ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရန်ကုန်-မန္တလေး အမြန်လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေးဆောင်ရွက်ထားမှုအခြေအနေများအားကြည့်ရှုစစ်ဆေး

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် (၆-၉-၂၀၂၅)ရက်နေ့၊ နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်-မန္တလေး အမြန်လမ်း ဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး တစ်အုပ်တစ်မစိုက်ခင်းများ တည်ထောင် ဆောင်ရွက်ထားမှု အခြေ အနေများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ စလူကြိုးဝိုင်းအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၅၁ ရှိ ၂၀၂၅ မိုးရာသီတွင် စိုက်ပျိုးထား သည့် တစ်အုပ်တစ်မစိုက်ခင်း ၅ ဧက၏ ရှင်သန်အောင်မြင်မှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စလူကြိုးဝိုင်းအတွင်း မိုင်တိုင် ၅၃ ရှိ ဝါး၊ ကြိမ်နှင့်သစ်မျိုးစုံရောနှောစိုက်ခင်း ၂၀ ဧက သို့သွားရောက်၍ အကွက်အလိုက် သစ်၊ ဝါး၊ ကြိမ် မျိုးစိတ်အလိုက် ရောနှောစိုက်ပျိုးထားမှုနှင့် ရှင်သန်မှုအခြေအနေအား ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားသည်။ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ဒိုက်ဦးမြို့နယ်၊ ဘိုင်းဒါးကြိုးဝိုင်းအတွင်း မိုင်တိုင် ၇၂ ရှိ တစ်အုပ်တစ်မစိုက်ခင်း ၇ ဧကအား လည်းကောင်း၊ ကျောက်တံခါးမြို့နယ်၊ အိုင်တုံကွန်းကြိုးဝိုင်း အတွင်း မိုင်တိုင် ၈၅ ရှိ တစ်အုပ်တစ်မစိုက်ခင်း ၇ ဧကအား လည်းကောင်း၊ ရေတာရှည်မြို့နယ်၊ စိုင်းရကြိုးဝိုင်းအတွင်း မိုင်တိုင် ၁၇၅ ရှိ တစ်အုပ်တစ်မစိုက်ခင်း ၃ ဧကအား လည်းကောင်း၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ ရေနီကြိုးဝိုင်းအတွင်း မိုင်တိုင် ၁၈၇ ရှိ တစ်အုပ်တစ်မ စိုက်ခင်း ၅ ဧကအား လည်းကောင်း ကြည့်ရှု စစ်ဆေးပြီး ရန်ကုန်-မန္တလေး အမြန်လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေးအတွက် ယခုနှစ်မိုးရာသီတွင်စိုက်ပျိုးခဲ့သော အပင်များဆက်လက်ရှင်သန်အောင် ဂရုစိုက်ထိန်းသိမ်းစောင့်ရှောက်သွားရန်နှင့် နောက်နှစ်မိုးရာသီတွင် ဆက်လက်တိုးချဲ့စိုက်ပျိုးသွားရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားသည်။သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အနေဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်းဘေးဝဲယာအပါအဝင် အာဆီယံကားလမ်းဘေးဝဲယာနှင့် အပူပိုင်းဒေသ ၁၃ ခရိုင်အတွင်းရှိ ကားလမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်စေရေးအတွက် ကားလမ်းဘေးဝဲယာ တောအုပ်ငယ်အသွင် ဖြစ်စေရန် တစ်အုပ်တစ်မစိုက်ပျိုးခြင်းများကို နှစ်စဉ်အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

date: 
Sunday, September 7, 2025 - 13:30