၂၀၂၅ ခုနှစ် ကမ္ဘာ့ရေဝပ်ဒေသများနေ့ (World Wetlands Day) အထိမ်းအမှတ်အခမ်းအနားကျင်းပ

မိုးယွန်းကြီးအင်း ရမ်ဆာရေဝပ်ဒေသပညာပေးပြခန်း မွမ်းမံပြီးစီးမှုဖွင့်လှစ်ခြင်းအခမ်းအနားနှင့် ၂၀၂၅ ခုနှစ်၊ ကမ္ဘာရေဝပ်ဒေသများနေ့ (World Wetland Day) အထိမ်းအမှတ် အခမ်းအနားကို (၂-၂-၂၀၂၅) ရက်၊ တနင်္ဂနွေနေ့ နံနက်ပိုင်း၌ ပဲခူးတိုင်းဒေသကြီး၊ မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောရှိ ကြိုးကြာခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ ဦးမျိုးဆွေဝင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဌာနအကြီးအကဲများ၊ ပဲခူးတက္ကသိုလ်မှ ဆရာ/ ဆရာမများ၊ သက်ဆိုင်ရာဌာနများမှ အရာရှိကြီးများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သုတေသန စာတမ်းရှင်များနှင့် ကျေးရွာသူ၊ ကျေးရွာသား၊ ‌ဒေသခံများ၊ ရွှေပြည်အေးကုမ္ပဏီမှ ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။
ပထမဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ ဦးမျိုးဆွေဝင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဦးမင်းသူနှင့် တာဝန်ရှိသူများက မိုးယွန်းကြီးအင်းပညာပေးပြခန်း မွမ်းမံပြီးစီးမှုအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ခြင်း၊ မိုးယွန်းကြီးအင်းပညာပေးပြခန်း ဆိုင်းဘုတ်အား အမွှေးနံ့သာရည် ပက်ဖြန်း၍ ဖွင့်လှစ်ခြင်း၊ ပညာပေးပြခန်းအတွင်း ခင်းကျင်းပြသထားရှိမှုများအား ကြည့်ရှုခြင်း ဆောင်ရွက်ခဲ့ကြပါသည်။ ဆက်လက်၍ “၂၀၂၅ ခုနှစ် ကမ္ဘာ့ရေဝပ်ဒေသများနေ့ (World Wetlands Day) အထိမ်းအမှတ် အခမ်းအနား” ၌ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ ဦးမျိုးဆွေဝင်းက ကမ္ဘာ့ရေဝပ်ဒေသများနေ့ အခမ်းအနားကို ၂၀၁၂ ခုနှစ်မှစ၍ ပဲခူးတိုင်းဒေသကြီး၊ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှာ ကျင်းပခဲ့တာ ယခုဆိုရင် (၁၃) နှစ်တိုင် ရှိခဲ့ပြီဖြစ်ပါကြောင်း၊ ဒီကနေ့ ပြုလုပ်တဲ့ ကမ္ဘာ့ရေဝပ်ဒေသများနေ့ အခမ်းအနားဟာဆိုရင် ရေဝပ်ဒေသများရဲ့ အရေးပါမှု၊ ရေဝပ်ဒေသများက ဇီဝမျိုးစုံမျိုးကွဲများကို ထောက်ပံ့ပေးနိုင်မှု၊ ရာသီ ဥတုပြောင်းလဲမှု တိုက်ဖျက်ရေးနှင့် ဒေသခံပြည်သူများရဲ့ လူနေမှုဘဝကို ပံ့ပိုးပေးနိုင်မှုစတဲ့ ရေဝပ်ဒေသများရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကို ပိုမိုသိရှိကာ ထိန်းသိမ်းကာကွယ်နိုင်ကြ စေဖို့ဆိုတဲ့ ရည်ရွယ်ချက်များနဲ့ ကျင်းပခြင်း ဖြစ်ပါကြောင်း၊ ယခုကဲ့သို့သော အထိမ်းအမှတ် အခမ်းအနားများ ကျင်းပခြင်းအပြင် ပြည်သူလူထုအသိပညာပေး အစီအစဉ်များ၊ လူထုအခြေပြု ထိန်းသိမ်းရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် လူထုပူးပေါင်းပါဝင်မှု တိုးတက်မြင့်မားလာကာ ရေဝပ်ဒေသဂေဟစနစ်တွေ သဘာဝအတိုင်း ကောင်းမွန်စွာ ရေရှည်တည်တံ့နိုင်မှာ ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမင်းသူက ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ရေဝပ်ဒေသများနေ့ ဆောင်ပုဒ်ဖြစ်တဲ့ “Protecting Wetlands for Our Common Future: အနာဂတ်ဘဝဖူလုံဖို့ ရေဝပ်ဒေသများ ကာကွယ်စို့” ဆိုတဲ့ ဆောင်ပုဒ်ဟာ လူသားအားလုံးရဲ့ လူမှုဘဝဖူလုံရေးအတွက် ရေဝပ်ဒေသများ၊ တောရိုင်းတိရစ္ဆာန်များ၏ သဘာဝနေရင်းဒေသများကို ထိရောက်စွာ ကာကွယ်ရေးဟာ အရေးတကြီး လုပ်ဆောင်ရမဲ့ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်ကို မီးမောင်းထိုးပြထားခြင်း ဖြစ်ပါကြောင်း၊ ယခုနှစ်ဆောင်ပုဒ်နဲ့အညီ ကောင်းမွန်သောအနာဂတ်များ ပိုင်ဆိုင်နိုင်ရန်အတွက် ရေဝပ်ဒေသများ ထိန်းသိမ်းကာကွယ်ခြင်းနဲ့ စီမံအုပ်ချုပ်ခြင်းများတွင် ဆက်စပ်ပတ်သက်တဲ့ဌာနများ၊ အဖွဲ့အစည်းများ၊ ဌာနေတိုင်းရင်းသားများနဲ့ ဒေသခံပြည်သူများအားလုံး ပူးပေါင်းပါဝင် ပေးကြပါရန် အလေးထား တိုက်တွန်းနှိုးဆော်လျက် ကမ္ဘာ့ရေဝပ်ဒေသများနေ့ကို ဂုဏ်ပြုပါကြောင်း ပြောကြားပါတယ်။
၎င်းနောက် ကမ္ဘာ့ရေဝပ်ဒေသများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီ ပြိုင်ပွဲ တွင် ဆုရရှိသူသည့် ကျောင်းသား၊ ကျောင်းသူများကို ဆုချီးမြှင့်ခြင်း၊ ပညာပေးပြခန်း ပြင်ဆင်ခြင်းများတွင် ပူးပေါင်းဆောင်ရွက်ခဲ့သည့် မိတ်ဖက်အဖွဲ့အစည်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း၊ ဆုရရှိသည့် စာစီစာကုံးများ၊ ပန်းချီများနှင့် ရေဝပ်ဒေသ ထိန်းသိမ်းရေးနှင့် ပညာပေးပိုစတာများ လှည့်လည်ကြည့်ရှုခြင်းကို ဆောင်ရွက်ခဲ့ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဦးမင်းသူနှင့် သစ်တောဦးစီဌာနမှ တာဝန်ရှိသူများသည် မိုးယွန်းကြီးအင်းအတွင်း စက်လှေများဖြင့် ဆောင်းခိုငှက်များ ကြည့်ရှုခြင်း၊ ငှက်၊ ငါးနှင့် လိပ်များအား ဘေးမဲ့လွှတ်ခြင်းတို့အား ဆောင်ရွက်ခဲ့ကြပါသည်။ နေ့လယ်ပိုင်း၌ မိုးယွန်းကြီးအင်း ရေအရည်အသွေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ရာ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဒေသခံများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၄၀) ဦးခန့် တက်ရောက် ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

date: 
Monday, February 3, 2025 - 14:30