သစ်ပင်ပေါက်ရောက်မှု နည်းပါးသည့် တောင်တန်းတောင်ကုန်းများတွင် သစ်စေ့မြေလုံး (Seed Ball) များ ကြဲချ/စိုက်ပျိုးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းကို (၁၇-၆-၂၀၂၀) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၊ နေပြည်တော်တွင် ကျင်းပပြုလုပ်

သစ်ပင်ပေါက်ရောက်မှု နည်းပါးသည့် တောင်တန်းတောင်ကုန်းများတွင် သစ်စေ့မြေလုံး (Seed Ball) များ ကြဲချ/စိုက်ပျိုးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းကို (၁၇-၆-၂၀၂၀) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က ပြည်ထောင်စုဝန်ကြီးအား ရှင်းလင်းတင်ပြရာတွင် ပြည်ပနိုင်ငံများတွင် သစ်စေ့မြေလုံး (Seed Ball)များ ကြဲချခြင်း ဆောင်ရွက်မှုနှင့်ပတ်သက်၍ အမေရိကန်၊ ဂျပန်နှင့် ဥရောပနိုင်ငံများ၌ ဒုတိယကမ္ဘာစစ်အတွင်း သစ်တောဧရိယာပမာဏများစွာပျက်စီးခြင်းအား စက်ယန္တရားအသုံးပြု သစ်တောပြန်လည်တည်ထောင်ရာတွင် သစ်စေ့တိုက်ရိုက်ကြဲချသည့် နည်းစနစ်ကို အသုံးပြုခဲ့ကြပါ ကြောင်း၊ ၎င်းစနစ်သည် ပိုးမွှားတိရစ္ဆာန်၊ တောမီးများ၏ အန္တရာယ်ကြောင့် ရှင်သန်မှုရာခိုင်နှုန်း နည်းပါးခဲ့သဖြင့် နောက်ပိုင်းကာလများတွင် သစ်စေ့မြေလုံးကြဲချခြင်း နည်းစနစ်ကို ပြောင်းလဲကျင့် သုံးခဲ့ပါကြောင်း၊ လက်ရှိကာလတွင် UAV Drone များဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက် ရှိပါကြောင်း၊ သစ်တောပြုန်းတီးမှုများသည့် အာဖရိကနိုင်ငံများ အထူးသဖြင့် ကင်ညာနိုင်ငံတွင် သစ်စေ့မြေလုံး ကြဲချစိုက်ပျိုးခြင်းကို သစ်တောပြန်လည်တည်ထောင်ရေး၏ အဓိကလုပ်ငန်းစဉ် အဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုင်းနိုင်ငံတွင် ၂၀၃၀ ပြည့်နှစ်၌ နိုင်ငံဧရိယာ၏ ၃၀% ကို သစ်တောဖုံးလွှမ်းရန် ရည်မှန်းချက်ထားရှိပြီး သစ်စေ့မြေလုံးကြဲခြင်းသည် အဆိုပါရည်မှန်းချက် ဖြည့်ဆည်းရာ၌ အရေးပါသော ဆောင်ရွက်ချက်ဖြစ်ကြောင်း၊
မြန်မာနိုင်ငံတွင်လည်း သစ်ပင်ပေါက်ရောက်မှုနည်းပါးသည့် တောင်တန်း၊ တောင်ကုန်း များတွင် သစ်စေ့မြေလုံးများစိုက်ပျိုးခြင်းကို ၂၀၁၉ ခုနှစ်မှ စတင်စမ်းသပ်ဆောင် ရွက်ခဲ့ပါ ကြောင်း၊ ယခုနှစ်ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ ရှမ်းပြည်နယ်တွင် (၁၈-၅-၂၀၂၀) ရက်နေ့ မှ (၁-၆-၂၀၂၀)ရက်နေ့အထိ သစ်စေ့မြေလုံး စုစုပေါင်း(၁၈၇,၂၀၀)လုံး၊ စစ်ကိုင်းတိုင်းဒေသကြီး တွင် (၂၅-၅-၂၀၂၀) ရက်နေ့မှ (၂၇-၅-၂၀၂၀)ရက်နေ့အထိ သစ်စေ့မြေလုံး စုစုပေါင်း(၆၁၁,၅၀၀) လုံး၊ မကွေးတိုင်းဒေသကြီးတွင် (၁-၆-၂၀၂၀) ရက်နေ့မှ (၁၃-၆-၂၀၂၀) ရက်နေ့အထိ သစ်စေ့ မြေလုံးစုစုပေါင်း(၅၁,၃၀၀)လုံး၊ ချင်းပြည်နယ်တွင်(၃၀-၅-၂၀၂၀)ရက်နေ့မှ(၅-၆-၂၀၂၀)ရက်နေ့ အထိ သစ်စေ့မြေလုံး စုစုပေါင်း(၂၀၀,၀၀၀)လုံးနှင့် နေပြည်တော်၊ ဒက္ခိဏခရိုင်တွင်လည်း သစ်စေ့မြေလုံး(၃၀,၀၀၀)လုံးကို ဆူးထိုးစိုက်ပျိုးခြင်းနည်းဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ထိုသို့စိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီသည့် သစ်စေ့များကိုသာ အသုံးပြုဆောင် ရွက်ခြင်းဖြစ်ပါကြောင်း၊ မှတ်တမ်းဓာတ်ပုံ၊ ဗီဒီယိုများနှင့်တကွ ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်၍ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်က အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတွင် သစ်စေ့မြေလုံးများဖြင့် ဆူးထိုး စိုက်ပျိုးထားရှိမှုအခြေအနေအား ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးမှတင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးလမ်းညွှန် ခဲ့ရာ သစ်စေ့မြေလုံး ဖြင့်စိုက်ပျိုးခြင်းသည် ဌာနတွင် ပုံမှန်ဆောင်ရွက်နေသည့် စိုက်ခင်းတည် ထောင်ခြင်းလုပ်ငန်းမျိုးမဟုတ်ကြောင်း၊ မြေအမျိုးအစားညံ့ဖျင်းသည့်နေရာ၊ မတ်စောက်သော နေရာများ၊ သတ္ထုတူးဖော်ပြီးစီး၍ စွန့်ပစ်သောနေရာနှင့် အပင်များသဘာဝအတိုင်း ပြန်လည် ဖြစ်ထွန်းရန် ခက်ခဲသည့်နေရာများတွင် သစ်ပင်များပြန်လည်ပေါက်ရောက်လာစေရန် စိုက်ပျိုး သည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း၊ သစ်စေ့မြေလုံး ဖြင့်စိုက်ပျိုးခြင်းသည် စိုက်ခင်းတည် ထောင်သည့် ကုန်ကျစရိတ်ထက် အဆများစွာသက်သာကြောင်း၊ ထို့နည်းစနစ်ကို စိုက်ပျိုးမည့် နေရာတစ်ခုထဲတွင် အနည်းဆုံး(၃)နှစ်မှ (၅)နှစ်အထိ တစ်ဆက်တည်း ဆောင်ရွက်သင့်ကြောင်း၊ အပင်ပေါက်နှုန်းကောင်းသော နိုက်ထရိုဂျင်ဓာတ်ဖြည့်တင်းပေးသည့် ပဲမျိုးရင်းဝင် အပင်မျိုးစေ့ များကို အဓိကထည့်၍ဆောင်ရွက်သင့်ကြောင်း၊ တောမီးလောင်နိုင်သည့်နေရာများနှင့် တိရစ္ဆာန် များ ဖျက်ဆီးနိုင်သည့် နေရာများတွင် ဂရုစိုက်ရန်လိုအပ်ကြောင်း၊ သစ်စေ့မြေလုံးဖြင့် စိုက်ပျိုး ခြင်းတွင် ပစ်ကြဲစိုက်ပျိုးခြင်း၊ ဆူးထိုးစိုက်ပျိုးခြင်းနှင့် ဝေဟင်မှကြဲ၍စိုက်ပျိုးခြင်း နည်း(၃)နည်း ရှိပါကြောင်း၊ သစ်စေ့မြေလုံးစိုက်ပျိုးခြင်းဖြင့် အပင်ရှင်သန်မှုမရှိသည့်တိုင်အောင် မြေလုံးတွင် ပါဝင်သည့် မြေဆွေးအား မြေအမျိုးအစားညံ့ဖျင်းသည့်နေရာတွင် ဖြည့်စွက်ပေးနိုင်ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် သတ္တုတူးဖော်သည့် လုပ်ငန်းရှင်များကို သတ္တုတူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်သည့် နေရာများတွင် သစ်စေ့မြေလုံးကြဲချစိုက်ပျိုးသည့် နည်းလမ်းကို အသုံးပြု၍ ဆောင်ရွက်စေလိုကြောင်း၊ ကျေးလက်ဒေသများတွင်လည်း ဒေသခံများအားစည်းရုံး ၍ သစ်စေ့မြေလုံးကို ကိုယ်တိုင်ပြုလုပ်ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ရန် စည်းရုံးကြစေလို ကြောင်း၊ သစ်စေ့မြေလုံးကြဲ၍ စိုက်ပျိုးခြင်းဖြင့် ပြည်သူများအားပူးပေါင်းပါဝင်မှု အားကောင်း လာစေခြင်း၊ အပင်တစ်ပင်ရှင်သန်ရန်အတွက် မည်မျှခက်ခဲသည်ကို အသိပညာပေးရာရောက်ပါ ကြောင်း၊ သစ်တောဦးစီးဌာန၊ အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာနများတွင် သစ်စေ့ မြေလုံးနှင့်ပတ်သက်၍ သုတေသနလုပ်ငန်းများဆောင်ရွက်စေလိုကြောင်း စာတမ်းပြုစုတင်ပြ ရန်နှင့် သစ်စေ့မြေလုံးနှင့်ပတ်သက်သော ဆောင်းပါးများ ထည့်သွင်းရေးသားခြင်းဖြင့် ပြည်သူ များပိုမိုသိရှိစေရန် လက်တွေ့ကျကျရှင်းလင်းတင်ပြနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်(သစ်တော)၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည် ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့သစ်လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးဌာနအောက်ရှိ ဌာနများမှ အရာထမ်းများ တက်ရောက်ကြ ပါသည်။

date: 
Thursday, June 18, 2020 - 10:45