“ထင်ရှားကျော်ကြား ကမ္ဘာ့ရေဝပ်ဒေသများ”

ထင်ရှားကျော်ကြား ကမ္ဘာ့ရေဝပ်ဒေသများ
=======================
ကမ္ဘာ့ရေဝပ်ဒေသများနေ့ (World Wetlands Day)

နှစ်စဉ် ဖေဖော်ဝါရီလ ၂ ရက်နေ့သည် ကမ္ဘာ့ရေဝပ်ဒေသများနေ့ (World Wetlands Day) ဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ ရေဝပ်ဒေသများ၏တန်ဖိုးကို မီးမောင်းထိုးပြရန် သာမက ရေဝပ်ဒေသများရှိ ဇီဝမျိုးစုံမျိုးကွဲများ၊ ရေနေသတ္တဝါများ၊ ဆောင်းခိုငှက်များနှင့် ရေဝပ်ဒေသ ဂေဟစနစ်များ ထိန်းသိမ်းရေး၊ ပြန်လည်တည်ထောင်ရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ အသိပညာပေး လှုပ်ရှားမှုများ ဆောင်ရွက်သော နေ့လည်း ဖြစ်ပါသည်။ ၂၀၂၅ ခုနှစ် ကမ္ဘာ့ရေဝပ်ဒေသများနေ့ ဆောင်ပုဒ်ဖြစ်သည့် “Protecting Wetlands for Our Common Future" “အနာဂတ်ဘဝ ဖူလုံဖို့၊ ရေဝပ်ဒေသများ ကာကွယ်စို့” ဟူသည့် ဆောင်ပုဒ်သည် လူသားအားလုံး၏ လူမှုဘဝဖူလုံရေးအတွက် ရေဝပ်ဒေသများ၊ တောရိုင်းတိရစ္ဆာန်များ၏ သဘာဝနေရင်းဒေသများကို ထိရောက်စွာ ကာကွယ်ရေးသည် အရေးတကြီး လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း မီးမောင်းထိုးပြထားပါသည်။

ရေဝပ်ဒေသများ

ရေဝပ်ဒေသများဆိုသည်မှာ ဒီရေကျချိန်တွင် ရေအနက် ၆ မီတာထက်ပိုမနက်သည့် အဏ္ဏဝါရေပြင်များအပါအဝင် ရေသေ သို့မဟုတ် စီးဆင်းနေသော ရေချို၊ ရေငန်၊ ဆားငန်ရေများ ရှိသော ယာယီ သို့မဟုတ် အမြဲတမ်းရှိနေသော သဘာဝ သို့မဟုတ် လူတို့ပြုလုပ်ဖန်တီး ထား သော ရွှံ့နွံမြေ၊ သစ်ဆွေးမြေ၊ စိမ့်မြေ နှင့် ရေပြင်ဧရိယာများကို ခေါ်ဆိုပါသည်။ ရေဝပ်ဒေသများ ကို ပင်လယ်ကမ်းခြေရေဝပ်ဒေသများ၊ လူတို့ပြုလုပ်ဖန်တီးထားသော ရေဝပ်ဒေသများနှင့် ကုန်းတွင်းရေချိုရေဝပ်ဒေသများဟူ၍ (၃) ပိုင်း ခွဲခြားထားပါသည်။ ရေဝပ်ဒေသများတွင် မြစ်၊ ချောင်းများ၊ အင်း၊ အိုင်၊ ကန် နှင့် ရေအောင်းလွှာများ၊ နွံအိုင်များနှင့် ရွံ့မြေများ၊ စိုစွတ်သည့် မြက်ခင်းလွင်ပြင်များ၊ ပင်လယ်သဲသောင်ကမ်းပါးများ၊ ကမ်းလွန်ကျွန်းစုငယ်များ၊ ပင်လယ်ဝ ဧရိယာများနှင့် မြစ်ဝကျွန်းပေါ်ဒေသများ၊ ဒီရေရောက်ကမ်းခြေများ၊ ဒီရေတောများ၊ ကမ်းရိုးတမ်း ဒေသများ၊ သန္တာကျောက်တန်းများ၊ ငါးကန်၊ ပုဇွန်ကန်များ၊ စပါးကွင်းများ၊ ဆားကွင်းများ၊ ဆည်ရေလှောင်တမံများ၊ ဆည်ရေသောက်ဧရိယာများ စသည့် နေရာများ ပါဝင်ပါသည်။

ရေဝပ်ဒေသများသည် လူသားများအတွက် အရေးပါသည့် ဂေဟစနစ်ဆိုင်ရာ ဝန်ဆောင် မှုများ၊ အကျိုးကျေးဇူးများစွာကို ပံ့ပိုးပေးလျက်ရှိပါသည်။ အဓိကအားဖြင့် မြေဆီလွှာများအတွင်း ကာဗွန်သိုလှောင်မှု တိုးပွားပြီး ရာသီဥတုပြောင်းလဲမှု လျှော့ချနိုင်ခြင်း၊ ရေကြီးခြင်း၊ ရေလျှံခြင်း စသည့် သဘာဝ ဘေးအန္တရာယ်များမှ ကာကွယ်ပေးခြင်း၊ ရေပျော်ငှက်များအပါအဝင် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်း၊ ရေထုညစ်ညမ်းမှုများကို သန့်စင်ပေးခြင်း၊ ရေချိုများ ပံ့ပိုးပေးခြင်း၊ ငါးပုဇွန် ကဏန်းစသည့် ရေထွက်ပစ္စည်းများ၊ စိုက်ပျိုးရေးထုတ်ကုန်များနှင့် တိရစ္ဆာန်မွေးမြူရေးစသည့် လုပ်ငန်းများအတွက် အထောက်အပံ့ပြုပြီး စားရေရိက္ခာ ဖူလုံစေရန် ပံ့ပိုးပေးခြင်း၊ ခရီးသွား လုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက် အရေးပါခြင်း၊ ဒေသခံပြည်သူများ အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပြီး လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေခြင်း စသည့် အကျိုးကျေးဇူးများစွာကို ပံ့ပိုးပေးလျက်ရှိပါသည်။

ရေဝပ်ဒေသများသည် ကမ္ဘာ့နိုင်ငံအသီးသီးအတွက် အရေးပါသည့်အလျောက် ရေဝပ် ဒေသများ ဝိုင်းဝန်းထိန်းသိမ်းကြရန် အတွက် “ရေဝပ်ဒေသများ ကွန်ဗင်းရှင်း (Convention on Wetlands)” ကို ၁၉၇၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂) ရက်နေ့တွင် အီရန်နိုင်ငံ၊ ရမ်ဆာမြို့ (Ramsar) ၌ ဖွဲ့စည်းခဲ့ပါသည်။ ယနေ့ အချိန်အထိ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၇၂ နိုင်ငံရှိပြီး နိုင်ငံတကာအဆင့် အရေးပါသော ရေဝပ်ဒေသပေါင်း ၂၅၂၆ ခု ရှိကာ စုစုပေါင်း ဧရိယာ ၂၅၇,၅၃၈,၂၁၈ ဟက်တာ ရှိပါသည်။

အာဖရိက၊ အာရှ၊ ဥရောပနိုင်ငံများ၊ လက်တင်အမေရိကနှင့် ကာရေဘီယံ နိုင်ငံများ၊ မြောက်အမေရိက၊ သမုဒ္ဒရာပိုင်းနိုင်ငံများ ဟူ၍ ဒေသအလိုက် ပိုင်းခြားသတ်မှတ် ထိန်းသိမ်းထား လျက်ရှိပါသည်။ အဆိုပါ နိုင်ငံတကာအသိအမှတ်ပြု ရေဝပ်ဒေသများကို “ရမ်ဆာ (Ramsar) ရေဝပ်ဒေသများ” ဟုလည်း ခေါ်ဆိုပါသည်။ ရမ်ဆာ (Ramsar) ရေဝပ်ဒေသများအများဆုံး ရှိသည့်နိုင်ငံများမှာ ယူနိုက်တက်ကင်းဒမ်း ဖြစ်ပြီး ရမ်ဆာရေဝပ်ဒေသ ၁၇၆ ခု ရှိ၍ ဒုတိယအများဆုံးမှာ မက္ကဆီကို နိုင်ငံဖြစ်ပြီး ရမ်ဆာရေဝပ်ဒေသ ၁၄၄ ခု ရှိပါသည်။

“ရမ်ဆာ (Ramsar) ရေဝပ်ဒေသ” အဖြစ် သတ်မှတ်ခံရနိုင်ရန်အတွက် စံသတ်မှတ်ချက် (၉) ချက်ရှိပြီး အနည်းဆုံးတစ်ချက်နှင့် ကိုက်ညီသောရေဝပ်ဒေသများကို နိုင်ငံတကာအသိ အမှတ်ပြု ရမ်ဆာရေဝပ်ဒေသအဖြစ် သတ်မှတ်ခြင်းဖြစ်ပါသည်။ အဓိက စံသတ်မှတ်ချက်များမှာ ဇီဝဘူမိထူးခြားသည့် ဒေသအတွင်း၌ သဘာဝအတိုင်းတွေ့ရသည့် သို့မဟုတ် သဘာဝနီးပါး ရှိနေ သည့် ထူးခြားရှားပါးသည့်‌ ရေဝပ်ဒေသဖြစ်ခြင်း၊ ထူးခြားသော ဇီဝဘူမိဒေသ၏ ဇီဝမျိုးစုံမျိုးကွဲ များကို ထိန်းသိမ်းရန်အတွက် အပင်နှင့်တိရစ္ဆာန်မျိုးစိတ်များကို ထောက်ပံ့ပေးသည့် ရေဝပ်ဒေသ ဖြစ်ခြင်း၊ အပင်နှင့်တိရစ္ဆာန်မျိုးစိတ်များ၏ အသက်ရှင်နေထိုင်မှု၌ အကောင်းဆုံး အခြေအနေကို ပေးနိုင်သော သို့မဟုတ် မတူညီသော အသက်ရှင်နေထိုင်မှု၌ ခိုလှုံခွင့်ပေးနိုင်သော ရေဝပ်ဒေသ ဖြစ်ခြင်း၊ ရေပျော်ငှက်ပေါင်း ၂၀,၀၀၀ နှင့်အထက် ပုံမှန် ကျက်စားနိုင်သော ရေဝပ်ဒေသ ဖြစ်ခြင်း စသည်တို့ ဖြစ်ပါသည်။

ရမ်ဆာကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကွန်ဗင်းရှင်းအပေါ် ထားရှိရသည့် အဓိက ကတိကဝတ်တစ်ခုမှာ စံသတ်မှတ်ချက်နှင့် ကိုက်ညီသော ရေဝပ်ဒေသများကို Ramsar List ဟု လူသိများသော နိုင်ငံတကာအရေးပါသော ရေဝပ်ဒေသများစာရင်းတွင် ထည့်သွင်း သတ်မှတ် ဖော်ပြရန်ဖြစ်ပါသည်။ “ရေဝပ်ဒေသများကွန်ဗင်းရှင်း (Convention on Wetlands)” အဖွဲ့ဝင် နိုင်ငံများအနေဖြင့် ရေဝပ်ဒေသများအားလုံးကို အကျိုးရှိစွာ စနစ်တကျ အသုံးချခြင်း၊ နိုင်ငံတကာ အဆင့် အရေးပါသည့် ရေဝပ်ဒေသများ (ရမ်ဆာရေဝပ်ဒေသများ) ကို ထိန်းသိမ်းခြင်း နှင့် နိုင်ငံ တကာပူးပေါင်းမှုများဖြင့် နယ်နမိတ်ထိစပ်လျက်ရှိသော ရေဝပ်ဒေသများ၊ အဆိုပါ ရေဝပ်ဒေသ များရှိ သားငှက်တိရစ္ဆာန်မျိုးစိတ်များ၊ ဇီဝမျိုးစုံ မျိုးကွဲများထိန်းသိမ်းခြင်း တို့ကို ဆောင်ရွက်ကြရ မည်ဖြစ်ပါသည်။

ကမ္ဘာ့ပထမဆုံး ရမ်ဆာရေဝပ်ဒေသ

ကမ္ဘာ့ပထမဆုံး ရမ်ဆာရေဝပ်ဒေသသည် ဩစတြေးလျနိုင်ငံရှိ Cobourg ကျွန်းဆွယ် (ဆိုဒ်အမှတ် ၁) ဖြစ်ပြီး ၁၉၇၄ ခုနှစ်တွင် သတ်မှတ်ခဲ့ပါသည်။ ကိုဘော့ (Cobourg) ကျွန်းဆွယ် သည် ဧရိယာ အားဖြင့် ၂၂၀,၇၀၀ ဟက်တာ ကျယ်ဝန်းပြီး ကမ်းရိုးတန်းနှင့် ကုန်းတွင်းပိုင်းဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝစွာ တည်ရှိသည့်အတွက် ကမ္ဘာ့ပထမဆုံး ရမ်ဆာရေဝပ်ဒေသ အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါသည်။ ကိုဘော့ (Cobourg) ကျွန်းဆွယ်တွင် ကြီးမားသော အပင်များနှင့် တောရိုင်းတိရစ္ဆာန်များ၊ ပင်လယ်လိပ်များကဲ့သို့ မျိုးသုဉ်းပျောက်ကွယ်ရန် ခြိမ်းခြောက်ခံနေရသော မျိုးစိတ်များ၊ ရေပျော်ငှက်များ နေထိုင်ကျက်စား လျက်ရှိပြီး မိကျောင်းများ၊ လင်းပိုင်များ၊ ငါးမန်းများ၊ လိပ်များ၊ ရေပျော်ငှက်များနှင့် ငါးများအတွက် ဘေးကင်းသော ပတ်ဝန်းကျင်တစ်ခု လည်း ဖြစ်သည်။ အဆိုပါတိရစ္ဆာန် များအတွက် မျိုးပွားခြင်း၊ သားပေါက်ခြင်းနှင့် အစားအစာများ အတွက် ခိုကိုးရာ၊ ထောက်ပံ့ပေးရာ နေရာလည်းဖြစ်ပြီး ရွှေ့ပြောင်းနေထိုင်သော ကမ်းရိုးတန်း ငှက်များ၊ ရေပျော်ငှက်များ ခိုလှုံရာနေရာ (Refuge) အတွက် အရေးကြီးသော နားခိုရာနေရာ တစ်ခုလည်းဖြစ်သည်။ ဩစတြေးလျနိုင်ငံသည် ၁၉၇၅ ခုနှစ်တွင် ရမ်ဆာကွန်ဗင်းရှင်း အဖွဲ့ဝင် နိုင်ငံဖြစ်လာခဲ့ပြီး ယနေ့အချိန်ထိ ရမ်ဆာရေဝပ်ဒေသ ၆၇ ခု (ဟက်တာ ၈.၃ သန်းကျော်) သတ်မှတ်ထားပြီး ဖြစ်ပါသည်။

ကမ္ဘာ့အကြီးဆုံး ရမ်ဆာရေဝပ်ဒေသ

ဂီရိ-တွန်ဘာ-မိန်းဒွန်ဘီ (Ngiri-Tumba-Maindombe) ရမ်ဆာ ရေဝပ်ဒေသ (ဆိုဒ်အမှတ် ၉၅၀) သည် ရမ်ဆာ ကွန်ဗင်းရှင်းမှ အသိအမှတ်ပြုထားသည့် ကမ္ဘာ့အကြီးဆုံး ရေဝပ်ဒေသ ဖြစ်သည်။ အဆိုပါနေရာ သည် ကွန်ဂိုနိုင်ငံအနောက်ပိုင်းရှိ တွန်ဘာရေကန် (Tumba Lake) ဝန်းကျင်ဒေသတွင်ရှိပြီး ဧရိယာအကျယ်အဝန်း ၆,၅၆၉,၆၂၄ ဟက်တာ ရှိ၍ ဘယ်လ်ဂျီယံနိုင်ငံ အရွယ်အစားထက် နှစ်ဆ ပိုကြီးမားပါသည်။ သစ်တောနှင့်အမြဲတမ်း သို့မဟုတ် ရာသီအလိုက် ရေကန်များနှင့် စိမ့်မြေ ဧရိယာကျယ်ပြန့်စွာ ပါဝင်နေသည့် အဆိုပါဧရိယာသည် သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေး တန်ဖိုးများစွာရှိသည်။ ရေဝပ်ဒေသအတွင်းတွင် ကျွဲ၊ မျောက်မျိုးစိတ်အမျိုးမျိုး၊ တောဆင်များ၊ ကျားသစ်များနှင့် အခြားများစွာသော တောရိုင်းတိရစ္ဆာန်များ၊ ရေပျော်ငှက်များစွာကို တွေ့နိုင်ပါ သည်။ စိုက်ပျိုးခြင်း၊ ငါးဖမ်းခြင်း၊ အမဲလိုက်ခြင်းနှင့် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများ စုဆောင်းခြင်းကဲ့သို့သော ဆောင်ရွက်မှုများသည် ရေဝပ်ဒေသအပေါ်တွင် မှီခိုနေသော ဒေသခံ ပြည်သူများအတွက် ဝင်ငွေတိုးပွားမှု၏ အစိတ်အပိုင်း တစ်ခု ဖြစ်သည်။ ကွန်ဂိုနိုင်ငံသည် ၁၉၉၈ ခုနှစ်တွင် ရမ်ဆာကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပြီး ယနေ့အချိန်ထိ ရမ်ဆာရေဝပ်ဒေသ ၁၄ ခု (၁၃,၈၁၃,၈၆၅ ဟက်တာ) သတ်မှတ်ထားပြီး ဖြစ်ပါသည်။

အာရှအကြီးဆုံး ရေဝပ်ဒေသ

တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ အတွင်း မွန်ဂိုးလီးယားဒေသ (Inner Mongolia) ရှိ အာဂန်း (Ergun) ရေဝပ်ဒေသ သည် တရုတ်နိုင်ငံ၏ ရင်သပ်ရှုမောဖွယ် အကောင်းဆုံးနှင့် ဂေဟဗေဒအရ အရေးပါဆုံး ရေဝပ်ဒေသများထဲမှ တစ်ခုဖြစ်ပြီး ကျယ်ပြန့်သော မြက်ခင်းများ၊ စိမ့်မြေများ၊ မြစ်များနှင့် သစ်တောများ လွှမ်းခြုံထားပါသည်။ အကွေ့အကောက်များသော အာဂန်း (Ergun) မြစ်နှင့် ၎င်း ၏ မြစ်လက်တက်များသည် စီးဆင်းနေသော ရေလမ်းကြောင်းနှင့် စိမ်းလန်းစိုပြေသော ရှုခင်း များကို ဖန်တီးပေးသည့် ရင်သပ်ရှုမောဖွယ်ရှုခင်းများကြောင့် ကျော်ကြားခြင်းဖြစ်ပါသည်။ ရေစို မြေများ၊ စိမ့်များ၊ ရေလွှမ်းမြေများ၊ သစ်တောများနှင့် ကွဲပြားနေသော ရေကန်အချို့ကို လွှမ်းခြုံ ထားသည်။ မတူကွဲပြားသော အပင်မျိုးစိတ်များ၊ ငှက်များနှင့် အခြားတောရိုင်းတိရိစ္ဆာန်များ အတွက် မရှိမဖြစ်လိုအပ်သော နေရင်းဒေသ တစ်ခုလည်းဖြစ်သည်။ အာဂန်း (Ergun) ရေဝပ် ဒေသသည် ဧရိယာ ဟက်တာ ၁၂,၀၀၀ ကျော် ကျယ်ဝန်းပြီး တရုတ်နိုင်ငံတွင် အကြီးဆုံး ရေဝပ်ဒေသ ဖြစ်သကဲ့သို့ အာရှတွင် လည်း အကြီးဆုံး ရေဝပ်ဒေသ များထဲမှ တစ်ခု ဖြစ်သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ အခြားထင်ပေါ်ကျော်ကြားသော ရမ်ဆာရေဝပ်ဒေသတစ်ခု မှာ ဂွန်ဒေါင်းရှန်ကျန်းဖူတီယန် ဒီရေတော ရေဝပ်ဒေသ (Guangdong Shenzhen Futian Mangrove Wetlands) (ဆိုဒ်အမှတ် ၂၅၁၈) ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် နိုင်ငံတကာ အဆင့် အရေးပါသည့် ရမ်ဆာရေဝပ်ဒေသအဖြစ် သတ်မှတ်ခံခဲ့ရပါသည်။ ရှန့်ကျန်းပင်လယ်အော်၏ အရှေ့မြောက် ဘက် ကမ်းရိုးတန်းတစ်လျှောက်တွင် တည်ရှိပြီး ကျယ်ပြန့်သော ရွှံ့နွံတောများနှင့် ဒီရေတောများ ရှိ သော မြစ်ကမ်းစပ်၊ မြစ်များဆုံစည်းရာ ပင်လယ်ပြင်တွင် တည်ရှိပါသည်။ ၎င်းရမ်ဆာ ရေဝပ် ဒေသသည် အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်း (East Asian-Australasian Flyway- EAAF) တွင်လည်း ကျရောက်နေပါသည်။ ဖူတီယန် ဒီရေတောတွင် ဒီရေတော အပင် မျိုးစိတ် (၁၉) မျိုးကို ထိန်းသိမ်းထားရှိပြီး ငှက်မျိုးစိတ် ၂၆၀ မျိုး ကျက်စားလျက်ရှိပါသည်။ နှစ်စဉ် ရေပျော်ငှက်ကောင်ရေ ၁၀၀,၀၀၀ ၏ ဆောင်းခိုရာ နေရာတစ်ခုလည်း ဖြစ်ပါသည်။ တရုတ် ပြည်သူ့သမ္မတနိုင်ငံသည် ရေဝပ်ဒေသများ ထိန်းသိမ်း ရေးနှင့် ပြန်လည်တည်ထောင်ရေး လုပ်ငန်း များကို ဂေဟဗေဒစနစ် ထိန်းသိမ်းရေးနှင့် လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အတွေးအမြင်ဖြင့် ရေဝပ်ဒေသများ ထိန်းသိမ်းရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်စေရေး အတူ တကွ စီမံဆောင်ရွက်လျက် ရှိပါ‌သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ၁၉၉၂ ခုနှစ်တွင် ရမ်ဆာကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပြီး လက်ရှိ အချိန်ထိ ရမ်ဆာရေဝပ်ဒေသပေါင်း ၈၂ ခု သတ်မှတ်ထားပြီး ဖြစ်ပါ သည်။ စုစုပေါင်း ရေဝပ်ဒေသ ဧရိယာ 7,647,895 ဟက်တာရှိပြီး ရေဝပ်ဒေသအမျိုးအစား စုံလင်ပြည့်စုံစွာ ပိုင်ဆိုင်သည့် နိုင်ငံလည်းဖြစ်ပါသည်။

အရှေ့တောင်အာရှဒေသ၏ ထင်ရှားသော ရေဝပ်ဒေသများ

ပရက်တိုး (Prek Toal) ရမ်ဆာရေဝပ်ဒေသသည် ကမ္ဘောဒီးယားနိုင်ငံရှိ ရမ်ဆာရေဝပ် ဒေသ ၅ ခု အနက် အထူးထင်ရှား ကျော်ကြားသော ရေဝပ်ဒေသတစ်ခု ဖြစ်ပါသည်။ ကမ္ဘောဒီးယား နိုင်ငံသည် ၁၉၉၉ ခုနှစ်တွင် ရမ်ဆာ ကွန် ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပါသည်။ ပရက်တိုး (Prek Toal) ရမ်ဆာရေဝပ်ဒေသ (ဆိုဒ်အမှတ် ၂၂၄၅) သည် အကောင်းမွန်ဆုံးသော ရေလွှမ်းလွင်ပြင်များ၊ ရေချိုဂေဟစနစ် ရွှံနွံတောများ ဖြင့် ဖုံးလွှမ်းလျက်ရှိပြီး ဧရိယာအားဖြင့် ၂၁,၃၄၂ ဟက်တာရှိပါသည်။ (၂-၁၀-၂၀၁၅) ရက်နေ့တွင် ရမ်ဆာရေဝပ်ဒေသအဖြစ် အသိအမှတ်ပြု ခြင်း ခံခဲ့ရပါသည်။ မြန်မာနိုင်ငံရှိ အင်းလေးကန်ကဲ့သို့ပင် ပရက်တိုး (Prek Toal) ရမ်ဆာရေဝပ်ဒေသ၏ ဒေသခံပြည်သူများသည် ရေပေါ်အိမ် များတွင် နေထိုင်ကြပြီး ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းအတွက် ငါးဖမ်းခြင်းနှင့် အခြား ရေလုပ်ငန်းများကို မှီခိုနေထိုင်ကြသည်။ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ လာရောက်သည့် နေရာလည်း ဖြစ်ပါသည်။ ရေပျော်ငှက်မျိုးစိတ်များစွာအတွက် နေရင်းဒေသ များ၊ သားပေါက် မွေးမြူနိုင်သည့် နေရင်းဒေသများစွာကို ထောက်ပံ့ပေးထားသည်။ ဂေဟစနစ်ကောင်းမွန်သော ရေလွှမ်းလွင်ပြင် များ ကို ပိုင်ဆိုင်သည့် ပရက်တိုး (Prek Toal) ရေဝပ် ဒေသသည် ရေချိုဂေဟစနစ် ရွှံနွံတောများကို ပိုင်ဆိုင်ထားပြီး ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းလုနီးပါး အန္တရာယ် ရှိသော မျိုးစိတ်များဖြစ်သည့် River Terrapin (Batagur baska)၊ Giant Barb (Catlocarpio siamensis)၊ Siamese crocodile (Crocodylus siamensis) နှင့် Mekong giant catfish (Pangasianodon gigas) တို့ ကျက်စားနေထိုင်ပါသည်။ မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ် ဖြစ်သည့် Greater Adjutant (Leptoptilos dubius) နှင့် Masked Finfoot (Heliopais personatus) တို့ ကျက်စား နေထိုင် ခြင်းသည် ပရက်တိုး (Prek Toal) ရမ်ဆာရေဝပ်ဒေသ၏ ထူးခြားသော တန်ဖိုးများ ဖြစ်ပါ သည်။

ထိုင်းနိုင်ငံ၏ ကရာဘီမြစ်ဝှမ်း (Krabi Estuary)ရမ်ဆာရေဝပ်ဒေသ (ဆိုဒ်အမှတ် ၁၁၀၀) သည် ထင်ရှားကျော်ကြားသော ရမ်ဆာရေဝပ်ဒေသဖြစ်ပြီး ဧရိယာ အားဖြင့် ၂၁,၂၉၉ ဟက်တာရှိကာ (၅-၇-၂၀၀၁) ရက် တွင် ရမ်ဆာရေဝပ်ဒေသ အဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရပါသည်။ ထိုင်းနိုင်ငံသည် ၁၉၉၈ ခုနှစ်တွင် ရမ်ဆာကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပြီး လက်ရှိ အချိန်ထိ ရမ်ဆာရေဝပ်ဒေသပေါင်း ၁၅ ခု သတ်မှတ်ထားပြီး ဖြစ်ပါသည်။ ထိုင်းနိုင်ငံ၏ ရမ်ဆာရေဝပ်ဒေသ အမျိုးအစားများမှာ အဏ္ဏဝါအမျိုးသားဥယျာဉ်များ (Marine National Park)၊ မြစ်ဝှမ်းဒေသများ (Estuaries) ၊ တောရိုင်းတိရစ္ဆာန် ဘေးမဲ့ တောများ (Wildlife Sanctuaries)၊ မြစ်ကြောင်းဧရိယာများ အစရှိသဖြင့် အမျိုးအစား စုံလင်လှပါသည်။ ကရာဘီ မြစ်ဝှမ်း ရမ်ဆာ ရေဝပ်ဒေသအပါအဝင် ရမ်ဆာရေဝပ်ဒေသများတွင် ဂေဟစနစ်ထိန်း သိမ်းရေး လုပ်ငန်းများနှင့်တူ ကျေးရွာလူထုအခြေပြု ထိန်းသိမ်းရေး နှင့် ခရီးသွားလုပ်ငန်း ဆောင်ရွက်မှု များကို အဓိကထား လုပ်ကိုင် ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံ၏ ရမ်ဆာရေဝပ်ဒေသများ

မြန်မာနိုင်ငံသည် ၂၀၀၅ ခုနှစ်၊ မတ်လ (၁၇) ရက်တွင် ရမ်ဆာကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် စတင်ပါဝင်ခဲ့ပြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဌာနသည် မြန်မာနိုင်ငံ၏ ရေဝပ်ဒေသများစီမံအုပ်ချုပ်သည့်အဖွဲ့အစည်း (Administrative Authority) အဖြစ် ရေဝပ်ဒေသထိန်းသိမ်းရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ ပါသည်။ မြန်မာနိုင်ငံတွင် ရမ်ဆာရေဝပ်ဒေသများကို သတ်မှတ်ထိန်းသိမ်းလျက်ရှိရာ မိုးယွန်းကြီး အင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ၂၀၀၄ ခုနှစ်တွင်လည်းကောင်း၊ အင်းတော်ကြီး တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောကို ၂၀၁၆ ခုနှစ်တွင် လည်းကောင်း၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို ၂၀၁၇ ခုနှစ်တွင်လည်းကောင်း၊ မုတ္တမပင်လယ်ကွေ့ဒေသ (မွန်ပြည်နယ်အပိုင်း) ကို ၂၀၁၇ ခုနှစ်တွင်လည်းကောင်း၊ အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ၂၀၁၈ ခုနှစ် တွင် လည်းကောင်း၊ နံသာကျွန်းနှင့် မေယုမြစ်ဝဒေသကို ၂၀၂၀ ပြည့်နှစ်တွင် လည်းကောင်း၊ တံတားဦးမြို့ အနီးရှိ ပြူကန်ရေဝပ်ဒေသကို ၂၀၂၄ ခုနှစ်တွင် လည်းကောင်း နိုင်ငံတကာအဆင့် အရေးပါသည့် ရမ်ဆာရေဝပ်ဒေသများအဖြစ် သတ်မှတ်ထားပါသည်။ မြန်မာနိုင်ငံတွင် နိုင်ငံ တကာအသိအမှတ်ပြု ရေဝပ်ဒေသ စုစုပေါင်းဧရိယာ ၂၇၈,၉၁၃ ဟက်တာကျော်ကို ထိန်းသိမ်း ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံ၏ ပထမဦးဆုံး ရမ်ဆာရေဝပ်ဒေသမှာ မိုးယွန်းကြီးတောရိုင်းတိရစ္ဆာန် ဘေးမဲ့ တော (ဆိုဒ်အမှတ် ၁၄၃၁) ဖြစ်ပြီး မိုးယွန်းကြီးအင်းအပါအဝင် ရေဝပ်ဒေသများ၌ နယ်မြေခွဲ ခြားခြင်းအား အမာခံထိန်းသိမ်းရေးနယ်မြေ (ငှက်နှင့်ငါးသားပေါက်ရန်၊ ဆောင်းခို ငှက်များ မှီခိုကျက်စားနိုင်ရန် အတွက် သုတေသနလုပ်ငန်းမှအပ ဝင်ရောက်ခြင်းခွင့်မပြု)၊ ကြားခံနယ်မြေ (ဖွံ့ဖြိုးရေးဇုန်တွင် ငါးဖမ်းခြင်း၊ အင်းဆက်စုဆောင်းခြင်းနှင့် အကျိုးရှိစွာ အသုံးပြုရေးဇုန် နယ်မြေတွင် ငါးဖမ်းခြင်း၊ အင်းဆက် စုဆောင်းခြင်း၊ ကျွဲ၊ ဘဲစားကျက်ချခြင်း၊ ဆိုင်ရာဆိုင်ခွင့်နှင့်အညီ လယ်စိုက်ခြင်း) စသဖြင့် ခွဲခြားပြီး စီမံအုပ်ချုပ် ဆောင်ရွက်လျက် ရှိပါသည်။

ဆောင်းခိုငှက်မျိုးစိတ်များသည် မြန်မာနိုင်ငံရှိ ရေဝပ်ဒေသများသို့ နှစ်စဉ် အောက်တိုဘာ လမှ ဧပြီလအထိ ကျရောက်ကျက်စားကြပါသည်။ မျိုးသုဉ်းလုနီးအန္တရာယ်ရှိနေသော မျိုးစိတ် ပို့ချပ်ခေါင်းစိမ်း (Baer’s Pochard)၊ မျိုးသုဉ်းရန်အန္တရာယ် ကျရောက်နိုင်သောမျိုးစိတ် ပို့ချပ်ဘဲ (Common Pochard)၊ မျိုးသုဉ်းရန် အန္တရာယ်ကျရောက်လုနီးပါးမျိုးစိတ် ဘဲနီစပ် (Ferruginous Pochard)၊ ခရုစုတ်အနက် (Black-headed Ibis)၊ နှုတ်သီးကောက်ကြီး (Eurasian Curlew)၊ ဘဲတောင်ရှည် (Falcated Duck) နှင့် ဌာနေရေပျော်ငှက်များတွင် မျိုးသုဉ်းရန် အန္တရာယ် ကျရောက်နိုင်သောမျိုးစိတ် ကြိုးကြာခေါင်းနီ (Sarus Crane)၊ မျိုးသုဉ်းရန် အန္တရာယ်ကျရောက် လုနီးပါးမျိုးစိတ် ငှက်ကြီးဝန်ပို (Spot-billed Pelican)၊ ဥပန်း (Oriental Darter) မျိုးစိတ် များအား အင်းတော်ကြီး၊ မိုးယွန်းကြီးအင်းနှင့် အင်းလေးကန်တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော များတွင် တွေ့ရှိနိုင်ပါသည်။

သစ်တောဦးစီးဌာန၏ နှစ်စဉ် ငှက်စာရင်းကောက်ယူမှုများအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း အင်းတော်ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ငှက်မျိုးစိတ် (၁၁၁) မျိုး နှင့် ကောင်ရေ (၂၃,၉၃၆)၊ မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ငှက်မျိုးစိတ် (၁၂၄) မျိုး နှင့် ကောင်ရေ (၄၈,၄၆၄) ၊ အင်းလေးကန်‌ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ငှက်မျိုးစိတ် (၁၂၈) မျိုး နှင့် ကောင်ရေ (၁၆,၆၈၀) ၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် ငှက်မျိုးစိတ် (၁၄၉) မျိုး နှင့် ကောင်ရေ (၁၈၈၉၃) တို့ နေထိုင် ကျက်စား ကြောင်း လေ့လာတွေ့ရှိရပါသည်။

အနာဂတ်ဘဝ ဖူလုံဖို့၊ ရေဝပ်ဒေသများ ကာကွယ်စို့

ယခုအခါတွင် လူဉီးရေတိုးတက်လာမှု၊ မြို့ပြများနှင့် ဖွံ့ဖြိုးမှု ဆိုင်ရာအဆောက်အအုံများ တိုးချဲ့လာခြင်း၊ ရေအလွန်အကျွံထုတ်ယူသုံးစွဲခြင်း၊ အမှိုက်သရိုက်များ၊ ပလပ်စတစ်များ၊ စိုက်ပျိုး ရေး၊ စက်မှုနှင့် ရွှေနှင့်ဓာတ်သတ္တုတူးဖေါ်ခြင်း လုပ်ငန်းများမှ ဓာတုစွန့်ပစ်ပစ္စည်းများ များပြားလာခြင်း၊ အိမ်ထောင်စုများမှ အညစ်အကြေးများ စွန့်ပစ်မှုနှင့် အခြားမြေ အသုံးချမှုသို့ ပြောင်းလဲမှုများကြောင့် ရေဝပ်ဒေသများပျောက်ကွယ်ခြင်းနှင့် ပျက်စီးယိုယွင်းခြင်း၊ အရည် အသွေး ကျဆင်းခြင်းများ ဖြစ်ပေါ်လျက်ရှိပါသည်။ မြို့ပြပတ်ဝန်းကျင်ရှိ ရေဝပ်ဒေသများ ၏ ရေလွှမ်းလွင်ပြင် ဧရိယာများလျော့ပါးခြင်း၊ ပျောက်ကွယ်ခြင်းတို့ကြောင့် ရေဝပ်ဒေသများ၏ ရေစီးဆင်းသိုလှောင်နိုင်မှု စွမ်းရည်များ ကျဆင်းပြီး ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်စေပါသည်။ ရေဝပ်ဒေသဂေဟစနစ် ယိုယွင်းပျက်စီးခြင်းကြောင့် ရေနေသတ္တဝါအမျိုးမျိုး၊ ဒေသမျိုးရင်း ငါးမျိုး စိတ်များနှင့် ရေနေအပင်များ ဆုံးရှုံးပျောက်ကွယ်သကဲ့သို့ ရေလုပ်ငန်းများကို မှီခိုနေရသော ဒေသခံရေလုပ်ငန်းများ၏ လူမှုစီးပွားကျဆင်းစေပြီး နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုလည်း နှောင့်နှေးစေနိုင်ပါသည်။

ထို့ကြောင့် ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း ဂေဟစနစ်တည်ငြိမ်ရေး အတွက် အလွန်အရေးပါသော ရေဝပ်ဒေသများထိန်းသိမ်းရေးကို နိုင်ငံအဆင့် စဉ်ဆက်မပြတ် အကောင်အထည်ဖေါ်နိုင်ရန် ရေဝပ်ဒေသထိန်းသိမ်းစီမံအုပ်ချုပ်ခြင်းဆိုင်ရာ အမျိုးသား အဆင့် ကော်မတီ (National Wetland Committee) ကိုလည်း ၂၀၁၆ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး “အမျိုးသားရေဝပ်ဒေသမူဝါဒနှင့် မဟာဗျူဟာ လုပ်ငန်းများ” ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ရေးဆွဲ အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ၏ အမျိုးသား ရေဝပ်ဒေသမူဝါဒ (၆) ရပ်ဖြစ်သည့် ကာကွယ်ခြင်း၊ အကျိုးရှိစွာ အသုံးပြုခြင်း၊ ဖွံ့ဖြိုးရေး လုပ်ငန်းစီမံချက်များတွင် ရေဝပ်ဒေသ တန်ဖိုးများကို ထည့် သွင်းခြင်း၊ ပူးပေါင်းပါဝင်လာခြင်း၊ သိမြင်နိုးကြားမှုမြှင့်တင်ခြင်း၊ ဒေသနှင့်နိုင်ငံတကာ ရေဝပ် ဒေသ အစီအစဉ်များတွင် ပါဝင်ခြင်း စသည့် မူဝါဒလုပ်ငန်းစဉ်များ အောင်မြင်စေရန် အထူး အရေးကြီးပါသည်။

ထို့ကြောင့်လည်း ရမ်ဆာကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ အနေဖြင့် ရေဝပ်ဒေသဂေဟစနစ်နှင့် ရေပျော်ငှက်ထိန်းသိမ်းရေးလုပ်ငန်းများ၌ မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုကို နိုင်ငံတကာမှ သိမြင်နိုင်စေရန်၊ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးတို့၌ ရေဝပ်ဒေသများ၏ အရေးကြီးသည့် အခန်းကဏ္ဍအား ပြည်သူ လူထုနှင့် ဆက်စပ် ပတ်သက်သူများအကြား ပိုမိုသိရှိနားလည်စေရန်နှင့် ဆက်စပ်ပတ်သက်သူ များအကြား ရေဝပ်ဒေသထိန်းသိမ်းကာကွယ်ခြင်း၊ စီမံအုပ်ချုပ်ခြင်းနှင့် အကျိုးရှိစွာအသုံးချခြင်း တို့တွင် ပူးပေါင်းပါဝင်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ချက်များဖြင့် ကမ္ဘာ့ရေဝပ် ဒေသများ နေ့ အထိမ်းအမှတ်အခမ်းအနားအား နှစ်စဉ် ကျင်းပလျက် ရှိပါသည်။ “Protecting Wetlands for Our Common Future" “အနာဂတ်ဘဝ ဖူလုံဖို့၊ ရေဝပ်ဒေသများ ကာကွယ်စို့” ဟူသည့် ယခုနှစ် ကမ္ဘာ့ရေဝပ်ဒေသများနေ့ ဆောင်ပုဒ်နှင့်အညီ ကောင်းမွန်သော အနာဂတ်များ ပိုင်ဆိုင်နိုင်ရန် အတွက် ရေဝပ်ဒေသများ ထိန်းသိမ်း ကာကွယ်ခြင်းနှင့် စီမံအုပ်ချုပ်ခြင်းများတွင် ဆက်စပ်ပတ် သက်သည့် ဌာနများ၊ အဖွဲ့အစည်းများ၊ ဌာနေတိုင်းရင်းသားများ၊ ဒေသခံပြည်သူများ အားလုံး တက်ကြွစွာ ပူးပေါင်း ပါဝင်ပေးကြပါရန် အလေးထား တိုက်တွန်းနှိုးဆော်လျက် ကမ္ဘာ့ရေဝပ် ဒေသများနေ့ကို ဂုဏ်ပြုလိုက်ပါသည်။

သစ်တောမောင်

date: 
Sunday, February 2, 2025 - 13:00