AFoCO RETC သင်တန်းကျောင်း၏ “သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာမျှဝေခြင်း” အစီအစဉ်ကျင်းပ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ AFoCO RETC စီမံကိန်း သင်တန်းကျောင်းသည် AFoCO အဖွဲ့ဝင်နိုင်ငံများမှ သင်တန်းသားများ ဖိတ်ကြား၍ ကာလတိုပုံမှန်သင်တန်းနှင့် သစ်တောဆိုင်ရာ တိုးချဲ့ပညာပေးအစီအစဉ်များ၊ ဒေသခံ ပြည်သူများ၏ လူမှုစီးပွားများကို အထောက်အကူပြု သင်တန်းများအပြင် မျိုးဆက်သစ် လူငယ်များအား သစ်တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာမျှဝေသည့် အစီအစဉ်များကိုလည်း နှစ်စဉ် ဆောင်ရွက် ကျင်းပလျက်ရှိပါသည်။
“သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာမျှဝေခြင်း”အစီအစဉ်ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အတွက် တက္ကသိုလ် ကျောင်းသား/ သူများအား (၂)ကြိမ်၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား/သူများအား (၁၀)ကြိမ်နှင့် အခြေခံပညာဆရာ/ ဆရာမများ အား (၂)ကြိမ်၊ စုစုပေါင်း (၁၄)ကြိမ် စီစဉ်ကျင်းပရန် လျာထားခဲ့ရာ အဌမအကြိမ်မြောက် အဖြစ် ၁၈-၈-၂၀၂၅ ရက်နေ့(တနင်္လာနေ့)၌ နံနက်(၀၉:၀၀)နာရီမှ နေ့လည်(၁၂:၀၀)နာရီအထိ၊ AFoCO RETC သင်တန်းကျောင်း၌ စီစဉ်ကျင်းပခဲ့ရာ အ.မ.က-(၅)၊ ရွှေပြည်သာမြို့နယ်မှ ကျောင်းအုပ်ဆရာမကြီး(၁)ဦး၊ ကြီးကြပ်သူဆရာမ(၃)ဦးနှင့် Grade-3 , 4 နှင့် 5 တို့မှ ကျောင်းသား (၃၉)ဦး၊ ကျောင်းသူ(၄၈)ဦး၊ စုစု ပေါင်း (၉၁)ဦး တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ အစီအစဉ်ကို ကုလသမဂ္ဂထာဝစဉ်ဖွံ့ဖြိုးတိုးတက်ရေး အောက်ဖော်ပြပါ ရည်မှန်းချက် (၁၇)ရပ်နှင့်အညီ ကျင်းပခဲ့ခြင်းဖြစ်ပါသည်-
၁. ဆင်းရဲနွမ်းပါးမှု လျော့ချစေခြင်း၊
၂. ငတ်မွတ်ခေါင်းပါးမှု လျော့ချစေခြင်း၊
၃. ကိုယ်ကျန်းမာ စိတ်ချမ်းသာခြင်း၊
၄. ပညာရေး အဆင့်အတန်းမြင့်မားစေခြင်း၊
၅. ကျား/မ တန်းတူအခွင့်အရေး ရရှိစေခြင်း၊
၆. သန့်ရှင်းသောသောက်ရေနှင့် ကျန်းမာစွာနေထိုင်နိုင်စေခြင်း၊
၇. သန့်ရှင်းသော စွမ်းအင်ရရှိရေးနှင့် ထိရောက်တွင်ကျယ်စွာ အသုံးချခြင်း၊
၈. အလုပ်အကိုင် အခွင့်အလမ်း ရရှိစေခြင်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေခြင်း၊
၉. စက်မှုလုပ်ငန်းများနှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးအတွက် ဆန်းသစ်တီထွင်မှု ဆောင်ကြဉ်းပေးခြင်း၊
၁၀. မညီမျှမှုများကို လျော့နည်းစေခြင်း၊
၁၁. ထာဝစဉ်ဖွံ့ဖြိုးတိုးတက်သော မြို့ပြများနှင့် လူမှုအသိုက်အဝန်းများ တည်ဆောက်ခြင်း၊
၁၂. အစားအစာထုတ်လုပ်ခြင်းနှင့် သယံဇာတ အသုံးချမှု စီမံခန့်ခွဲခြင်း၊
၁၃. ရာသီဉတု ပြောင်းလဲမှုဖြစ်စဉ်များ၏ ဆိုးကျိုးများကို တုံ့ပြန်နိုင်စေခြင်း၊
၁၄. ရေနေသတ္တဝါများ ထိန်းသိမ်းကာကွယ်ခြင်း၊
၁၅. ကုန်းမြေဒေသ ဂေဟစနစ်များနှင့် သက်ရှိသတ္တဝါများ ထိန်းသိမ်းကာကွယ်ခြင်း၊
၁၆. ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် အဖွဲ့အစည်းများ အားကောင်း ခိုင်မာစေခြင်း၊
၁၇. ထာဝစဉ်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်(၁၇)ရပ် အောင်မြင်စေခြင်း၊
Eco-School အသိပညာမျှဝေခြင်း ခေါင်းစဉ်(၁၁)ချက်နှင့်အညီ မူလတန်းအဆင့် နားလည် လက်ခံနိုင်မည့် အကြောင်းအရာများ၊ ရပ်ပုံကားချပ်များ ထည့်သွင်း၍ အောက်ဖော်ပြပါ အကြောင်းအရာ များအား ပညာပေးဟောပြော ဆွေးနွေး ပါသည်-
၁. သဘာဝ ပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး
၂. စွမ်းအင်ချွေတာရေး
၃. နိုင်ငံသားကောင်းဖြစ်စေရေး
၄. စိတ်ချမ်းသာ၊ကိုယ်ကျန်းမာရေး
၅. အမိူက်စနစ်တကျစွန့်ပစ်ရေး
၆. စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲရေး
၇. ကမ်ရိုးတန်းဒေသဂေဟစနစ်များ ထိန်းသိမ်းရေး
၈. သယ်ယူပို့ဆောင်ရေး
၉. ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး
၁၀. ရေသယံဇာတစီမံခန့်ခွဲရေး
၁၁. ရာသီဥတုပြောင်းလဲမူနှင့် လိုက်လျောညီထွေရှိစွာ နေထိုင်နိုင်ရေး။
Eco-school အစီအစဉ်တွင် ကျောင်းသား/သူများအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ သိကောင်းစရာများ ဟောပြောခြင်း၊ RETC သင်တန်းကျောင်းနှင့် လေ့လာရေး သစ်တော၊ FRI စခန်းအမှတ်(၉)ရှိ သစ်တော ပျိုးဥယျာဉ်တို့အား လေ့လာခြင်း၊ အမှတ်တရ စုပေါင်း သစ်ပင် စိုက်ပျိုးခြင်း များ ဆောင်ရွက်ခဲ့ကာ အမှတ်တရလက်ဆောင်အဖြစ် သင်တန်းကျောင်းပုံ ကျောက်မျက် ပန်းချီကားအား ပေးအပ်ခဲ့ပါကြောင်း တင်ပြအပ်ပါသည်။






