သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်း ကွင်းဆင်းဆောင်ရွက်

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့်အတူ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၁ ရက်နံနက်ပိုင်းတွင် နေပြည်တော် ပြည်ထောင်စု နယ်မြေ၊ရေဆင်းရှိ တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)၊ ဆာဖာရီဥယျာဉ်(နေပြည်တော်)တို့ကို ကြည့်ရှုစစ်ဆေးသည်။ တိရစ္ဆာန်ဥယျာဉ်ရှင်းလင်းဆောင်တွင် တိရစ္ဆာန်ဥယျာဉ်များဌာန၊ ညွှန်ကြားရေးမှူးက နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၌ ပြည်သူများ အပန်းဖြေ ပျော်ရွှင်စေရေး၊ သတ္တဗေဒနှင့် ရုက္ခဗေဒပညာဆည်းပူးသူများအတွက်သုတေသန အထောက် အကူပြုနိုင်စေရေးအတွက် တိရစ္ဆာန်ဥယျာဉ်များတည်ထောင်ဖွင့်လှစ်ထားရှိမှု၊ အရှေ့တောင် အာရှတိရစ္ဆာန်ဥယျာဉ်များအသင်း South East Asia Zoos Association (SEAZA) သို့ အသင်းဝင်ရောက်မှု၊ 28th SEAZA Virtual Conference 2020 အား မြန်မာနိုင်ငံက ပထမအကြိမ် လက်ခံကျင်းပ၍ စာတမ်းများတင်သွင်း ဖတ်ကြားဆောင်ရွက်မှု၊ ကမ္ဘာတစ်ဝှမ်းဖြစ်ပေါ်လျက် ရှိသည့် COVID -19 ရောဂါ နိုင်ငံတွင်းကူးစက်ပြန့်ပွားမှုကြောင့် ယခုနှစ် မတ်လ ၂၆ ရက်မှစ၍ တိရစ္ဆာန်ဥယျာဉ်များ ပိတ်ခဲ့ရသည့်အတွက် ဝင်ငွေကျဆင်းလာမှု၊ တိရစ္ဆာန်အစာ ရိက္ခာ ဝယ်ယူရန်၊ ဝန်ထမ်းလုပ်ခလစာနှင့် ပြုပြင်ထိန်းသိမ်းကုန်ကျစရိတ်များအတွက် ကြုံတွေ့ရသည့် အခက်အခဲများအား တင်ပြသည်။ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က တိရစ္ဆာန် ဥယျာဉ်များအား သက်တမ်းတိုး ဆက်လက်ငှားရမ်းဆောင်ရွက်မည့်အစီအစဉ်၊ ငှားရမ်းမှု သက်တမ်းကုန်ဆုံးချိန်၌ Package စနစ်ဖြင့် တင်ဒါခေါ်ယူဆောင်ရွက်မည့်အစီအစဉ်နှင့် ဌာနကဆောင်ရွက်မည့် အစီအစဉ် များနှင့် ပတ်သက်၍ သဘောထားမှတ်ချက်နှင့် ခွင့်ပြုချက် တင်ပြတောင်းခံထားမှု အခြေအနေ တို့ကို ဖြည့်စွက်ရှင်းလင်း တင်ပြသည်။ တင်ပြချက်များ အပေါ် ပြည်ထောင်စုဝန်ကြီးက တိရစ္ဆာန်ဥယျာဉ်များကို ပြန်လည်ဖွင့်လှစ်ပါက ဖွင့်လှစ်ချိန် အကန့်အသတ်၊ လူဦးရေ အကန့်အသတ်များဖြင့် ဝင်ရောက်လေ့လာနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ကာ ကျန်းမာရေးဝန်ကြီးဌာန၏ ကျန်းမာရေးလမ်းညွှန်ချက်များနှင့် အညီ ဖွင့်လှစ် နိုင်ပါက ကျောင်းသား၊ လူငယ်၊ ပြည်သူများလည်း စိတ်အပန်းဖြေနိုင်မည့်အပြင် COVID-19 ကူးဆက်ရောဂါ ကြောင့် ပြည်သူများ၏ စိတ်ဖိစီးမှုများကိုလည်း အတိုင်းအတာတစ်ခုအထိ လျော့ချဖြေရှင်းနိုင်မည် ဖြစ်ပါကြောင်း၊ တိရစ္ဆာန်ဥယျာဉ်၏ အခက်အခဲများကို အတိုင်းအတာ တစ်ခု အထိ ဖြေရှင်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အခြားနိုင်ငံများ၌ တိရစ္ဆာန်ဥယျာဉ် ဖွင့်လှစ် ဆောင်ရွက် နေမှုအခြေအနေနှင့် ချမှတ်ဆောင်ရွက်ကြသည့် ကျန်းမာရေးလမ်းညွှန်ချက်များအား လေ့လာထားရှိရန်၊ တိရစ္ဆာန်များအားလည်း အစာအဟာရလုံလောက်စွာဖြည့်တင်းနိုင်ရေး ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ကျန်းမာရေးအတွက်လည်းအထူးအလေးထား စောင့်ရှောက်စေ လိုကြောင်း၊ တိရစ္ဆာန်ပြုန်းတီးမှုနှင့် တိုးပွားမှုကို မှတ်တမ်းပြုစုထားရှိရန်လိုအပ်ကြောင်းနှင့် လိုအပ်သည့် ရန်ပုံငွေ အချိန်နှင့်တစ်ပြေးညီ ရရှိရေးအတွက် စဉ်ဆက်မပြတ် အလေးထား ဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်းသိရသည်။

date: 
Tuesday, November 24, 2020 - 12:00