FD-APFNet IFEM စီမံကိန်းမှ ဖွင့်လှစ်သော “ကျေးလက်ဒေသအထောက်အကူပြု ဝါးစိုက်ပျိုးပြုစုခြင်းနှင့် ဝါးလက်မှုပစ္စည်းထုတ်လုပ်မှုနည်းပညာသင်တန်း” ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း
သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာနနှင့် သစ်တောများပြန်လည်တည်ထောင်ခြင်းနှင့် ထာဝစဉ်တည်တံ့သော သစ်တောစီမံအုပ်ချုပ်မှုဆိုင်ရာ အာရှနှင့်ပစိဖိတ်ဒေသကွန်ယက်အဖွဲ့ (Asia Pacific Network for Sustainable Forest Managment and Rehabilitation-APFNet) တို့ ပူးပေါင်းဆောင်ရွက်သည့် “မဲခေါင်ဒေသ၊ မြန်မာနိုင်ငံတွင် သစ်တောဂေဟစနစ်များအား ဘက်စုံစီမံအုပ်ချုပ်ခြင်းနှင့်သရုပ်ပြခြင်းစီမံကိန်း” ၏ အထောက်အပံ့ဖြင့် ဖွင့်လှစ်သည့် ကျေးလက်ဒေသအထောက်အကူပြု ဝါးစိုက်ပျိုးပြုစုခြင်းနှင့် ဝါးလက်မှုပစ္စည်း ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၀-၁-၂၀၂၅ ရက်နေ့၊ နံနက် (၈း၀၀) အချိန်တွင် သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာန စုဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းဆရာများ၊ သုတေသီများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
၂၀-၁-၂၀၂၅ ရက်နေ့ မှ ၂၄-၁-၂၀၂၅ ရက်နေ့ထိ ၅ ရက်ကြာ ဖွင့်လှစ်မည့် အဆိုပါသင်တန်းသည် သစ်တောကဏ္ဍ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်၊ ဝါးလက်မှုကုန်ချော ထုတ်လုပ်ပြီး မိမိအိမ်သုံးသာမက ဈေးကွက်တင်ပို့ရောင်းချခြင်းဖြင့် အမျိုးသမီးများနှင့်အိမ်ထောင်ရှင် မိခင်များဝင်ငွေရရှိစေရန်၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းတိုးပွားစေရန် ရည်ရွယ်၍ ဖွင့်လှစ်သောသင်တန်းဖြစ်ပါကြောင်းနှင့် ဝါးစိုက်ပျိုးပြုစုခြင်း၊ သဘာဝဝါးတောများစီမံအုပ်ချုပ်ခြင်း၊ ဝါးရှာလကာရည်ထုတ်လုပ်ခြင်း၊ ဝါးဆက်တီနှင့် ဝါးကုတင်ပြုလုပ်ခြင်းတို့အား စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။



