၂ဝ၂၅ ခုနှစ် နိုင်ငံအဆင့်သစ်တောဖုံးလွှမ်းမှုဆန်းစစ် လေ့လာခြင်းအလုပ်ရုံဆွေးနွေးပွဲကျင်းပ
၂၀၂၅ ခုနှစ် နိုင်ငံအဆင့်သစ်တောဖုံးလွှမ်းမှုဆန်းစစ် လေ့လာခြင်း အလုပ်ရုံဆွေးနွေးပွဲ (Consultation and Validation Workshop on Forest Resources Assessment 2025, Myanmar) (၈-၁-၂၀၂၅) ရက်နေ့၊ ဗုဒ္ဓဟူးနေ့၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ကိုယ်စားလှယ်များ၊ ဆက်စပ်ဌာနများမှ RS & GIS ကျွမ်းကျင်ပညာရှင်များ၊ ပြင်ပအဖွဲ့အစည်းများနှင့် ပြင်ပကျွမ်းကျင်ပညာရှင်များ အသီးသီးတက်ရောက်ခဲ့ကြပါသည်။ ဦးစွာ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် သစ်တောဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုနှင့် သစ်တော သယံဇာတဆန်းစစ်လေ့လာခြင်းလုပ်ငန်းကို ကောင်းကင်ဓါတ်ပုံများ အသုံးပြုပြီး ၁၉၅၅ ခုနှစ်၊ ၁၉၇၅ ခုနှစ်နှင့် ၁၉၈၉ ခုနှစ်တို့တွင် ဆန်းစစ်လေ့လာ ခဲ့ပါကြောင်း၊ ၁၉၉ဝ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ နိုင်ငံရဲ့သစ်တောဖုံးလွှမ်းမှု ကို UNFAO ရဲ့ နည်းပညာ အထောက် အပံ့ဖြင့် ဂြိုဟ်တုဓါတ်ပုံများ အသုံးပြုခြင်း၊ သယံဇာတစာရင်း ကောက်ယူခြင်းမှ ရရှိသည့် အချက်အလက်များကို အသုံးပြု၍ ပြင်ဆင် လေ့လာခဲ့ကြပါကြောင်း၊ အကဲဖြတ်ရလဒ် များကို အစီရင်ခံစာ များရေးသားပြုစု၍ ကမ္ဘာ့ကုလသမဂ္ဂ၏ စားရေရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) သို့ ၅ နှစ်လျှင် ၁ ကြိမ် တင်ပြ၍ ကမ္ဘာ့သစ်တောသယံဇာတများ အကဲ ဖြတ်ခြင်း (Global Forest Resources Assessment- FRA) အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ သစ်တော သယံဇာတ အခြေအနေ၊ အပြောင်းအလဲများ Time Series Data များကို ဖော်ပြ ပေးလျက်ရှိကြောင်း၊ သစ်တောဦးစီးဌာနအနေဖြင့် သစ်တောဖုံးလွှမ်းမှုအခြေအနေကို ဂြိုဟ်တု ဓါတ်ပုံများ၊ Remote Sensing နဲ့ GIS Soft ware များကို အသုံးပြုလေ့လာ၍ Digital Image Classification စနစ်ဖြင့် မြေပုံများရေးဆွဲခဲ့ပါကြောင်း၊ အစီရင်ခံ စာများအရ မြန်မာနိုင်ငံရဲ့သစ်တောဖုံးလွှမ်းမှုဟာ ၄၆.၉၆ % (FRA 2010)၊ ၄၂.၉၂ % (FRA 2015) နဲ့ ၄၂.၁၉ % (FRA 2020) အသီးသီးရှိပါကြောင်း၊ ၂၀၂၅ခုနှစ် မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုအခြေအနေကို Remote Sensinga GIS နည်းပညာများအသုံးပြုပြီး ဆန်းစစ်လေ့လာခြင်း ဆောင်ရွက် ခဲ့ပြီး ရရှိလာတဲ့ရလဒ်များအရ FRA 2025 အစီရင်ခံစာအဖြစ် ရေးသား ပြုစုခဲ့ပြီးနောက် အစီရင်ခံစာ(မူကြမ်း)ကို ဒီနေ့ အလုပ်ရုံ ဆွေးနွေးပွဲသို့ ကြွရောက်လာကြတဲ့ ဆက်စပ်ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ တက္ကသိုလ်များ၊ အငြိမ်းစားသစ်တော ပညာရှင်များ၊ RS/GIS ကျွမ်းကျင်ပညာရှင်များ၊ သုတေသီများနဲ့ တက်ရောက်လာသူများမှ သစ်တောသယံဇာတဆန်းစစ် လေ့လာခြင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ တိကျမှန်ကန်မှု ဆန်းစစ်လေ့လာခြင်းများနဲ့ ရလဒ်တွက်ချက်ရာမှာ ဘာသာရပ်ဆိုင်ရာ နည်းပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုရှုထောင့်မှ ဆွေးနွေး အကြံပြုပေးပါရန် ပြောကြားခဲ့ပါသည်။ဆက်လက်၍ အလုပ်ရုံဆွေးနွေးပွဲအား ဆက်လက်ကျင်းပရာ သစ်တောဦးစီးဌာန၊ စီမံကိန်းနှင့်စာရင်းအင်းဌာန တာဝန်ရှိသူအသီးသီး၏ ဆန်းစစ်လေ့လာခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ RS & GIS နိုင်ငံအဆင့်သစ်တောဖုံးလွှမ်းမှု နည်းပညာအသုံးပြုလေ့လာမှုများ ရလဒ်တိကျမှန်ကန်ရေး စစ်ဆေးခြင်းနည်းစနစ်နှင့် အစီရင်ခံစာပြုစုခြင်း ဆောင်ရွက်ထားရှိမှု ရှင်းလင်းတင်ပြခြင်းများအပေါ်တက်ရောက် လာသည့် ဆက်စပ်ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ တက္ကသိုလ်များ၊ အငြိမ်းစား သစ်တောပညာရှင်များ၊ RS/GIS ကျွမ်းကျင်ပညာရှင်များ၊ သုတေသီများ အနေဖြင့် ၂၀၂၅ ခုနှစ်၊ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုဆန်းစစ်လေ့လာခြင်း (FRA 2025) နှင့်ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ပါကြောင်းသိရှိရပါသည်။





