မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် (OneMap Myanmar) ရေးဆွဲအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၊ တတိယအကြိမ် အစည်းအဝေးကျင်းပ

မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် (OneMap Myanmar) ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၊ တတိယအကြိမ် အစည်းအဝေးကို (၇-၇-၂၀၂၀) ရက်နေ့၊ နံနက်(၀၉:၃၀)နာရီ တွင် သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ရာ လုပ်ငန်း ကော်မတီဥက္ကဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ တက်ရောက်ခဲ့ပါသည်။
လုပ်ငန်းကော်မတီဥက္ကဌက အဖွင့်အမှာစကားပြောကြားရာ၌(၃၁-၁-၂၀၂၀)ရက်နေ့၌ ဒုတိယ အကြိမ်အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းများကို ညှိနှိုင်းခဲ့ ကြသော်လည်း အချို့လုပ်ငန်းများသည် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (COVID-19)ဖြစ်ပွားခြင်းကြောင့် နှောင့်နှေးခဲ့ရပါကြောင်း၊ ၎င်းနှင့် စပ်လျဉ်းသည့် ကန့်သတ်ချက် များ ရှိနေဆဲကာလဖြစ်သော်လည်း OneMap Myanmar အကောင်အထည်ဖော်ဆောင်ခြင်း လုပ်ငန်းပိုင်းဆိုင်ရာများ၊ ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ၊ ကော်မတီအနေနှင့် ပံ့ပိုးရ မည့်လုပ်ငန်းများအပေါ် ဝိုင်းဝန်းအကြုံပြု ဆွေးနွေးနိုင်ရန် အစည်းအဝေး ကျင်းပရခြင်းဖြစ် ပါကြောင်း၊ OneMap Myanmar စီမံကိန်းအား ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်၍ သက်တမ်း ၅ နှစ်ကျော် ကြာခဲ့ပြီဖြစ်ပါကြောင်း၊ ယခု ၅ နှစ် တာကာလအတွင်းမှာ အမျိုးသားမြေအသုံးချမှုမူဝါဒ ပါလမ်းညွှန်ချက်များနှင့်အညီ အစိုးရဌာနများတွင် အသုံးပြုနေသည့် မြေကြီးမြေပုံများမှန်ကန်ရေး၊ မြေနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို အများပြည်သူများပါဝင်သည့် နည်းလမ်း ဖြင့် စနစ်တကျမှတ်တမ်းပြုစုရေးအတွက် သင်တန်းများပို့ချခြင်းအပြင် လုပ်ငန်းလုပ်ဆောင်ရန် လိုအပ်သည့် အဖွဲ့အစည်းဆိုင်ရာများအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြပါကြောင်း၊OneMap Myanmar စီမံကိန်းလုပ်ငန်းများကို နေပြည်တော်၊ ပြည်ထောင်စုအဆင့်အပြင် တနင်္သာရီတိုင်းဒေသကြီး၊ မွန် ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင်လည်း Piloting အားဖြင့် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊
နိုင်ငံတော်၏ မြေသယံဇာတများကို စဉ်ဆက်မပြတ် သားစဉ်မြေးဆက်ရေရှည် အသုံးပြုနိုင် ရေး အစီအမံများချမှတ်ရာတွင် အထောက်အကူပြုရန် အမျိုးသားမြေအသုံးချမှုမူဝါဒကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလတွင် ထုတ်ပြန်ကြေညာခဲ့ပါကြောင်း၊ မြေအသုံးချမှုမူဝါဒပါ ရည်ရွယ်ချက်များ၊ လမ်းညွှန်မှုများနှင့် အခြေခံမူများကို အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် အမျိုးသား မြေအသုံးချမှုကောင်စီကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင်ဖွဲ့စည်းခဲ့ပါကြောင်း၊ အမျိုးသားမြေအသုံးချ မှုကောင်စီ၏ လမ်းညွှန်မှုနှင့် ၂၀၁၉ ခုနှစ်၊ ဇွန်လအတွင်း မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်(OneMap Myanmar) ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် စံပြုထားသော မြေပုံစနစ်တစ်ခုပေါ်ပေါက်ရေး၊ ဌာနအားလုံးမျှဝေ အသုံးပြုနိုင် ရေးအတွက်ဌာနဆိုင်ရာများအားလုံးကို ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ မြေသယံဇာတ အရင်းအမြစ်ဆိုင်ရာ သတင်းအချက်အလက်များ မှန်ကန်ရေးကို ဦးတည်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ OneMap Myanmar နည်းပညာဆိုင်ရာအဖွဲ့က ၂၀၂၀ ပြည့်နှစ်၊ အစပိုင်းမှ စတင်ဆောင်ရွက်ခဲ့သော လုပ်ငန်းတိုးတက်မှုတွေကို တင်ပြခဲ့ရာ အထူးသဖြင့်COVID 19 ကာလ အတွင်း OneMap Myanmar ၏ လုပ်ငန်းတိုးတက်မှုများ၊ OneMap မူဝါဒရေးဆွဲခြင်း လုပ်ငန်း တိုးတက်မှုများ၊ OneMap Online Platform လွှင့်တင်ခြင်း ပြင်ဆင်ဆောင်ရွက်ခြင်း လုပ်ငန်းများ၊ လုပ်ငန်းကော်မတီပြင်ဆင်ဖွဲ့စည်းမှုနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၃ ဦး ရွေးချယ်ခြင်းလုပ်ငန်းများ အစရှိသည်တို့အား Presentation ပြုလုပ်တင်ပြခဲ့ပါသည်။ ဆက်လက် ၍ မြန်မာနိုင်ငံ အမျိုးသားမြေပုံစနစ် (OneMap Myanmar) ရေးဆွဲအကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီ၊ ကော်မတီဝင်များမှ တင်ပြချက်များအပေါ် ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပါသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် (OneMap Myanmar)ရေးဆွဲအကောင် အထည်ဖော်ရေး လုပ်ငန်းကော်မတီဝင် ညွှန်ကြားရေးမှူးချုပ်များနှင့် ဆက်စပ်ဌာနများမှ အရာထမ်း များ၊ OneMap Myanmar စီမံကိန်းအား ရန်ပုံငွေကြေးနှင့် နည်းပညာဆိုင်ရာ ပံ့ပိုးမှုပေးနေသည့် Center for Development and Environment-CDE, University of Bern, Switzerland နှင့် မြေယာမဏ္ဍိုင်အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

date: 
Tuesday, July 7, 2020 - 14:45