နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ၏ ဆဋ္ဌမအကြိမ်အစည်းအဝေးကျင်းပ

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ၏ ဆဌမအကြိမ်အစည်းအဝေးကို (၁၂-၁-၂၀၂၁)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီတွင် အင်ကြင်းခန်းမ၊ သစ်တောဦးစီးဌာန၊ နေပြည်တော်၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြော ကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မြန်မာ့ကမ်းရိုးတန်း သယံဇာတများ ရေရှည်တည်တံ့စေရန်နှင့် ကမ်းရိုးတန်းဒေသများတွင်ဖြစ်ပေါ်နေသည့် ဒီရေတောနှင့် ကမ်းရိုးတန်း သယံဇာတထုတ်ယူသုံးစွဲမှု ပြဿနာ၊ ပဋိပက္ခများကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတော်အဆင့်/ ဗဟိုအဆင့်ကနေ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်အဆင့်အထိ ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီများကို အဆင့်အဆင့်ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုအချိန်အထိ ဗဟိုကော်မတီအစည်းအဝေးကို(၇)ကြိမ်တိုင်တိုင် ကျင်းပနိုင်ခဲ့ပြီး ပထမအကြိမ်မှသည် သတ္တမအကြိမ်အထိ အစည်းအဝေး ဆုံးဖြတ်ချက်ပေါင်း(၅၄)ချက် ချမှတ်နိုင်ခဲ့ ပြီးကမ်းရိုးတန်းဒေသရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာနယ်မြေဒေသများနှင့် အခန်း ကဏ္ဍအသီးသီး၏ ပူးပေါင်းပါဝင်ဆုံးဖြတ် ဆောင်ရွက်မှုများကို မြှင့်တင်ပေးနိုင်ခဲ့ပါကြောင်း၊ ဗဟို ကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်များကို လက်တွေ့မြေပြင်တွင် အကောင်အထည်ဖော် ဆောင်နိုင်ရန်အတွက် လုပ်ငန်းကော်မတီ အစည်းအဝေးများကို ကျင်းပခဲ့ပြီး ယနေ့ဆိုရင် (၆)ကြိမ် မြောက် ကျင်းပခြင်းဖြစ်ပါကြောင်း၊
မြန်မာ့ကမ်းရိုးတန်းသယံဇာတ တည်ရှိမှုအခြေအနေများ၊ လူမှုစီးပွားရေးနှင့် နိုင်ငံ့စီးပွားရေး အပေါ် အထောက်အပံ့ပြုမှု အခြေအနေများနှင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတများ ရေရှည် တည်တံ့ရေးအတွက် ကျင်းပပြီးစီးခဲ့သည့် လုပ်ငန်းကော်မတီအစည်းအဝေး(၅)ကြိမ်မှာ ကမ်းရိုး တန်းသယံဇာတများဘက်စုံပူးပေါင်းစီမံအုပ်ချုပ်ခြင်း “Integrated Coastal Management”(ICM) အစီအမံများဖွံ့ဖြိုးရေးကို တစိုက်မတ်မတ် ဦးတည်ဆွေးနွေးခဲ့ကြပါကြောင်း၊
မြန်မာနိုင်ငံတွင် ICM စနစ်ကို ချမှတ်ကျင့်သုံးနိုင်ဖို့အတွက် ဗဟိုကော်မတီ၏ လုပ်ငန်း တာဝန်ကြီး (၁၀)ရပ်အနက် တာဝန်တစ်ရပ်အနေနှင့် ထည့်သွင်းပြီး အစီအမံများ ချမှတ်ဆောင် ရွက်နေသည်ကို ကော်မတီဝင်များအားလုံးသိရှိပြီးဖြစ်ပါကြောင်း၊ Integrated Coastal Management Programme (မူကြမ်း)ကို လူမှုရေး၊ စီးပွားရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆို သည့် မဏ္ဏိုင်ကြီး (၃) ရပ်လုံးကို ဟန်ချက်ညီညီ စီမံအုပ်ချုပ်ဖို့၊ ဒေသစုံ၊ ကဏ္ဍစုံ၊ ဌာနစုံ ပူးပေါင်း ဆောင်ရွက်မှုများမြှင့်တင်ပြီး ရေရှည်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက် နိုင်ရန် သစ်တောဦးစီးဌာနမှ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့အနေဖြင့့် ကမ်းရိုးတန်းဒေသရှိ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ကော်မတီများ၊ ခရိုင်ကော်မတီများ၊ နည်းပညာအကြံပေးကော်မတီဝင် များနဲ့ ဒေသအဖွဲ့အစည်းများရဲ့ အကြံဉာဏ်များရယူပြီး IUCN အဖွဲ့၏ အကူအညီနှင့် ရေးဆွဲလျက် ရှိပါကြောင်း၊ ICM ၏ အခြေခံကျသည့် လုပ်ငန်းတစ်ရပ်အနေဖြင့် မြန်မာ့ကမ်းရိုးတန်းဒေသ နယ်နိမိတ်သတ်မှတ်နိုင်ရေးအတွက် ICM ဇုန်နယ်မြေ (မူကြမ်း)ကို ရေးဆွဲဖော်ထုတ်ခဲ့ပြီးဖြစ်ပါ ကြောင်း၊ ICM အစီအမံများ ရေးဆွဲရာတွင် ကမ်းရိုးတန်းဒေသမှာရှိသည့် ဂေဟစနစ်များ၊ သယံ ဇာတများနှင့် အဏ္ဏဝါဒေသမှာရှိသည့် ဂေဟစနစ်များနှင့် သယံဇာတများကို ရေရှည်တည်တံ့ အောင်ထိန်းသိမ်းအသုံးချနိုင်ရန် ဦးတည်ချက်ထား ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ကမ်းရိုးတန်း ဂေဟစနစ်များ၊ သယံဇာတများ ပျက်စီးဆုံးရှုံးမှုနှင့် ထိန်းသိမ်းကာကွယ်ရန် လိုအပ်ချက်များသည် ထင်သာမြင်သာရှိသော်လည်း အဏ္ဏဝါဒေသမှာရှိသည့် ဂေဟစနစ်များနှင့် သယံဇာတများ ပျက်စီး ဆုံးရှုံးနေမှုအပေါ်မှာလည်း ကျွန်တော်တို့က အထူးဂရုစိုက်ပြီး ထိန်းသိမ်းဖို့လိုအပ်မည် ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံ၏ အဏ္ဏဝါညစ်ညမ်းမှု အခြေအနေများသည် အဓိကအားဖြင့် ကုန်းတွင်း ပိုင်းမှ စွန့်ပစ်ပစ္စည်းများဖြစ်သည့် မိလ္လာစွန့်ပစ်မှုများ၊ စိုက်ပျိုးရေးနှင့် ငါးမွေးမြူရေးလုပ်ငန်းများမှ ဓာတုစွန့်ပစ်ပစ္စည်းများ၊ ပလပ်စတစ်စွန့်ပစ်ပစ္စည်းများကြောင့် ညစ်ညမ်းနေရကြောင်းကို နော်ဝေ နိုင်ငံရေသုတေသနအဖွဲ့(NIVA)၏ ၂၀၁၁ ခုနှစ် အစီရင်ခံစာက ဖော်ပြထားရှိပြီး ကမ်းရိုးတန်းဒေသ အမှိုက်နှင့် အညစ်အကြေး စွန့်ပစ်စနစ်များကို ထိထိရောက်ရောက် စီမံအုပ်ချုပ်နိုင်ပါက မြန်မာ့ အဏ္ဏဝါညစ်ညမ်းမှုကို အထိုက်အလျောက် လျှော့ချနိုင်ခြေရှိကြောင်း ဖော်ပြထားကြောင်း၊
မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးရေးရည်မှန်းချက် မဏ္ဏိုင်များနှင့် လိုက်လျောညီထွေဖြစ်စေ သည့် နိုင်ငံ့ကမ်းရိုးတန်းသယံဇာတများ ဘက်စုံစီမံအုပ်ချုပ်ခြင်း အစီအမံများဖွံ့ဖြိုးစေရေးအတွက် တဖက်က ရေရှည်မှော်မှန်းချက်များချမှတ်ပြီး ဆောင်ရွက်လျက်ရှိသလို ယခုကြုံတွေ့နေရသည့် COVID-19 ကပ်ရောဂါအလွန် ပြန်လည်တည်ထောင်ရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ကမ်းရိုးတန်းဒေသများမှာ ထိရောက်သည့် စီမံချက်များ ချမှတ်ဆောင် ရွက်သွားရန်လိုအပ်ပါကြောင်း၊ ကျန်ရှိနေသေးသည့့် ဆောင်ရွက်ဆဲကိစ္စရပ်များကိုလည်း ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ပေးကြဖို့နှင့် ယနေ့အစည်းအဝေးတွင် မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်နေမှုတွေ၊ တွေ့ကြုံရသည့် အခက်အခဲများ၊ ရှေ့ဆက်ဆောင်ရွက်သင့်သည့် လုပ်ငန်း များကို ကော်မတီဝင်များအားလုံး ပွင့်ပွင့်လင်းလင်းဆွေးနွေးကြရန် ထပ်မံတိုက်တွန်း ပြောကြား လိုပါကြောင်း၊ ယနေ့အစည်းအဝေးကရလာသည့် ဆွေးနွေးတင်ပြချက်၊ အစည်းအဝေးဆုံးဖြတ် ချက်များကို ရှေ့လာမည့် အဋ္ဌမအကြိမ်မြောက် ဗဟိုကော်မတီအစည်းအဝေးတွင် မပျက်မကွက် တင်ပြဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကော်မတီဝင်အားလုံးအနေဖြင့် ကမ်းရိုးတန်း သယံဇာတများ ဘက်စုံစီမံအုပ်ချုပ်နိုင်ဖို့အတွက် ရေရှည်ရည်မှန်းချက်ချမှတ် ဆောင်ရွက်ရမည့် အစီအမံများ၊ COVID-19 ကာလအလွန် ပြန်လည်တည်ထောင်ရေးနဲ့ဖွံ့ဖြိုးရေး ဆောင်ရွက်မည့် အစီအမံများအပေါ် မိမိတို့ဒေသ၊ ကဏ္ဍအခြေအနေများအလိုက် အကြံပြုဆွေးနွေးပေးကြရန်နှင့် ကျနော်တို့ တိုင်းပြည်နှင့်လူမျိုးအတွက် ကမ်းရိုးတန်းသယံဇာတများ ရေရှည်ထုတ်ယူသုံးစွဲနိုင်ရန် မိမိတို့ကျရာနေရာကနေ တစ်တပ်တစ်အားပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြသည့်အပေါ် ကော်မတီ ဝင်များအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ လုပ်ငန်းကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီက နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ၏ လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး/ ပြည်နယ် ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီ အဖွဲ့ဝင် စစ်ဦးစီးဗိုလ်မှူးချုပ်(ရေ)၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ တို့က မိမိတို့ကော်မတီများအလိုက် ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး နိုင်ငံ အဆင့် ပင်လယ်ကမ်းရိုးတန်းသယံ ဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ ဥက္ကဌ၊ သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
အစည်းအဝေးသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ လုပ်ငန်းကော်မတီအတွင်းရေးမှူး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ လုပ်ငန်းကော်မတီအဖွဲ့ဝင် စစ်ဦးစီးဗိုလ်မှူးချုပ်(ရေ)၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ရဲမှူးကြီး(ရေကြောင်းရဲတပ်ဖွဲ့)တို့ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ် လုပ်ကိုင်မှု လုပ်ငန်းကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးများမှ Virtual စနစ်ဖြင့် တက်ရောက်ကြပါသည်။

date: 
Tuesday, January 12, 2021 - 16:00