ငှက်ပျံသန်းကွန်ရက်နယ်မြေစီမံအုပ်ချုပ်သူများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားဖွင့်ပွဲကျင်းပ

၁၀-၁၂-၂၀၂၄ ရက်နေ့ နံနက် (၀၉:၀၀) နာရီတွင် မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ ကြိုးကြာခန်းမ၌ ငှက်ပျံသန်းကွန်ရက်နယ်မြေ စီမံ အုပ်ချုပ်သူများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး၊ အာဆီယံဇီဝမျိုးစုံမျိုးကွဲဗဟိုဌာန (ASEAN Center for Biodiversity) မှ ကိုယ်စားလှယ်များ၊ သစ်တောဦးစီးဌာနမှ ကိုယ်စားလှယ်များ၊ ပဲခူးတက္ကသိုလ်၊ သတ္တဗေဒဌာနနှင့် ရုက္ခဗေဒဌာနမှ တာဝန်ရှိသူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများဖြစ်သည့် မြန်မာ့သဘာဝ ထိန်းသိမ်းရေးအဖွဲ့ (Nature Conservation Society)၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေးအသင်း (Biodiversity and Nature Conservation Association) နှင့် အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့ (Fauna & Flora International) မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ ဦးစွာပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီးက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် ကုန်းတွင်းပိုင်းရေဝပ်ဒေသများနဲ့ ကမ်းရိုးတန်းရေဝပ်ဒေသများ ပေါများစွာရှိပြီး နိုင်ငံအဆင့်နှင့် ကမ္ဘာ့အဆင့် ထူးခြားတဲ့ ရေဝပ်ဒေသများကို ပိုင်ဆိုင်ထားပါကြောင်း၊ ဒေသပြောင်းရွှေ့ကျက်စားလေ့ရှိသော ရေပျော်ငှက်များ ပျံသန်းပြောင်းရွှေ့ရာတွင် လိုအပ်တဲ့ အစာ လုံခြုံတဲ့ ရပ်နားနေရာများကို ထောက်ပံ့ပေးရန် ငှက်ပျံသန်းရာလမ်းကြောင်းပေါ်ရှိ ရေဝပ်ဒေသကျက်စားနယ်မြေများဟာ ဆောင်းခိုငှက်များအတွက် အလွန်အရေးပါပါကြောင်း၊ မြန်မာနိုင်ငံဟာ ကမ္ဘာ့ငှက်ပျံသန်းရာ လမ်းကြောင်း (၉) ခုရှိတဲ့ အနက်မှ အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်း လမ်းကြောင်းနဲ့ အာရှဗဟိုငှက်ပျံသန်းလမ်းကြောင်းတို့မှာ ကျရောက်ပါကြောင်း၊ ယခုဆိုလျှင် မုတ္တမပင်လယ်ကွေ့ဒေသ၊ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ မိုးယွန်းကြီး တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၊ နံ့သာကျွန်းနဲ့ မေယုမြစ်ဝ၊ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ ပလိပ်အင်းနဲ့ ပြူကန်အစရှိတဲ့ ငှက်ပျံသန်း ကွန်ရက်နယ်မြေ (၈) ခု သတ်မှတ်ခံရပြီး ဖြစ်ပါကြောင်း၊ သစ်တောဦးစီးဌာနဟာ မိတ်ဖက် အဖွဲ့အစည်းများနဲ့ ပူးပေါင်း၍ မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိတဲ့ ရေညှောင့်နှုတ်ဝိုင်းငှက်၊ ပို့ချပ်ခေါင်းစိမ်းနဲ့ အခြားသော ရွှေ့ပြောင်းရေပျော်ငှက် မျိုးစိတ်များစွာတို့ကို ကာကွယ်ရန် ရည် ရွယ်ပြီး ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ လူထု၊ အသိပညာပေး လှုပ်ရှားမှုများကို ပူးပေါင်းဆောင်ရွက် လျက် ရှိပါကြောင်း ပြောကြားသည်။ အလုပ်ရုံဆွေးနွေးပွဲမှာ မြန်မာနိုင်ငံရှိ ရေဝပ်ဒေသများ ထိန်းသိမ်းစီမံအုပ်ချုပ်မှု၊ ငှက်ပျံသန်း ကွန်ရက် နယ်မြေအခြေအနေများနှင့် စိန်ခေါ်မှုများ၊ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောများမှာ ရေပျော်ငှက် စာရင်းကောက်ယူမှုနဲ့ စောင့်ကြည့်လေ့လာမှုများ၊ ငှက်ပျံသန်းကွန်ရက်နယ်မြေများတွင် ထိန်းသိမ်းရေးဆောင်ရွက်နေမှုများ၊ ရေညှောင့်နှုတ်ဝိုင်းငှက် ထိန်းသိမ်းရေးစီမံချက်အား လေ့လာ ဆန်းစစ်ခြင်းနဲ့ ငှက်ပျံသန်းနယ်မြေများရဲ့ အဓိကမျိုးစိတ်များ ထိန်းသိမ်းရေး အစီအစဉ်များ အပြင် မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှာ ဆောင်ရွက်နိုင်မည့် သဘာဝအခြေခံခရီးသွား လုပ်ငန်းဆိုင်ရာ အလားအလာတို့ကိုပါ အဓိကထား ဆွေးနွေးကြမည် ဖြစ်ပြီး နိုင်ငံ အဆင့်မှသည် ဒေသတွင်းအဆင့်အထိ ငှက်ပျံသန်းကွန်ရက်နယ်မြေများကို ထိရောက်စွာ ထိန်းသိမ်းစီမံနိုင်စေဖို့နဲ့ ကွန်ရက်နယ်မြေအချင်းချင်းကြား ထိန်းသိမ်းရေးဆိုင်ရာ ကြိုးပမ်း ဆောင် ရွက်မှု အတွေ့အကြုံများ မျှဝေခြင်းများအပြင် ထိန်းသိမ်းရေး မဟာဗျူဟာများ ရေးဆွဲနိုင်ရေး (၄)ရက်ကြာဆွေးနွေးဖော်ဆောင်နိုင်မည် ဖြစ်ပါကြောင်း သိရှိရပါသည်။

date: 
Wednesday, January 22, 2025 - 05:00