တောင်ပင်လယ်ဆည်ကြိုးပြင်ကာကွယ်တောသတ်မှတ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ် သစ်တောဥပဒေတွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသည့်လုပ်ပိုင် ခွင့်များကိုကျင့်သုံးလျက် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၅၈၆၁ ဧကရှိသောနယ်မြေကို “တောင်ပင်လယ်ဆည်ကြိုးပြင် ကာကွယ်တော” အဖြစ်အမိန့်ကြော်ငြာစာ အမှတ် (၂/၂ဝ၂၅) အရ ၁၃၈၆ ခုနှစ်၊ ပြာသို လဆန်း ၄ ရက်(၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် အပူပိုင်းဒေသဖြစ်သော မြင်းခြံမြို့နှင့်ပတ်ဝန်းကျင်ဒေသအား အပူချိန်လျော့နည်းကျဆင်းပြီး ပူပြင်းခြောက်သွေ့မှုကာကွယ်ရန်းရာသီ ဥတုသာယာမျှတစေပြီး စိမ်းလန်းစိုပြည် သာယာလှပစေရန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုလျော့နည်းသက်သာစေရန်၊ မြေဆီလွှာပိုမိုကောင်းမွန်လာစေရန်၊ မြေဆီလွှာတိုက်စားမှုများ တားဆီး ကာကွယ်ရန်၊ သဘာဝဘေးအန္တရာယ်များမှ အကာအကွယ်ပေးနိုင်ရန်၊ ဒေသခံပြည်သူများ၏လယ်ယာသုံးသစ်၊ထင်း၊ ဝါး စသည့် သစ်တောထွက်ပစ္စည်းများ စဉ်ဆက်မပြတ်ထောက်ပံ့ပေးနိုင်ရန်နှင့် ရေဝေရေလဲဒေသများနှင့် အပူပိုင်း သစ်တောများ ထိန်းသိမ်းရန်ရည်ရွယ်၍ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများအဖြစ် ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်ပါသည်။
တောင်ပင်လယ်ဆည်ကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်းဖြင့် အဆိုပါဧရိယာအတွင်း ပေါက်ရောက်လျက်ရှိသော အပူပိုင်းဒေသ၏ဒေသမျိုးရင်းသစ်မျိုးများဖြစ်သည့် သန်း၊ ဒဟတ်၊ ရှား၊ ထနောင်း၊ တမာ၊ ဆူးဖြူ စသည့်သစ်မျိုးများအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ဒေသခံပြည်သူများအတွက် လယ်ယာလုပ်ငန်းသုံး သစ်၊ထင်း၊ ဝါးနှင့် အခြားအပူပိုင်းဒေသ သစ်တောထွက်ပစ္စည်းများ ပိုမိုရရှိနိုင်ခြင်း၊ အရိပ်နှင့်နားခိုရာနေရာများ တိုးပွားလာစေခြင်း၊ ခါ၊ ချိုး၊ ဖွတ်၊ တောကြောင်၊ ငုံး၊ ယုန် စသည့် တိရစ္ဆာန် များ၏ နေထိုင်ကျက်စားရာဒေသနှင့် ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းနိုင်မည် ဖြစ်ခြင်း၊ သဲကန္တာရဖြစ်ထွန်းမှုတိုက်ဖျက်ရေးအထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ခြင်း၊ ရေတိုက်စားမှု၊ လေတိုက်စားမှုများမှ တားဆီးကာကွယ်နိုင်မည်ဖြစ်ခြင်း၊ မြေဆီလွှာထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက် နိုင်မည်ဖြစ်ခြင်း၊ မြေအောက်ရေထိန်းသိမ်းနိုင်ခြင်းနှင့် သစ်တောဖုံးလွှမ်းမှု တိုးလာပြီး ရာသီဥတုပိုမိုကောင်းမွန်မျှတလာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မည် ဖြစ်ပါသည်။
