မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် (OneMap Myanmar) ရေးဆွဲအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီဥက္ကဌနှင့် OneMap Myanmar နည်းပညာဆိုင်ရာအဖွဲ့တို့၏ 5 th MEITI Report ပါ အချက်အလက်များအတွက် Web Application တည်ဆောက်ခြင်းဆိုင်ရာအစည်းအဝေးကျင်းပပြုလုပ်

မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် (OneMap Myanmar) ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဌနှင့် OneMap Myanmar နည်းပညာဆိုင်ရာအဖွဲ့တို့၏ 5th MEITI Report ပါ အချက်အလက်များအတွက် Web Application တည်ဆောက်ခြင်းဆိုင်ရာအစည်းအဝေးကို (၄-၉-၂၀၂၀) ရက်နေ့၊ နံနက်(၁၄:၃၀)နာရီ တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ရာ လုပ်ငန်းကော်မတီဥက္ကဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ တက်ရောက် ခဲ့ပါသည်။
လုပ်ငန်းကော်မတီဥက္ကဌက အဖွင့်အမှာစကားပြောကြားရာ၌ OneMap Myanmar စီမံကိန်း သည် အစိုးရဌာနအဖွဲ့အစည်းနှင့် ပြည်သူလူထုမှ မြေအပါအဝင် အခြားသဘာဝသယံဇာတဆိုင်ရာ သတင်းအချက်အလက်များအား အလွယ်တကူဝင်ရောက်ကြည့်ရှုနိုင်ရန်၊ အသုံးပြုနိုင်ရန်နှင့် မှန်ကန်သော မြေယာစီမံအုပ်ချုပ်မှုများ အထောက်အကူပြုနိုင်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ထုတ်ပြန်သည့် သတ္တုကဏ္ဍဆိုင်ရာ 5th MEITI Report ပါ အချက်အလက်ဇယားများမှ လုပ်ကွက်များ၏ တည်နေရာများအခြေခံ၍ OneMap Myanmar အဖွဲ့မှ GIS data များအဖြစ် ပြောင်းလဲခဲ့ပါကြောင်း၊ အချက်အလက်ဇယားများဖြင့် ဖော်ပြခြင်း ထက် မြေပုံများဖြင့် ဖော်ပြခြင်းက အားသာချက်များသာရှိသကဲ့သို့ အားလုံးကြည့်ရှုနိုင်မည့် Web Application အဖြစ် ဆောင်ရွက်ခြင်းက ပို၍အကျိုးရှိမည့်ဟု ယုံကြည်ပါကြောင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ OneMap Myanmar စီမံကိန်းမှတာဝန်ရှိသူများက 5th MEITI Report အရ လက်ရှိတွင် OneMap Myanmar သည် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်များ၊ ပုလဲ လိုင်စင်ဧရိယာများ၊ သတ္တုတွင်း လိုင်စင်ဧရိယာများနှင့် ၊ကျောက်စိမ်းနှင့် ကျောက်မျက်မြို့နယ်များ စသည့်အချက် အလက်များအတွက် GIS data များ တည်ဆောက်ပြီးဖြစ်ပါကြောင်း၊ GIS data များ တည်ဆောက်ပြီးဖြစ်သော်လည်း သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍ တိကျခိုင်မာရေးစစ်ဆေး ခြင်း၊ ဌာနများမှ အတည်ပြုပေးခြင်း၊ Validation Process ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အချိန်လိုအပ်ချက်ရှိပါ၍ ယခုလတ် တလောတည်ဆောက်ပြီး 5th MEITI Report အခြေခံ GIS data အပေါ် ဆန်းစစ်ရန် အခက်အခဲရှိနိုင်သည့်အတွက် လာမည့်၂၀၂၁ တွင် ထုတ်ပြန်မည့် 6th MEITI Report တွင် ဖော်ပြမည့် အချက်အလက်များအား ကြိုတင်စစ်ဆေးဆောင်ရွက်သင့်ပါကြောင်း၊ အထက် ဖော်ပြပါအချက် အလက်(၄)မျိုးအတွက် GIS data များတည်ဆောက်ရာတွင် လိုအပ်သော နည်းပညာပိုင်းအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ယခု လတ်တလောတည်ဆောက်ပြီး 5th MEITI Report အခြေခံ GIS data များ အား MEITI Concession Explorer အဖြစ် Web Application တည်ဆောက်ထားပါကြောင်း၊ အဆိုပါ Web Application အား ထုတ်ပြန်နိုင်မည်ဖြစ်သော်လည်း မည်သို့စတင်ဆောင်ရွက်သင့်သည်ကို လမ်းညွှန်မှု ပြုစေလိုပါကြောင်း တင်ပြခဲ့ပါသည်။
အစည်းအဝေးသို့ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိအရာထမ်းများ တက်ရောက်ခဲ့ပြီး OneMap Myanmar စီမံကိန်းမှ CTA Dr. Henri Rueff ၊ Land Core Group မှ Executive Director ဦးရွှေသိန်းနှင့် OneMap Myanmar စီမံကိန်းမှ တာဝန်ရှိသူများမှ Vedio Conferencing ဖြင့် တက်ရောက်ခဲ့ကြပါသည်။

date: 
Friday, September 4, 2020 - 17:15