင်သစ်ကုန်သွယ်မှုလမ်းကြောင်းအဖြစ် FLEGT VPA Process ကိုအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နှစ် ၃၀ သစ်တောကဏ္ဍ ပင်မစီမံကိန်းအရ ဒေသခံပြည်သူအစု အဖွဲ့ပိုင်သစ်တောဧရိယာတစ်နိုင်ငံလုံးတွင် ဧက၂.၂၇ သန်းအထိဖွဲ့စည်းရန် လျာထားချက်များ ရှိခြင်းစသည့် အကြောင်းအချက်များကြောင့် CF မှ ထွက်ရှိသည့် သစ်များကို နောင်အနာဂတ် အတွက်အရေးပါသည့် သစ်အရင်းအမြစ်အဖြစ် VPA လုပ်ငန်းစဉ်တွင် ထည့်သွင်းစဉ်းစားထားရန် လိုအပ်ပါကြောင်း၊
ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ် တောများမှ သစ်တရားဝင်ဖြစ်မှုလုပ်ငန်းစဉ် (Community Forest Timber Legality Procedures-CFTLOP)ကို FFI မှ ရေးဆွဲပြီး စီမံကိန်း၏ရလဒ်အနေနှင့် CF တစ်ခုမှ ပထမဆုံး တရားဝင်သစ်ထုတ်ခြင်းကို စမ်းသပ်မှုအနေနှင့် ကချင်ပြည်နယ်၊ မိုးညှင်း မြို့နယ်တွင်ရှိသည့် ဘီလူးမြို့ဟောင်း အစုအဖွဲ့ပိုင်သစ်တောတွင် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်းတွင် သစ်တောဦးစီးဌာန၏ ကြီးကြပ်မှုနှင့် ဆောင်ရွက်ခဲ့ပါကြောင်း၊
ယနေ့ အလုပ်ရုံဆွေးနွေးပွဲကျင်းပရသည့် ရည်ရွယ်ချက်မှာ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောများမှ အသေးစားသစ်ထုတ်လုပ်ရာတွင် မူဝါဒပိုင်းဆိုင်ရာလိုအပ်ချက်များ၊ အစုအဖွဲ့ပိုင် သစ်တောအသုံးပြုသူအဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် လိုအပ်ချက်များ၊ သုတေသန ဆိုင်ရာလိုအပ်ချက်များနှင့်ပတ်သက်၍ ဆွေးနွေးရန်၊ ဆက်စပ်ပတ်သက်သူအားလုံးအတွက် နောက် ဆက်တွဲဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ နောက်ဆက်တွဲစီမံကိန်းများ သတင်းအချက်အလက် များကို ဖော်ထုတ်ဆွေးနွေးသွားရန် ရည်ရွယ်ပါကြောင်း ပြောကြားပါသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ FFI အဖွဲ့မှတာဝန်ရှိသူများ၊ MFCC-PEFC Project မှ ကိုယ်စားလှယ် များ၊ သစ်တောဦးစီးဌာနမှတာဝန်ရှိသူများ၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောများမှ အသုံးပြု သူအဖွဲ့ဝင်ကိုယ်စားလှယ်များ၊ သစ်တောဦးစီးဌာနမှ CF Unit အဖွဲ့ဝင်များ၊ ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် NGO၊ INGO များမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပါသည်။
