မြေအသုံးချမှုဆိုင်ရာနည်းပညာအကြံပေးအဖွဲ့ဒုတိယအကြိမ်အစည်းအဝေးတွင်အဖွဲ့ခေါင်းဆောင်၊ ညွှန်ကြားရေးမှူးချုပ်တက်ရောက်

မြေအသုံးချမှုဆိုင်ရာနည်းပညာအကြံပေးအဖွဲ့ ဒုတိယအကြိမ် အစည်းအဝေးကို (၁၈-၅-၂၀၂၂) ရက်နေ့၊ နံနက်(၀၉:၃၀)နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်း ခန်းမ၊နေပြည်တော်တွင် ကျင်းပပြုလုပ်ရာ မြေအသုံးချမှုဆိုင်ရာနည်းပညာအကြံပေးအဖွဲ့ အဖွဲ့ ခေါင်းဆောင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင် တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားသည်။
ညွှန်ကြားရေးမှူးချုပ်က ပြောကြားရာတွင် မြေအသုံးချမှုဆိုင်ရာ နည်းပညာအကြံပေး အဖွဲ့ ပထမအကြိမ်အစည်းအဝေးကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် ကျင်းပခဲ့ပြီး အဖွဲ့ဝင်များအကြား သတင်းအချက်အလက်များမျှဝေနိုင်ရေး ကွန်ရက်တစ်ခုတည်ဆောက်ရန်၊ အဖွဲ့၏ပုံမှန်အစည်းအဝေးကို (၃)လတစ်ကြိမ်ကျင်းပရန်၊ သက်ဆိုင်ရာဌာနအလိုက် မြေနှင့်ပတ် သက်သော မိမိတို့၏မူဝါဒ၊ ဥပဒေ၊ ညွှန်ကြားချက်များကိုပြုစု၍ နောင်အစည်းအဝေးတွင် တင်ပြ ရန်၊ အမျိုးသားမြေဥပဒေရေးဆွဲရာတွင် ကဏ္ဍအလိုက်လိုအပ်သော နည်းပညာဆိုင်ရာ အကြံပြု ချက်များတင်ပြရန်ဆိုသည့် ဆုံးဖြတ်ချက်(၄)ရပ်ချမှတ်ခဲ့ကြောင်း၊
၂၀၁၆ ခုနှစ်တွင် အတည်ပြုခဲ့သည့် အမျိုးသားမြေအသုံးချမှု မူဝါဒတွင် နိုင်ငံတော်ရှိ မြေနှင့်သက်ဆိုင်သော တည်ဆဲဥပဒေအားလုံးကို သဟဇာတဖြစ်စေရေးအတွက် အမျိုးသားမြေအသုံး ချမှု မူဝါဒကို လမ်းညွှန်အဖြစ်အသုံးပြု၍ အမျိုးသားမြေဥပဒေအသစ်ကို ရေးဆွဲပြဌာန်းရန်ဖော်ပြထား ပြီး မြေအသုံးချမှုဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့အနေဖြင့် အမျိုးသားမြေအသုံးချမှုကောင်စီ၏ အမျိုးသားမြေဥပဒေရေးဆွဲခြင်း လုပ်ငန်းစဉ်အတွက် လိုအပ်သည့် နည်းပညာပံ့ပိုးမှုများ ဆောင် ရွက်ပေးရမည်ဖြစ်ကြောင်း၊
အမျိုးသားမြေဥပဒေရေးဆွဲရာတွင် ကဏ္ဍအလိုက်လိုအပ်သော နည်းပညာဆိုင်ရာ အကြံ ပြုချက်များ၊ မြေယာစီမံခန့်ခွဲမှုနှင့် သက်ဆိုင်သော မူဝါဒ၊ ဥပဒေ၊ ညွှန်ကြားချက်များနှင့် အမျိုးသားမြေဥပဒေရေးဆွဲရေးအတွက် အကြံပြုချက်များ၊ မြေအသုံးချမှုဆိုင်ရာ နည်းပညာ အကြံပေးအဖွဲ့၏ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် တိုးတက်မှုများကို ပွင့်ပွင့်လင်းလင်းဆွေးနွေးကြရန် ပြောကြားပါသည်။
အခမ်းအနားသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ကိုယ်စားလှယ်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များ၊ တောင်သူလယ်သမားကိုယ်စားလှယ်များ၊ တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်များ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

date: 
Wednesday, May 18, 2022 - 14:00