စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အတွင်းရှိ ရှိမ္မကားတောရကြီးကျောင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော (၃၂၇) ဧက တည်ထောင်ရသည့် ရည်ရွယ်ချက်နှင့် ရရှိလာနိုင်မည့် အကျိုးကျေးဇူးများ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ မေလတွင် ထုတ်ပြန်သည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်း ရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ (က)အရ အပ်နှင်းထားသည့် အခွင့်အာဏာများကိုကျင့်သုံး၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် အတွင်းရှိ (၃၂၇) ဧကကို ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရန်အတွက် “ ရှိမ္မကားတောရကြီးကျောင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ် ( ၁၂ /၂၀၂၅) အရ ၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် (၁၀) ရက် (၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ ၂၃ ရက်) မှစတင် သတ်မှတ်ကြောင်း ကြေညာလိုက်သည်။
ရှိမ္မကားတောရကြီးကျောင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ရှိမ္မကားကျေးရွာနှင့် ငါးရယ်ကျေးရွာတို့အကြား၊ ဧရာဝတီမြစ်ကမ်း နဘေးတွင် တည်ရှိပါသည်။ မင်းတုန်းမင်းတရားကြီး လက်ထက် ၁၂၂၅ ခုနှစ်၊ ကဆုန်လပြည့်ကျော် (၇) ရက်နေ့တွင် ရှိမ္မကားတောရကြီးကျောင်းနယ်မြေအဖြစ် မူလပထမ ရွှေကျင်ဆရာတော်ဘုရားကြီး ထံ လှူဒါန်းခဲ့ပြီး သီတင်းသုံးနေထိုင်သည့် ဆရာတော်ကြီးများမှ ခေတ်အဆက်ဆက် ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြသဖြင့် တောတောင်သဘာဝ အလှအပရှုခင်းများ၊ အဖိုးတန်ရှေးဟောင်း ယဉ်ကျေးမှု လက်ရာများဖြင့် ခန့်ညားထည်ဝါနေသော အဆောက်အအုံများ ယနေ့တိုင် ပျက်စီးပျောက်ကွယ်သွား ခြင်းမရှိဘဲ တည်ရှိနေပါသည်။
ရှိမ္မကားတောရကြီးကျောင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော (၃၂၇) ဧကရှိသော ဒေသတွင် သဘာဝဝန်းကျင်ထိန်းသိမ်းရေး အပြည်ပြည်ဆိုင်ရာအဖွဲ့ (IUCN)၏ ကာကွယ်ထိန်းသိမ်းမှုအဆင့် သတ်မှတ်ချက်အရ မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ် (Endangered-EN) စာရင်းဝင် ရှားပါး၍ မြန်မာနိုင်ငံတွင်သာ ပေါက်ဖွားကျက်စားလျက်ရှိသော မျိုးစိတ် (Endemic Species - ED) ဖြစ်သည့် မြန်မာ့ရွှေသမင်များနှင့် တောကြောင်မျိုးစိတ်များ၊ ရှဉ့််၊ တွားသွားသတ္တဝါများနှင့် ခါ၊ ရွှေပြည်စိုး၊ ကြက်တူရွေးစသည့် ငှက်မျိုးစိတ်များ ကျက်စားရာဒေသ ဖြစ်သောကြောင့် ရှေရှည်တည်တံ့စေရန် အတွက်လည်းကောင်း၊ အပူပိုင်းတောခြောက် အမျိုးအစားတွင် ရှင်သန်ပေါက်ရောက်သည့် သန်း၊ ဒဟတ်၊ တမာ၊ ရှား၊ ကုက္ကိုလ်စသည့် သစ်မျိုးများနှင့် အခြားအပင်မျိုးစိတ်များ ပေါက်ရောက်ခြင်း ကြောင့် အပူပိုင်းဒေသ ဂေဟစနစ်များကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်စေရန်အတွက် လည်းကောင်း ရည်ရွယ်၍ “ရှိမ္မကားတောရကြီးကျောင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော” အဖြစ် သတ်မှတ်ဖွဲ့စည်းခြင်းဖြစ်ပါသည်။

ရှိမ္မကားတောရကြီးကျောင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော တည်ထောင်ထိန်းသိမ်းခြင်း အားဖြင့် မြန်မာ့ရွှေသမင်များ ကျက်စားနေထိုင်ရာ နေရင်းဒေသများအား ရှေရှည်တည်တံ့စေရန် စောင့်ရှောက်နိုင်ခြင်း၊ အပူပိုင်းသစ်တောဂေဟစနစ်များနှင့် သစ်တောဖုံးလွှမ်းမှု ပိုမိုကောင်းမွန်လာ ပြီး ထာဝစဉ်တည်ရှိနေခြင်းအားဖြင့် ရာသီဥတုမျှတစေခြင်းနှင့် ကောင်းမွန်သော မြေဩဇာ၊ မြေဆီ များကို ထိန်းသိမ်းထားနိုင်ခြင်း၊ ရေတိုက်စားခြင်း၊ မြေပြိုခြင်းနှင့် ချောင်းကောခြင်းများကို သက်သာ စေနိုင်ခြင်း၊ မြစ်၊ ချောင်းများ ရေစီးရေလာများ ကောင်းမွန်လာစေခြင်း၊ တောတောင်ရေမြေနှင့် သဘာဝသစ်ပင်များ အမြဲတမ်း စိမ်းလန်းစိုပြည်လာခြင်းကြောင့် တောရိုင်းတိရစ္ဆာန်များအတွက် စားကျက်များ ကောင်းမွန်ခြင်းနှင့် အကောင်အရေအတွက် တိုးတက်ပွားများလာစေခြင်း၊ တောတောင် ရေမြေ သစ်ပင်များ ဖွံ့ဖြိုးကောင်းမွန်လာစေခြင်းအားဖြင့် မြေနိမ့်ပိုင်းလယ်ယာမြေများတွင် သဘာဝ မြေဩဇာများ ပေါကြွယ်ဝ၍ စိုက်ပျိုးသည့် ကောက်ပဲသီးနှံများ ပိုမိုဖြစ်ထွန်းလာနိုင်ပြီး ဒေသခံများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။

date: 
Monday, January 27, 2025 - 16:00