အင်လေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲတောသဘာဝထိန်းသိမ်းရေးနယ်မြေအတွင်း ရေပျော်ဆောင်းခိုငှက်အချို့ မျိုးပွားသားပေါက်လျက်ရှိကြောင်း စာရင်းကောက်ယူမှုမှတ်တမ်းအရသိရှိရ
အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသဘာဝထိန်းသိမ်းရေးနယ်မြေသည် အင်းလေးကန်၊ စံကားအင်းနှင့် ဖယ်ခုံအင်းစသည့် ရေဝပ်ဒေသကြီး (၃)ခုနှင့် ဘီလူးချောင်းတို့ တစ်ဆက် တစ်စပ်တည်း ပါဝင်တည်ရှိနေသည့် ရေဝပ်ဒေသဂေဟစနစ်ထိန်းသိမ်းရေးနယ်မြေတစ်ခု ဖြစ်ပါ သည်။ အင်းလေးကန်အပိုင်းကို မြန်မာနိုင်ငံ၏ ပဉ္စမမြောက် ရမ်ဆာရေဝပ်ဒေသ (၂၀၁၈) အဖြစ် သတ်မှတ်ထားပြီး အရှေ့အာရှ-ဩစတြေးလျငှက်ပျံသန်းရာလမ်းကြောင်း ၏ ကွန်ရက်နယ်မြေတစ်ခု ဖြစ်ပါသည်။ အင်းလေးကန်သဘာဝထိန်းသိမ်းရေးနယ်မြေအတွင်းနှင့် ဆက်စပ်ဒေသများအတွင်း လစဉ် ငှက်မျိုးစိတ်စာရင်း ကောက်ယူခြင်းနှင့်ဆန်းစစ်ခြင်းလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ စာရင်းကောက်ယူမှုမှတ်တမ်းများအရ သစ်တောငှက်(၂၇၃)မျိုး၊ ရေပျော်ငှက်(၁၀၂)မျိုး စုစုပေါင်း (၃၇၅)မျိုးကို မှတ်တမ်းတင်ထားရှိပြီးဖြစ်ပါသည်။ နှစ်စဉ် ဇန်နဝါရီလ ဒုတိယပတ်အတွင်း အာရှရေပျော်ငှက်စာရင်းကောက်ယူခြင်းလုပ်ငန်း (Asian Waterbird Census-AWC) ကို ဆန်းစစ်လျက်ရှိရာ (၇-၁-၂၀၂၄) ရက်နေ့ ကောက်ယူမှုမှတ်တမ်းအရ ရေပျော်ငှက်မျိုးစိတ်(၄၈) မျိုးနှင့် ကောင်ရေ (၁၁,၄၅၈) ကောင်၊ ယခုနှစ် (၈-၁-၂၀၂၅) ရက်နေ့တွင် ကောက်ယူတွေ့ရှိမှု မှတ်တမ်းအရ ရေပျော်ငှက်မျိုးစိတ် (၄၂)မျိုး နှင့် ကောင်ရေ (၁၃,၉၈၀) ကောင်တို့ကို ဆန်းစစ်တွေ့ရှိရပါသည်။
သဘာဝနယ်မြေအတွင်းရှိဆက်စပ်ဒေသများဖြစ်သည့် စံကားအင်းနှင့်ဖယ်ခုံအင်း ဒေသများတွင် စာရင်းကောက်ယူနိုင်မည်ဆိုပါက မျိုးစိတ်နှင့်ကောင်ရေ တိုးမြှင့်လာနိုင်မည် ဖြစ်ပါသည်။ အင်းလေးကန်ဒေသအတွင်း ကျရောက်ကျက်စားလျက်ရှိသည့် ရေပျော်ငှက်မျိုးစိတ် (၁၀၂) မျိုးတွင် အောက်တိုဘာလမှဧပြီလအတွင်း ပြောင်းရွှေ့ကျက်စားရောက်ရှိလာသည့် ဆောင်းခိုငှက်မျိုးစိတ် (၄၁) မျိုး နှင့် သစ်တောဆောင်းခိုငှက် (၁၂)မျိုးတို့ကို စာရင်းကောက်ယူ တွေ့ရှိရပါသည်။ ရေပျော် ဆောင်းခိုငှက်များတွင် မျိုးသုဉ်းမှုအန္တရာယ်နှင့် ရင်ဆိုင်နေရသည့် မျိုးစိတ်များဖြစ်သည့် ပို့ချပ်ဘဲ ခေါင်းစိမ်း (Baer's Pochard)၊ မျိုးသုဉ်းမှုအန္တရာယ်ကျရောက်နိုင်သော မျိုးစိတ်ဖြစ်သည့် ကြိုးကြာခေါင်းနီ (Sarus Crane)၊ Common Porchard ၊ အမောက်ပါတစ်တီတူး (Northern Lapwing) မျိုးစိတ် နှင့် မျိုးသုဉ်းရန်အန္တရာယ် ကျရောက်လုနီးပါးမျိုးစိတ်ဖြစ်သည့် Ferruginous Duck၊ Black-headed Ibis စသည်တို့ ကျရောက်ကျက်စားမှု တွေ့ရှိရပါသည်။ သစ်တောဆောင်းခိုငှက်များတွင် ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းမှုအန္တရာယ်နှင့် ရင်ဆိုင်နေရသည့် မျိုးစိတ်များဖြစ်သည့် စာဝါကြား (Yellow-breasted bunting) ကောင်ရေ (၅၀၀) ကျော်နှင့် ကျေးငှက်မျိုးစိတ် (Grey-headed Parakeet ) ကောင်ရေ (၁၀၀) ခန့် ကျရောက်ကျက်စားလျက် ရှိသည်ကို ဆန်းစစ်တွေ့ရပါသည်။
အင်းလေးကန်ဒေသသည် ရေပျော်ဆောင်းခိုငှက်များအတွက် နားခိုကျက်စားနိုင်ရန်အတွက် လုံလောက်သောကျက်စားဒေသများအဖြစ် ကျယ်ဝန်းစွာတည်ရှိနေပြီး အချို့ရေပျော်ငှက်များမှာ မျိုးပွားသားပေါက်လျက် ရှိသည်ကိုလည်းတွေ့ရှိရပါသည်။ သဘာဝနယ်မြေအတွင်းတည်ထောင်ထားသည့် ငှက်စားကျက်နှင့် ငှက်သားပေါက်ဧရိယာများအနက် မိုင်းသောက်ငှက်စားကျက်တွင် ယခုနှစ်စာရင်းကောက်ကာလဖြစ်သည့် ဇန်နဝါရီလအတွင်း ခရုတုပ်ငှက် (Asian Openbill) များသည် ကောင်ရေ (၂၀၀၀)ဝန်းကျင်ခန့် ကျက်စားလျက်ရှိပြီး အသိုက်များတွင် အဆိုပါငှက်သားပေါက်ငယ်များ တွေ့ရှိရပါကြောင်း ဖော်ပြရင်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ရေဝပ်ဒေသများနေ့ (World Wetlands Day 2025) အား ဂုဏ်ပြုအပ်ပါသည်။