ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်းရေးဆွဲရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည့် အစည်းအဝေးကျင်းပ

ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်းရေးဆွဲရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည့် အစည်းအဝေးကို (၃၀-၅-၂၀၂၅) ရက်၊ သောကြာနေ့ နံနက် (၀၈:၀၀) နာရီအချိန်တွင် သစ်တော ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမတွင် စတင်ကျင်းပရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဦးစွာ ညွှန်ကြားရေးမှူးချုပ်က ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးများ ဦးဆောင်ရေးဆွဲ သည့် ၂၀၂၆-၂၀၂၇ မှ ၂၀၃၅-၂၀၃၆ ခုနှစ်ထိ ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းသည် ၁၉၉၆-၁၉၉၇ ခုနှစ်တွင် ခရိုင် (၄၄)ခရိုင်ရေးဆွဲရာမှ ယခု (၇၁)ခရိုင်တွင် စတုတ္ထ (၁၀) နှစ်တွက် ရေးဆွဲခြင်းဖြစ်ပါကြောင်း၊ ပြည့်စုံ ကောင်းမွန်ပြီး အဆင့်အတန်းရှိသော စီမံကိန်းဖြစ်စေရေးတွက် လွန်ခဲ့သည့် ၂ နှစ်မှစ၍ လိုအပ်သည့် သင်တန်းများပေးခြင်း၊ သက်ဆိုင်ရာ Core Unit, Sub Core Unit များဖွဲ့စည်းခြင်း၊ ညှိနှိုင်းဆွေးနွေး မှုများပြုလုပ်ခြင်းဖြင့်ကြိုတင်ပြင်ဆင်ခဲ့ပါကြောင်း၊ ယခုစီမံကိန်းရေးဆွဲခြင်းကို ခရိုင်အားတာဝန်ယူ အုပ်ချုပ်နေသည့် ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးများသာရေးဆွဲခွင့်ရပြီး စီမံကိန်းစာအုပ်တွင် မိမိအမည်ကို မှတ်တမ်းတင်ကမ္မည်းတင်ခွင့်ရပါကြောင်း၊ စီမံကိန်းနှင့်စာရင်းအင်းဌာနမှလည်း ခရိုင် သစ်တောအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းရေးဆွဲရာတွင် အထောက်အပံ့ဖြစ်မည့် ခရိုင်အလိုက် သစ်တော ဖုံးလွှမ်းမှုများ၊ သစ်တောသယံဇာတစာရင်းကောက်ယူရရှိသည့် အချက်အလက်များဖြင့် ပေးပို့ပြီး ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာခရိုင်မှူးများ ရေးဆွဲထားသည့် ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်း (မူကြမ်း)နှင့် ပတ်သက်၍ စိစစ်ပြင်ဆင်ရန် အကြံပြုရန် ညွှန်ကြားရေးမှူးတစ်ဦးစီ ဦးဆောင်သည့် Review Team ၆ ဖွဲ့ ဖွဲ့စည်းထားပါကြောင်း၊ ယခုအစည်းအဝေးတွင် ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးကြရန် မှာကြားခဲ့ပါသည်။
​အစည်းအဝေးသို့ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း)၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာ Unit အဖွဲ့များနှင့် သက်ဆိုင်ရာ ခရိုင်မှူးများ In person/ Online တို့ဖြင့် တက်ရောက်ကြပါသည်။ အစည်းအဝေးတွင်သက်ဆိုင်ရာခရိုင်မှူးများ၏ ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်း ရေးဆွဲထားမှု တင်ပြချက်များအပေါ် တက်ရောက်လာသူများက ကောင်းမွန်ပြည့်စုံပြီးအဆင့်အတန်းရှိသည့်သော ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းဖြစ်​စေ​ရေးတွက် ဝိုင်းဝန်းဆွေးနွေးအကြံပြုဆွေးနွေးကြမည်ဖြစ်ပြီး အစည်းအဝေးကို ၃၁-၅-၂၀၂၅ ရက်ထိ (၂) ရက် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

date: 
Friday, May 30, 2025 - 17:45