သစ်တောသစ်ပင် ကမ္ဘာမြေကိုအလှဆင်
ဘက်စုံအကျိုးစီးပွား သစ်တောသစ်ပင်များ
သစ်တောသစ်ပင်များသည် ကမ္ဘာမြေနှင့် သက်ရှိလောကအတွက် အကျိုးကျေးဇူးမျိုးစုံ ပံ့ပိုးထောက်ပံ့ လျက်ရှိသည်။ ငွေကြေးဖြင့် တန်ဖိုးဖြတ်နိုင်သော ဝယ်ယူရရှိနိုင်သော သစ်နှင့် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများ သာမက ငွေကြေးဖြင့် တန်ဖိုးမဖြတ်နိုင် သော ပတ်ဝန်းကျင်ဆိုင်ရာဝန်ဆောင်မှု အမျိုးမျိုးကိုလည်း ပံ့ပိုးပေးလျက်ရှိသည်။ “ဥတုရာသီ၊ တောကိုမှီ” ဆိုသကဲ့သို့ သစ်ပင် သစ်တောများသည် လေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့များ စုတ်ယူသိုလှောင် ဖယ်ရှားပေးခြင်း ဖြင့် ရာသီဥတု ပြောင်းလဲမှုကို ထိန်းညှိပေးပြီး မျှတစေရန် ပံ့ပိုးခြင်း၊ အစာချက်လုပ်ခြင်း (Photosynthesis) ဖြစ်စဉ်နှင့်အတူ သက်ရှိတို့အတွက် မရှိမဖြစ် လိုအပ်သော အောက်စီဂျင်ကို ပြန်လည်ထုတ်ပေးခြင်းဖြင့် “သက်ရှိလောကတည်မြဲ ရေး” အတွက် အရေးကြီးသော ဝန်ဆောင်မှု များ ပေးလျှက်ရှိပါ သည်။
သစ်တောများသည် မြေအောက်ရေကို ထိန်းသိမ်းပေးသကဲ့သို့ သဘာဝရေသန့်စက်ကြီး များသဖွယ် ရေသန့်စင်အောင် စစ်ထုတ်ပေးခြင်းဖြင့် ရေတိမ်ဒေသများ၊ ကန်များ၊ မြစ်များ၊ ချောင်းများနှင့် အင်းများအတွင်း အနည်ကျမှုများ၊ ညစ်ညမ်းများကို စစ်ထုတ်လျှော့ချပေးကာ ဖြင့် လူနှင့်သက်ရှိများကို အကျိုးပြုလျှက်ရှိသည်။ သစ်တောများ ဖုံးလွှမ်းလျှက်ရှိသော ရေဝေရေလဲဒေသများနှင့် ရေတိမ်ဒေသများသည် ရေအရင်းအမြစ်များ ထိန်းသိမ်းပေး လျှက်ရှိပြီး ကမ္ဘာ့ရေချို ပမာဏ၏ ၇၅ ရာခိုင်နှုန်း ကို ပံ့ပိုးပေးလျှက်ရှိသည်။ ထို့ကြောင့် “ရေကြည်ချမ်းမြ သစ်တောမှရ” ဟု ဆိုခြင်းဖြစ်သည်။
သစ်တောသစ်ပင်များ၊ စားပင်သီးပင်များ စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် အရိပ်ရပြီး ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ကာ အပန်းဖြေနိုင်သကဲ့သို့ စိုက်ပျိုးသော သစ်မျိုးပေါ်မူတည်ပြီး သစ်၊ တိုင်၊ မျော၊ ထင်းနှင့် ရာသီအလိုက် သီးပွင့်လာသည့် အသီး၊ အရွက်၊ အညွှန့်တို့ကို ရရှိ နိုင်မည် ဖြစ်သည်။ ရာသီဥတုမျှတကောင်းမွန်ခြင်းဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းပြီး စားရေရိက္ခာဖူလုံဖို့ အထောက်အပံ့ ကောင်းများ ဖြစ်စေပါသည်။
သစ်ပင်သစ်တောများသည် လေပြင်းမုန်တိုင်းများ၊ ရေကြီးရေလျှံမှုများ၊ မြေပြိုမှု၊ မြေတိုက် စားမှုများ အစရှိသည့် သဘာဝဘေးအန္တရာယ်များ ကို အကာအကွယ်ပေးနိုင်သည်။ မိုးသီးမိုးပေါက်များ မြေဆီလွှာသို့ တိုက်ရိုက် ထိတွေ့မှုမရှိစေရန် သစ်ပင်ရွက်အုပ်များက တစ်ဆင့် ကြားခံပေးထားသဖြင့် မြေဆီလွှာကို ကာကွယ်ပေးသည်။ သည်းထန် သည့် မိုးရေများ ကို သစ်မြစ်များက စုတ်ယူထိန်းသိမ်းထားပြီး ရေကို တဖြည်းဖြည်းချင်း လွှတ်ထုတ်သဖြင့် ရေကြီးရေလျှံမှု ကို လျော့နည်းစေသည်။ သစ်မြစ်များက မြေစိုင်မြေခဲမြေသား များကို ရစ်ပတ် တုတ်နှောင်ထားသော ကြောင့် မြေပြိုခြင်း၊ ကမ်းပါးပြိုခြင်း၊ မြေဆီ တိုက် စားခြင်းကို ကာကွယ် ပေးသည်။ လေတိုက်မှုအရှိန်အဟုန်ကို လျှော့ချပေးခြင်းဖြင့် လေပြင်းမုန်တိုင်းဒဏ်မှ အကာ အကွယ် ပေးနိုင်ပါသည်။
“သစ်တောသစ်ပင် စိုက်ပျိုးလျှင်၊ စွမ်းအင်လည်းရ၊ ပြည်လည်းလှ” ဆိုသကဲ့သို့ ကြီးမြန် သစ်ပင်များ စိုက်ပျိုးခြင်းဖြင့် အရိပ်အာဝါသကောင်းစေရုံသာမက ထင်း၊ မီးသွေး၊ ဇီဝဒြပ်ထု လောင်စာ စွမ်းအင် များရရှိနိုင်ပြီး မိသားစုတိုင်းအတွက် နေ့စဉ်လိုအပ်သော အစားအစာများ ချက်ပြုတ်မှုနှင့် စွမ်းအင်လိုအပ်ချက်များအတွက် ဖြည့်ဆည်းပေးနိုင်ပါသည်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် ဒေသနှင့်ကိုက်ညီသည့် သစ်ပင်များ သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများထိန်းသိမ်းခြင်းဖြင့် ထင်း၊ မီးသွေး လောင်စာများ ရရှိနိုင်သည့် အပြင် မြေဆီလွှာများ ပြန်လည်ကောင်းမွန်လာပြီး ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ကာ သဲကန္တာရဖြစ် ထွန်းမှုများ ကို တားဆီးကာကွယ် တိုက်ဖျက်နိုင်သည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။
သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများထိန်းသိမ်းခြင်း သည် ထာဝရကုသိုလ် ပြုခြင်းလည်း မည်ပါသည်။ ပန်းဥယျာဉ် သစ်သီးဥယျာဉ် များ စိုက်ပျိုး လှူဒါန်းခြင်း၊ အရိပ်ရအပင် စားသုံးပင် စသော သစ်ပင်ကြီးငယ်ခြင်းတို့ကို စိုက်ပျိုးလှူဒါန်းခြင်း၊ တံတားခင်းလမ်းဖောက် လှူဒါန်းခြင်း၊ ရေချမ်းစင် တည်၍ လှူဒါန်းခြင်း၊ ရေတွင်းရေကန် ရေမြောင်းများတူး၍ လှူဒါန်းခြင်း၊ ဇရပ်တန်ဆောင်း ဂူကျောင်းပြဿဒ် နားနေရိပ်သာ ဆေးရုံဆေးခန်း စသော အဆောက်အအုံများ ဆောက်လုပ် လှူဒါန်းခြင်း ဟူသည့် ထာဝရကုသိုလ် (၆) ပါး ရှိရာ သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများထိန်းသိမ်းခြင်းသည် ထာဝရကုသိုလ်တစ်ပါးအဖြစ် ပါဝင်သည်။ သစ်ပင် စိုက်ပျိုးခြင်းသည် ဇရပ်တန်ဆောင်း ဂူကျောင်း ပြဿဒ် တည်ဆောက်လှူဒါန်းသကဲ့သို့ တူညီ သော ကုသိုလ်ကို ရရှိခံစားနိုင်ပြီး အသက်ရှည် ကျန်းမာကုသိုလ် အကျိုးထူးတို့ကို လည်း ရရှိနိုင်မည်ဖြစ်သည်။
သစ်ပင်စိုက်ပျိုးခြင်းသည် ပတ်ဝန်းကျင် စိမ်းစိုသာယာပြီး အလှအပ မျက်စိပသာဒ ကောင်းမွန်စေသည်။ “သစ်ပင်စိုက်လျှင် တို့ဝန်းကျင် ၊ စိမ်းစိုလှပ ကြည်နူးရ၏” ဆိုသည်နှင့်အညီ လမ်းဘေးဝဲယာ၊ ကျေးရွာ မြို့ပြများတွင် အစိမ်းရောင်ဧရိယာ (Green Space) အဖြစ် စိုက်ပျိုးခြင်းဖြင့် စိမ်းစိမ်းစိုစို အပင်များတွင် ဖြူ၊ နီ၊ ဝါ၊ ပြာ၊ ခရမ်း အရောင်မျိုးစုံ ပန်းမျိုးစုံတို့ ဖူးပွင့်ဝေဆာပြီး မျက်စိပသာဒ ဖြစ်စေသည်။ သန့်ရှင်းလတ်ဆတ်သော လေကောင်းလေသန့် ရရှိစေနိုင်ပြီး အရိပ်နှင့်အပန်းဖြေနားစရာများကို ရရှိနိုင်ပါသည်။ “သစ်ပင်စိုက်ပါ တို့ကမ္ဘာ သာယာလှပ စိမ်းမြမြ” ၊ “သစ်တောတွေစိမ်း၊ ရေမြေထိန်း ဖွံ့ဖြိုးကမ္ဘာ၊ လွန်ရှည်ကြာ” ဟုလည်း ဆိုကြသည်။ သစ်ပင်စိုက်ပျိုးပြီး ကမ္ဘာမြေကို အလှဆင်နိုင်ပါသည်။ စစ်မှန်သော ရေရှည် တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် သစ်ပင်စိုက်ပျိုးရေး၊ သစ်တောများ ထိန်းသိမ်း ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများသည် အဓိက အခန်းကဏ္ဍမှ ပါဝင်လျက် ရှိပါသည်။
ကမ္ဘာလုံးဆိုင်ရာ သစ်တောထိန်းသိမ်းရေး ရည်မှန်းချက်များ
ယနေ့အချိန်အခါသည် ကမ္ဘာနှင့်အဝန်း ရာသီဥတုပြောင်းလဲမှု ကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွက် အကျိုးဆက်များ၊ သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ကြရလျက်ရှိရာ သစ်ပင် သစ်တောများ စိုက်ပျိုး ထိန်းသိမ်းခြင်း လုပ်ငန်းများကို သဘာဝအခြေခံ ဖြေရှင်းသည့် နည်းလမ်း (Nature-based Solutions)အဖြစ် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိ ပါသည်။ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အရှိန်မြှင့်တင်ဆောင်ရွက်ရန် ၂၀၁၄ ခုနှစ်တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေး (UN Climate Summit 2014) တွင်နယူး ယောက်သစ်တောများဆိုင်ရာကြေညာစာတမ်း (New York Declaration on Forests) ကို ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါကြေငြာချက်၏ အဓိက ရည်မှန်းချက်မှာ ၂၀၃၀ ပြည့်နှစ်တွင် သစ်တောပြုန်းတီးမှုအား လုံးဝရပ်တန့်နိုင်ရေးနှင့် တောနိမ့် တောပျက်များတွင် သစ်တော ဧရိယာ ဟတ်တာ သန်း (၃၅၀)တည်ထောင်ခြင်း လုပ်ငန်းတို့ကို အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်သွားရေး ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ် မှ ၂၀၃၀ ပြည့်နှစ်ကာလကို ကုလသ မဂ္ဂဂေဟစနစ် ပြန်လည် ထူထောင်ရေးဆယ်စုနှစ် (UN Decade of Ecosystem Restoration 2021- 2030)ဟု ကုလသမဂ္ဂ အထွေထွေညီလာခံ ၂၀၁၉ ခုနှစ်၊ မတ်လ (၁) ရက်နေ့တွင် ဆုံးဖြတ်ချက် (၇၄/ ၂၈၄) ဖြင့် ဆုံးဖြတ်၍ ဂေဟစနစ်အမျိုးမျိုးတွင် သစ်ပင် စိုက်ပျိုးခြင်း၊ ဂေဟစနစ်များ ပြန်လည် တည်ထောင်ခြင်း လုပ်ငန်းများကို အားပေးမြှင့်တင် ဆောင်ရွက် လျက်ရှိပါသည်။ ကုလသမဂ္ဂစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင် (၁၅) (SDG 15) တွင်လည်း သစ်တောများ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ကုန်းမြေ ဂေဟစနစ်များအား ကာကွယ်ရန်၊ သစ်တောများအား ရေရှည်တည်တံ့စေမည့် နည်းလမ်းများဖြင့် စီမံအုပ်ချုပ်ရန်နှင့် သဲကန္တာရဖြစ် ထွန်းမှု တိုက်ဖျက်ရန် စသည်ဖြင့် ရည်မှန်းချက် ချမှတ်ပြီး ဆောင်ရွက် လျက်ရှိသည်။
မြန်မာ့ သစ်တောထိန်းသိမ်းရေး ဆောင်ရွက်မှုများ
သစ်တောဦးစီးဌာနအနေဖြင့် သစ်တောများသားစဉ်မြေးဆက် ထာဝစဉ် တည်တံ့စေရေး ဂေဟစနစ်များပြန်လည်ပြုပြင်ထိန်းသိမ်းရေးအတွက် မြန်မာ့သစ်တောမူဝါဒ (၁၉၉၅) နှင့် အမျိုးသား သစ်တောကဏ္ဍပင်မစီမံကိန်း (၂၀၀၁-၂၀၀၂ မှ ၂၀၃၀-၂၀၃၁) ရည်မှန်းချက်များ နှင့်အညီ ကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တောများကို နိုင်ငံ ဧရိယာ၏ (၃၀) ရာခိုင်နှုန်း ထိ ဖွဲ့စည်းသွားရန် လျာထားဆောင်ရွက် လျက်ရှိသည်။ ယနေ့အချိန်ထိ ကြိုးဝိုင်း (၈၂၆) ခု ဧရိယာ ၂၉,၆၇၈,၄၃၈ ဧက၊ ကြိုးပြင် ကာကွယ်တော (၄၉၈) ခု၊ ဧရိယာ ၁၃,၆၇၄,၁၁၀ ဧက၊ စုစုပေါင်း ၄၃,၃၅၂,၅၄၈ ဧက နိုင်ငံ ဧရိယာ၏ ၂၅.၉၃ ရာခိုင်နှုန်း ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပြီဖြစ်သည်။ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးအတွက် သဘာဝနယ်မြေများကို နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းထိ တိုးချဲ့ဖွဲ့စည်းရန်ဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်ထိ သဘာဝနယ်မြေ ၆၂ ခု၊ ဧရိယာ ဧက ( ၁၀.၇၅) သန်း (၆.၄၃ ရာခိုင်နှုန်း)ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်သည်။
၂၀၂၁ ခုနှစ် မှ ၂၀၂၅ ခုနှစ် (မေလအထိ) ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တော (၆၁)ခု၊ စုစုပေါင်း ဧရိယာ ဧက (၆၆၁,၁၈၆)၊ သဘာဝထိန်းသိမ်းရေးနယ်မြေ(၁၆)ခု၊ ဧရိယာဧက(၆၁၃,၈၁၇) ကိုဖွဲ့စည်းတည်ထောင်နိုင်ခဲ့သည်။
မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး (၁၀)နှစ် စီမံကိန်း (၂၀၁၇-၁၈ မှ ၂၀၂၆-၂၀၂၇ ထိ) ကို ရေးဆွဲ၍ သဘာဝတောများ ထိန်းသိမ်းကာကွယ်ခြင်း၊ သစ်တောစိုက်ခင်း များကို စိုက်ပျိုးတည်ထောင်ခြင်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စီမံကိန်း ကာလအတွင်း ၂၀၂၄-၂၅ ဘဏ္ဍာနှစ်ထိ နိုင်ငံပိုင်သစ်တောစိုက်ခင်း (စီးပွားရေးစိုက်ခင်း၊ စက်မှုကုန်ကြမ်း စိုက်ခင်း၊ ရေဝေရေလဲစိုက်ခင်း၊ ဒီရေတောစိုက်ခင်း၊ ကျေးရွာထင်းစိုက်ခင်း) (၁၉၀,၆၈၅ ဧက)၊ ပုဂ္ဂလိကသစ်တောစိုက်ခင်း (၆၈,၅၈၉ ဧက) နှင့်ဒေသခံပြည်သူအစု အဖွဲ့ပိုင်သစ်တောလုပ်ငန်း (၇၁၅,၅၇၇ ဧက) တို့ကို တည်ထောင်စိုက်ပျိုးနိုင်ခဲ့သည်။
အထူးစိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ
သစ်တောနယ်မြေများဖြစ်သည့် သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများ တွင် သစ်တောစိုက်ခင်းများ အရှိန်အဟုန်ဖြင့် စိုက်ပျိုးတည်ထောင် လျက်ရှိသကဲ့သို့ သစ်တော နယ်မြေပြင်ပ (ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော ပြင်ပ) နေရာများတွင်လည်း ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေး၊ အရိပ်အာဝါသ ရရှိရေးတို့အတွက် စိုက်ပျိုးဆောင်ရွက်လျက်ရှိပါသည်။ အထူးလုပ်ငန်းတစ်ရပ် အနေဖြင့် အပူပိုင်းဒေသ (၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး အတွက် တစ်ရွာ (၂)ဧကစိုက်ခင်း၊ ဘက်စုံသုံးစိုက်ခင်း၊ ကျေးရွာထင်းစိုက်ခင်းများ တည်ထောင်ခြင်း၊ မကွေး-ရေနံချောင်း- ချောက်- ဂွေးချို- ကျောက်ပန်းတောင်း-ညောင်ဦး-မိတ္ထီလာ လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး သစ်ပင်များ စိုက်ပျိုးခြင်း၊ အာဆီယံ လမ်းမကြီးနှင့် ရထား လမ်း ဘေးဝဲ/ယာ သစ်ပင်စိုက်ပျိုး ခြင်း၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ စိမ်းလန်း စိုပြည်ရေး အတွက် သစ်ပင်များ စိုက်ပျိုးခြင်း၊ မြစ်ချောင်းများ ဘေးဝဲ၊ယာ တစ်လျှောက် သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းခြင်း၊ ရာဂီမုန်တိုင်းကြောင့် ရေကြီးရေလျှံဖြစ်ခဲ့သည့် နေရာဒေသ များတွင် သစ်ပင်များ စိုက်ပျိုးခြင်း တို့ကိုလည်း အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိ ပါသည်။ ထို့အပြင် ယခုနှစ် မိုးရာသီတွင် အထူးစိမ်းလန်း စိုပြည်ရေးအတွက် သစ်ပင်စိုက်ပျိုး ခြင်းအနေဖြင့် ရှမ်းပြည်နယ်၊ ဗထူးမြို့၊ ရပ်စောက်မြို့နယ်နှင့် ပင်းတယမြို့နယ် ဧက (၁၀၀၀)၊ သစ်ပင်ပေါင်း (၂၀၀,၀၀၀) နှင့် အင်းလေးကန် ရေဝေရေလဲ ဒေသ အောင်ပန်း၊ ကလော နှင့် ညောင်ရွှေမြို့နယ်များ တောင်ထိပ်၊ တောင်ကုန်းများတွင် သစ်ပင်၊ သစ်တောများ ထိန်းသိမ်း ခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ ဒေသခံ ကို စိုက်ပျိုး ဆောင်ရွက် လျက်ရှိပါသည်။
ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် နှစ်စဉ် ရတနာတန်းဝင် သစ်မျိုးများ၊ အရိပ်ရ ကြီးမြန်သစ်မျိုးများ၊ ဒေသမျိုးရင်းပျိုးပင်များ စသည်ဖြင့် ပျိုးပင် ၁၀ သန်းခန့် ကိုလည်း နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ပျိုးထောင်ပြီး မိုးရာသီ သစ်ပင် စိုက်ပျိုးနိုင်ရေး ပျိုးသက် (၂)နှစ်ခန့်ရှိ အမြင့် ၂ ပေအထက် ရှိသော ကျန်းမာကြံ့ခိုင်သော ပျိုးပင်များကို တပ်ရင်းတပ်ဖွဲ့များ၊ ဆက်စပ်ဌာနများနှင့် ပြည်သူလူထု သို့ ဖြန့်ဖြူးပေး လျက်ရှိသည်။ အဆိုပါအပင်များကို အများအားဖြင့် သစ်တောမြေပြင်ပ တွင် စိုက်ပျိုးကြပြီး သစ်တောပြင်ပမှ သစ်ပင်များ (Trees Outside Forests-ToF) ဟု ခေါ်ဆိုနိုင်ပါသည်။
တစ်ပင်စိုက် တစ်ပင်ရှင်သန်စေဖို့
သစ်ပင်စိုက်ပျိုးခြင်းသည် မခက်ခဲသော်လည်း သတိမမူပဲ အမှတ်တမဲ့ စိုက်ပျိုးသော အခါ ပျိုးပင်များ ပျက်စီးဆုံးရှုံးခြင်း၊ ပျိုးပင်အတွက် စိုက်ထုတ်ခဲ့ရသော အချိန်၊ ငွေ၊ လုပ်အားများ ဆုံးရှုံးခြင်း များ ရှိသဖြင့် ပျိုးအိတ်မှ မြေပြင်တွင် သစ်ပင်ချစိုက်သော အခါ အောက်ဖေါ်ပြပါ အချက်များ ကို အလေးထား ဆောင်ရွက်ခြင်းဖြင့် အပင်များ ရှင်သန်မှု ရာခိုင်နှုန်း ပိုမိုကောင်းမွန် စေမည် ဖြစ်ပါသည်-
မြေဆီစိုချိန် အချိန်ကိုက် စနစ်တကျသစ်ပင်စိုက်ပျိုးခြင်း၊
စိုက်ပျိုးသည့်အခါတွင် ကျင်းအတွင်းသို့ ပျိုးပင်မြေလုံးမကွဲပဲ ရောက်ရှိစေရန် ပျိုးအိတ်ကို သေချာစွာခွဲ၍ လက်နှစ်ဖက်ဖြင့် သေချာ စွာ ဆုပ်ညှစ် ဆောင်ရွက်ခြင်း၊
ပလပ်စတစ်အိတ်ကို သေချာစွာ ချွတ်ပြီး မြေလုံးမကွဲစေရန် ဂရုစိုက် ဆောင် ရွက်ခြင်း၊
အသင့်တူးထားသော မြေကျင်းထဲသို့ ပလပ်စတစ်ချွတ်ထားသော ပျိုးပင်ကို မြေလုံးမကွဲစေပဲ ကျင်းထဲသို့ ထည့်ခြင်း၊
စိုက်ပျိုးထားသော အပင်များအား တည့်မတ်နေစေရန် လိုအပ်လျှင် ပန္နက် တိုင်နှင့် ချည်နှောင်ထားခြင်း၊
စိုက်ပျိုးထားသော အပင်များအား လေဟာမနေစေရန် စိုက်ပင် ဘေးမှ ပြန်ဖို့သောမြေကို လက်နှစ်ဖက်ဖြင့် သေချာစွာ ဖိပေးခြင်း၊
လေတိုက်သည့်ဒါဏ်ခံနိုင်ရန် အပင်တည့်မတ်ရန် အပင်အမြင့်နှင့် လျော်ညီသော ထောက်တိုင်ထောက်ပေးခြင်း၊
အပင်စိုက်ပျိုးပြီးလျှင် ပေါင်းသင်ခါးဆွခြင်း၊ လိုအပ်ပါကရေလောင်းခြင်း၊ မီးကာကွယ် ခြင်း၊ လူ၊ ကျွဲ၊ နွား ၊ တိရစ္တာန်များ၏ ဖျက်ဆီးမှုမှ ကာကွယ်နိုင်စေရေး Tree Guard ပြုလုပ်ခြင်း၊ ခြံစည်းရိုးပြုလုပ်ခြင်း စသည့် ပြုစုစောင့်ရှောက်မှုများ ပုံမှန်ပြုလုပ်ခြင်း၊
ရေဝပ်သည့်နေရာများတွင် အပင်ခြေရင်း၌ မြေများများစုပုံ (Mound) ပြုလုပ်ပြီး စိုက်ပျိုးခြင်း၊
စိုက်ပျိုးမည့် မြေနေရာရှိ မြေမကောင်းမွန်ပါက အစားထိုးမြေဆွေး၊ နွားချေး၊ သဲများ စသည့် သွင်းအားစုများ ထည့်ပြီး စိုက်ပျိုးခြင်း၊
မစိုက်ပျိုးခင် ပျိုးပင်ကြံ့ခိုင်အောင် Hardening Process (အမြစ်ဖြတ်၊ အပင်ချဲ၊ အရွယ်ညီစီ၊ အမိုးလှပ်၊ ရေဖြတ်ခြင်းများ) ဆောင်ရွက်ခြင်း၊
သစ်မျိုး တစ်မျိုးတည်းရွေးချယ်စိုက်ပျိုးခြင်းထက် နေရာ၊ မြေမျက်နှာသွင်ပြင်၊ ရာသီဥတု အခြေအနေ အလိုက် သစ်ပင်မျိုးစုံ စိုက်ပျိုးခြင်း၊
လမ်းဘေးဝဲယာသစ်ပင်စိုက်ပျိုးရာတွင် အောက်ပါအချက်များကို ကြိုတင်ပြင်ဆင် လိုက်နာ ဆောင် ရွက် ခြင်း ဖြင့် ရှင်သန်အောင်မြင်မှု ပိုမိုကောင်းမွန် မည်ဖြစ်ပါသည်-
လမ်းနယ်နိမိတ်အတွင်းနှင့် ဓာတ်တိုင်များအောက် စိုက်ပျိုးခြင်းမပြုပဲ အဆိုပါ နေရာ များ မှ လွတ်င်းသည့် နေရာတွင်သာ စိုက်ပျိုးခြင်း၊
နေရာဒေသအပေါ်မူတည်ပြီး စိုက်ပျိုးမည့်ပျိုးပင်အရွယ်အစားနှင့် ကိုက်ညီသည့် သင့်လျော်သော ကျင်းအရွယ်အစား ဥပမာ (၂ ပေ x ၂ ပေ x ၁ ပေ ) ၊ ( ၃ ပေ x ၃ ပေx ၁ ပေ)၊ ( ၆ ပေx ၃ ပေ x ၁ ပေ) အစရှိသည့် တူးပြီး စိုက်ပျိုးခြင်း၊ အဆိုပါ ကျင်းများအတွင်းသို့ ရောစပ်ထားသော မြေဆွေး များထည့်ပေးခြင်း၊
လမ်းဘေးဝဲယာရှိ အပင်ကြီးများအောက်တွင် အပင်ငယ်များ စိုက်ပျိုးခြင်း ကို ရှောင်ရှား ခြင်း၊
လမ်းဘေးဝဲယာရှိ သင့်တော်သည့် မြေကွက်လပ် များရှိပါက နေရာပေါ်မူတည်ပြီး အပင်တန်း (၃) တန်း၊ (၅) တန်း၊ (၁၀) တန်း စသည်ဖြင့် Zigzag ပုံစံ (ဝက်ခေါင်း ထိုးပုံစံ) ဖြင့် တစ်အုပ်တစ်မစိုက်ခင်း (Woodlot) အဖြစ် စိုက်ပျိုးခြင်း၊
ရွေးချယ်စိုက်ပျိုးသည့် အပင်၏ နောင်တွင် ဖြစ်ပေါ်လာနိုင်သော ရွက်အုပ်အကျယ်အဝန်း အခြေ အနေနှင့် လမ်းအမျိုးအစားအပေါ် မူတည်ပြီး ပန္နက်အကွာအဝေး၊ လိုင်း အကွာ အဝေး ချိန်ဆ စိုက်ပျိုးခြင်း၊
သစ်ပင်များစိုက်ပျိုးရာတွင် လတ်တလောအခြေအနေသာမက ရေရှည်အတွက်လည်း ထည့်သွင်းစဉ်းစားကာ ရည်ရွယ်ချက်အလိုက် ဒေသနှင့်ကိုက်ညီသော အပင်မျိုးကို စနစ်တကျ ရွေးချယ်စိုက်ပျိုးခြင်းဖြင့် ပိုမိုထိရောက်နိုင်မည်ဖြစ်ကာ စိုက်ပင်များ ရှင်သန်အောင်မြင်မှု ကောင်းမည် ဖြစ်ပါသည်။ စိုက်ပင်များ ပျက်စီးဆုံးရှုံးမှု၏ အဓိက အကြောင်းအရင်းမှာ စိုက်ပျိုးပြီးနောက် ပြုစုထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်မှု နည်းပါးခြင်း ကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် တစ်ပင်စိုက်၊ တစ်ပင်ရှင်သန် စေရေးအတွက် သစ်ပင်စိုက်ပျိုးပြီး နောက် ပြုစုထိန်းသိမ်းရေး လုပ်ငန်းများ ကို မဖြစ်မနေ ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
သစ်တောသစ်ပင် ကမ္ဘာမြေကိုအလှဆင်
သစ်ပင်သစ်တောများသည် သဘာဝသယံဇာတ သက်သက်သာမက နိုင်ငံ၏ ကြွယ်ဝမှု ၊ နိုင်ငံ၏ ဂုဏ်သိက္ခာကြီးမြင့်မှု၊ နိုင်ငံ၏ သဘာဝတရားအပေါ် မြတ်နိုးတန်ဖိုးထားမှုကို ထင်ဟပ်စေသကဲ့သို့ စိမ်းလန်းစိုပြည်စွာ၊ အရောင်အသွေးစုံလင်စွာ၊ ပန်းပေါင်းစုံ သင်းရနံ့မွှေး ပျံ့စွာ ဖြင့် ကမ္ဘာမြေကို အလှဆင် ပေးလျက်ရှိသည်။ သစ်ပင်သစ်တောများသည် ရောင်စုံပန်းပွင့်များဖြင့် အဆင်းလှပရုံ၊ မျက်စိပသာဒကြည့်ကောင်းရုံ သက်သက်သာမက ရာသီဥတုမျှတကောင်းမွန်ရေး၊ စားရေရိက္ခာဖူလုံရေး၊ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး၊ သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သည့် ဂေဟစနစ် ကို ထိန်းသိမ်းနိုင်ရေး၊ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး၊ ဆက်စပ်လုပ်ငန်း ကဏ္ဍအသီးသီးကို ပံ့ပိုးပေးပြီး နိုင်ငံတော် စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ကို အထောက်အကူပြုလျက် အကျိုးကျေးဇူး များစွာကိုလည်း ပံ့ပိုးပေးလျက် ရှိပါသည်။ ထို့ကြောင့် ဘက်စုံအကျိုးကျေးဇူးများစွာ ပံ့ပိုးပေးသော သစ်ပင်သစ်တောများဖြင့် အိမ်ခြံဝန်းနှင့် ရပ်ကွက်ကျေးရွာများ၊ လမ်းများ မှသည် မြို့ပြများအထိ၊ သစ်တောမြေများမှသည် သစ်တောမြေပြင်ပ ဧရိယာများအထိ စိမ်းလန်းမြေများ၊ သစ်တောဖုံးလွှမ်းမှုများ တိုးပွားလာ စေရေး၊ နိုင်ငံနှင့်အဝန်း သစ်ပင်သစ်တောအစွမ်းဖြင့် စိမ်းလန်းသာယာ လှပစေရေး သစ်ပင်ပန်းမန်များကို အင်တိုက်အားတိုက် အရှိန်အဟုန် ဖြင့် စိုက်ပျိုးကာ ကမ္ဘာမြေကို အလှဆင်ကြရမည်ဖြစ်ပါသည်။
