AFoCO RETC သင်တန်းကျောင်း၏ “သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာမျှဝေခြင်း” အစီအစဉ်ဆောင်ရွက်ခြင်း
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ AFoCO RETC စီမံကိန်း သင်တန်းကျောင်းသည် AFoCO အဖွဲ့ဝင်နိုင်ငံများမှ သင်တန်းသားများ ဖိတ်ကြား၍ ကာလတိုပုံမှန်သင်တန်းနှင့် သစ်တောဆိုင်ရာ တိုးချဲ့ပညာပေးအစီအစဉ်များ၊ ဒေသခံ ပြည်သူများ၏ လူမှုစီးပွားများကို အထောက်အကူပြု သင်တန်းများအပြင် မျိုးဆက်သစ် လူငယ်များအား သစ်တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာမျှဝေသည့် အစီအစဉ်များကိုလည်း နှစ်စဉ် ဆောင်ရွက် ကျင်းပလျက်ရှိပါသည်။
“သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာမျှဝေခြင်း”အစီအစဉ်ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အတွက် တက္ကသိုလ် ကျောင်းသား/ သူများအား (၂)ကြိမ်၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား/သူများအား (၁၀)ကြိမ်နှင့် အခြေခံပညာဆရာ/ ဆရာမများ အား (၂)ကြိမ်၊ စုစုပေါင်း (၁၄)ကြိမ် စီစဉ်ကျင်းပရန် လျာထားခဲ့ပြီး ပထမဆုံး အကြိမ်အဖြစ် ၁၇-၆-၂၀၂၅ ရက်နေ့(အင်္ဂါနေ့)၌ နံနက်(၀၉:၀၀)နာရီမှ နေ့လည်(၁၂:၃၀) နာရီအထိ AFoCO RETC သင်တန်းကျောင်း ၌ စီစဉ်ကျင်းပခဲ့ရာ ကွန်ပျူတာ တက္ကသိုလ် (ရန်ကုန်)မှ ကျောင်းသား/ သူများနှင့် ကြီးကြပ်သူ ဆရာ/ ဆရာမ၊ စုစုပေါင်း (၉၀)ဦး တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ အစီအစဉ်ကို ကုလသမဂ္ဂထာဝစဉ်ဖွံ့ဖြိုးတိုးတက်ရေး အောက်ဖော်ပြပါ ရည်မှန်းချက် (၁၇)ရပ်နှင့်အညီ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။
၁. သဘာဝ ပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး
၂. စွမ်းအင်ချွေတာရေး
၃. နိုင်ငံသားကောင်းဖြစ်စေရေး
၄. စိတ်ချမ်းသာ၊ကိုယ်ကျန်းမာရေး
၅. အမိူက်စနစ်တကျစွန့်ပစ်ရေး
၆. စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲရေး
၇. ကမ်ရိုးတန်းဒေသဂေဟစနစ်များ ထိန်းသိမ်းရေး
၈. သယ်ယူပို့ဆောင်ရေး
၉. ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး
၁၀. ရေသယံဇာတစီမံခန့်ခွဲရေး
၁၁. ရာသီဥတုပြောင်းလဲမူနှင့် လိုက်လျောညီထွေရှိစွာ နေထိုင်နိုင်ရေး။
Eco-school အစီအစဉ်တွင် တက္ကသိုလ်ကျောင်းသား/သူများအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ သိကောင်းစရာများ ဟောပြောခြင်း၊ RETC သင်တန်းကျောင်းနှင့် လေ့လာရေးသစ်တော၊ FRI စခန်းအမှတ်(၉)ရှိ သစ်တော ပျိုးဥယျာဉ်တို့အား လေ့လာခြင်း၊ အမှတ်တရ စုပေါင်းသစ်ပင်စိုက်ပျိုး ခြင်းများ ဆောင်ရွက်ခဲ့ကာ အမှတ်တရလက်ဆောင်အဖြစ် သင်တန်းကျောင်းပုံ ပန်းချီကားအား ပေးအပ် ခဲ့ပါကြောင်း သတင်းရရှိပါသည်။











