မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေ (2022) “စီမံကိန်းပြီးမြောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ” နှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေ(2022)၏ “မဲခေါင်ဒေသဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ”ကျင်းပ
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေ (2022) “စီမံကိန်းပြီးမြောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ” နှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ(2022) ၏ “မဲခေါင် ဒေသဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ”ကို (၄-၃-၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် Hotel Max နေပြည်တော်တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်း၊ ဗီယက်နမ်နှင့် ဂျပန်နိုင်ငံတို့မှ ပါမောက္ခများ၊ ကျွမ်းကျင်ပညာရှင် များနှင့် ကိုယ်စားလှယ်များ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သုတေသီများ တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ ပထမအတွင်းဝန်၊ Mr. Zhang Zhonghua မှ မဲခေါင်မြစ်ဝှမ်းဒေသ၏ အရေးပါမှုနှင့် တရုတ်-မြန်မာချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြောကြားသည်။ ထိုနောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းများဆိုင်ရာ အထိမ်းအမှတ်ဗီဒီယိုအား ပြသခဲ့ကြပြီး စီမံကိန်းဆိုင်ရာ တာဝန်ရှိသူများမှ မိမိတို့သက်ဆိုင်ရာလုပ်ငန်းများအလိုက် ဆောင်ရွက်ထားရှိမှု ပိုစတာများကို ရှင်းလင်း ပြသဆွေးနွေးခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲအစီအစဉ်အရ တက်ရောက်လာကြသော တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်း၊ ဗီယက်နမ်နှင့် ဂျပန်နိုင်ငံတို့မှ ပါမောက္ခများ၊ ကျွမ်းကျင်ပညာရှင်များနှင့် ကိုယ်စားလှယ်များ၊ ဆက်စပ်ဌာနများမှ တာဝန်ရှိသူများ၊ သုတေသီများနှင့် စီမံကိန်းတာဝန်ရှိသူများမှ မိမိတို့ သက်ဆိုင်သည့် လုပ်ငန်းတာဝန်များအလိုက် Powerpoint များဖြင့် ရှင်းလင်းတင်ပြခဲ့ကြပြီး တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားဆောင် ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ (၂၀၂၂) ၏ ပထမဆုံးသော ပရောဂျက် ဖြစ်သည့် “ရေအသုံးချခြင်းဆိုင်ရာလုံခြုံမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ အသိပညာပေးခြင်း” စီမံကိန်း (MLC-Education Project) ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် စတင်၍ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်းသိရှိရပြီး ဒုတိယစီမံကိန်းဖြစ်သော “မြန်မာနိုင်ငံ မဲခေါင်မြစ်ဝှမ်း ဒေသ အတွင်းရှိ သဘာဝဆေးဖက်ဝင် အပင်မျိုးစိတ်များစိုက်ပျိုးခြင်း၊ ပြုစုခြင်းနှင့် ထိန်းသိမ်းကာကွယ်ခြင်း စီမံကိန်း” (MLC-Medicinal Plants Project)” သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၅ ခုနှစ် အောက်တိုဘာလအထိ (၂) နှစ်ကြာဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။





