၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၇မှ ၁၉) ရက်နေ့အထိ မိန်းမလှကျွန်းဘေးမဲ့တောဧရိယာ၊ ငမန်းသောင်၊ ဂဒုံကလေးကျွန်းနှင့် ဂယက်ကြီးကျွန်းတို့တွင် မြန်မာ့သဘာဝထိန်းသိမ်းရေးအဖွဲ့ (Nature Conservation Society– Myanmar) အဖွဲ့နှင့် ပူးပေါင်း၍ ငှက်စာရင်းကောက်ယူခြင်းဆောင်ရွက်
မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် အာဆီယံအမွေအနှစ်ဥယျာဉ် (၂၀၀၃)၊ ရမ်ဆာရေဝပ်ဒေသ (၂၀၁၇) အဖြစ် သတ်မှတ်ခြင်းခံထားရပြီး အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်း၏ ကွန်ရက်နယ်မြေတစ်ခု ဖြစ်ပါသည်။ ဆောင်းခိုငှက်များသည် မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသို့ နိုဝင်ဘာလ (ဒုတိယအပတ်) တွင် လာရောက် ဆောင်းခိုလေ့ရှိပြီး ဧပြီလတွင် ၎င်းတို့နေရပ်သို့ ပျံသန်းပြီး သားပေါက်ကြပါသည်။ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်၊ နိုဝင်ဘာလမှ ဇန်နဝါရီလအထိ လာရောက်ဆောင်းခိုသည့် ငှက်မျိုးစိတ် (၃၈) မျိုးနှင့် ဌာနေငှက် (၁၀၆) မျိုး ၊ စုစုပေါင်း ငှက်မျိုးစိတ်( ၁၄၄) မျိုး ကျရောက် ကျက်စားလျှက်ရှိပါသည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် မြစ်တွေးနှုတ်နီ (Caspian Tern) ၊ ဗျိုင်းအောက်ခေါင်းညို (Chinese Pond Heron)၊ ရေညှောင့်ကောင် (Common Sandpiper)၊ ရေညှောင့်နှုတ်သီးကောက် (Curlew Sandpiper)၊ နှုတ်သီးကောက်ကြီး (Eurasian Curlew)၊ တစ်တီတူးခေါင်းမွဲ (Grey-headed Lapwing)၊ ဒုံးမြီးခွက် (Lesser Adjutant)၊ ဥပန်း (Oriental Darter)၊ ငဟစ် (Purple Heron)၊ ခရုစုပ်/ကုလားကောက်/မိန်းမလက် (Whimbrel) စသည်တို့ ကျက်စားနေထိုင်ကြောင်း မှတ်တမ်းတင်ရရှိပါသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၇) ရက်နေ့မှ (၁၉) ရက်နေ့အထိ မိန်းမလှကျွန်းဘေးမဲ့တောဧရိယာများ၊ ဆောင်းခိုငှက်များနှင့် ရေပျော်ငှက်များ ကျရောက်ကျက်စားလျှက်ရှိသည့် ရမ်ဆာရေဝပ် ဒေသဧရိယာများပါဝင်သော ငမန်းသောင်၊ ဂဒုံကလေးကျွန်းနှင့် ဂယက်ကြီးကျွန်းများတွင် မြန်မာ့သဘာဝထိန်းသိမ်းရေးအဖွဲ့ (Nature Conservation Society– Myanmar) အဖွဲ့နှင့် ပူးပေါင်း၍ ငှက်စာရင်းကောက်ယူလျှက်ရှိပါကြောင်း ဖော်ပြရင်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ရေဝပ်ဒေသများနေ့ (World Wetlands Day 2025) အား ဂုဏ်ပြုအပ်ပါသည်။