မြန်မာ-ထိုင်း နှစ်နိုင်ငံပူးတွဲ၍ ရေအရည်အသွေးစီမံခန့်ခွဲရေးဆိုင်ရာဆွေးနွေးပွဲကျင်းပ

မြန်မာ-ထိုင်း နှစ်နိုင်ငံပူးတွဲ၍ ရေအရည်အသွေး စီမံခန့်ခွဲရေးနှင့် လေ့လာစောင့်ကြည့်နိုင်ရေး အတွက် နှစ်နိုင်ငံကြား ရေအရည်အသွေးညစ်ညမ်းမှု ကာကွယ်ထိန်းချုပ်ရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ရန် ရည်ရွယ်၍ မြန်မာ-ထိုင်း နှစ်နိုင်ငံပူးတွဲ၍ ရေအရည်အသွေးစီမံခန့်ခွဲရေး ဆိုင်ရာ ဆွေးနွေးပွဲအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Jasmine Hotel ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆက်စပ်ဌာန များမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး ထိုင်းနိုင်ငံမှ ဒုတိယဝန်ကြီးချုပ်၊ ဒစ်ဂျစ်တယ် စီးပွားရေးနှင့် လူမှုရေးဝန်ကြီးဌာန၊ ဝန်ကြီး Mr. Prasert Jantararuangtong ၊ ပြည်ထဲရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး Ms. Theerarat Samrejvanich၊ ရန်ကုန်မြို့ ထိုင်းသံရုံးမှ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး Mr. Mongkol Visitstump နှင့် ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ဦးစွာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး မြန်မာနိုင်ငံအနေဖြင့် ရေသယံဇာတနှင့် အရည်အသွေးများထိန်းသိမ်းနိုင်ရေးအတွက် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီကို ဖွဲ့စည်း ထားရှိပြီး ရေအရင်းအမြစ်များအား ဦးစားပေး ကာကွယ်ထိန်းသိမ်းလျက်ရှိပါကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်၍ အမျိုးသားမြေပေါ်ရေ အရည်အသွေး စံချိန်စံညွှန်းကိုလည်း ၂၀၂၄ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပြီး ရေအရည်အသွေးကို တိုင်းတာစစ်ဆေး၍ စောင့်ကြပ်ကြည့်ရှု လျက်ရှိပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီးဌာန၊ ဝန်ကြီး Mr. Prasert Jantararuangtong က ထိုင်းနိုင်ငံအနေဖြင့်လည်း ရေအရင်းအမြစ် အရည်အသွေး နှင့်ပတ်သက်၍ အရေးကြီးကိစ္စတစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေထုညစ်ညမ်းမှု ကာကွယ်ထိန်းသိမ်းရန်အတွက် မူဝါဒများချမှတ်ထားရှိပြီး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံနှင့် ရေရှည်လက်တွဲ၍ ရေထုညစ်ညမ်းမှု ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ထိုင်းနိုင်ငံမှ ညစ်ညမ်းမှုထိန်းချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့က ထိုင်းနိုင်ငံအတွင်းရှိ နမ့်ခုတ်မြစ်ရေ အရည်အသွေးနှင့် ကာကွယ်ထိန်းသိမ်းဆောင်ရွက်နေမှု အခြေအနေများအား တင်ပြဆွေးနွေးပြီး သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်းနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က မြန်မာနိုင်ငံ၏ ရေအရည်အသွေးဆိုင်ရာ စီမံခန့်ခွဲမှု၊ မြေပေါ်ရေ အရည်အသွေးသတ်မှတ်ချက်များ၊ ကာကွယ်ထိန်းသိမ်းရေးဆောင်ရွက်မှုနှင့် ရှေ့ဆက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ တင်ပြဆွေးနွေးကြသည်။
ထို့နောက် ယခုဆွေးနွေးပွဲမှ ရရှိလာသော ရလဒ်များဖြစ်သည့် ရေအရည်အသွေး စီမံခန့်ခွဲမှုအပါအဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့် ဆောင်ရွက်သွားရန်၊ ရေအရည်အသွေးဆိုင်ရာ အချက်အလက်များကို ဖလှယ်ခြင်းအပါအဝင် နှစ်နိုင်ငံမှ သက်ဆိုင်ရာဌာနများအချင်းချင်း နည်းပညာဆိုင်ရာ ဆွေးနွေးမှုများ ဆောင်ရွက်သွားရန်၊ ရေရှည်တည်တံ့သော ရေအရည်အသွေး စီမံခန့်ခွဲခြင်းဆိုင်ရာ နယ်ပယ်တွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရေး နည်းပညာဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းသွားရန် နှင့် နည်းပညာ အကူအညီ၊ စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသိပညာ မြှင့်တင်ရေး နယ်ပယ်တို့တွင် ပူးပေါင်းဆောင်ရွက်ရန် တို့နှင့်ပတ်သက်၍ ပူးတွဲသတင်းထုတ်ပြန်၍ ဆွေးနွေးပွဲအား ရုပ်သိမ်းသည်။
ဆွေးနွေးပွဲအပြီးတွင် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေး ဝန်ကြီးဌာန၊ ဝန်ကြီး Mr. Prasert Jantararuangtong နှင့် အဖွဲ့သည် နေပြည်တော်တွင် တည်ထားကိုးကွယ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက်၍ ဖူးမျှော်ကြည်ညို ခဲ့ကြောင်း သတင်းရရှိသည်။

date: 
Thursday, August 21, 2025 - 13:00