ရမန်းချောင်းကြိုးပြင်ကာကွယ်တောသတ်မှတ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်း ရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ၆၊ ပုဒ်မခွဲ (င)အရအပ်နှင်းထားသောလုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းကျရောက်နေသည့် ဧရိယာအကျယ်အဝန်း(၃,၇၇၁)ဧက ရှိသော နယ်မြေကို “ရမန်းချောင်းကြိုးပြင်ကာကွယ်တော”အဖြစ် အမိန့်ကြော်ငြာစာအမှတ်(၄၄/၂၀၂၅)အရ ၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း(၄)ရက် (၂၀၂၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် အပူပိုင်းဒေသ၏ သဘာဝတောကျန်များအား ထိန်းသိမ်းခြင်းကြောင့် ပတ်ဝန်းကျင်ဒေသအား အပူချိန်လျော့နည်း ကျဆင်းပြီး ပူပြင်းခြောက်သွေ့မှုကာကွယ်ရန်၊ ရာသီဥတုသာယာမျှတစေပြီး စိမ်းလန်းစိုပြည်ရန်၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်းသက်သာစေရန်၊ မြေဆီလွှာတိုက်စားမှုများအား တားဆီး ကာကွယ်ရန်နှင့် အပူပိုင်းသစ်တောများထိန်းသိမ်းကာကွယ်ရန် ရည်ရွယ်၍ ကြိုးဝိုင်း/ကြိုးပြင်ကာ ကွယ်တောများ အဖြစ်ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်ပါသည်။
ရမန်းချောင်းကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်းဖြင့် အဆိုပါဧရိယာအတွင်း ပေါက် ရောက်လျက်ရှိသော သဘာဝပေါက်ပင်များဖြစ်သည့် ပျဉ်းကတိုး၊ ပိတောက်၊ အင်ကြင်း၊ အင်၊ ထောက်ကြံ့၊ နီပစေး၊ နဘဲ၊ တရော်၊ ပိုးမဲဇာ၊ သစ်စေး၊ ဇီးဖြူ စသည့် သစ်မျိုးများအား ထိန်းသိမ်း နိုင်မည်ဖြစ်ခြင်း၊ တောဝက်၊ ယုန်၊ ရှဉ့်၊ ချိုး၊ ခါ စသည့် တိရစ္ဆာန်ငယ်များ၏ နေထိုင်ကျက်စားရာ ဒေသအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ဒေသခံပြည်သူများအတွက် လယ်ယာလုပ်ငန်းသုံး အပူပိုင်း ဒေသထွက်သစ်တောထွက်ပစ္စည်းများ ပိုမိုရရှိလာနိုင်ခြင်း၊ သဲကန္တာရဖြစ်ထွန်းမှုတိုက်ဖျက်ရေး အတွက် အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ခြင်း၊ မြေဆီလွှာတိုးတက် ကောင်း မွန်လာခြင်း၊ မြေအောက်ရေထိန်းသိမ်းနိုင်ခြင်းနှင့် သစ်တောဖုံးလွှမ်းမှုတိုးလာပြီး ရာသီဥတုပိုမို ကောင်းမွန်လာနိုင် ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။

date: 
Monday, May 12, 2025 - 09:30