သစ်တောပြစ်မှုများ တရားစွဲဆိုရာတွင် လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများ (မူကြမ်း) နှင့် စပ်လျဉ်း၍ သီးခြားဆွေးနွေးခြင်းအခမ်းအနားကျင်းပ

သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ (၂၁-၁၀-၂၀၂၅) ရက် နေ့လယ် ၁၃း၃၀ နာရီအချိန်တွင် သစ်တောပြစ်မှုများ တရားစွဲဆို ရာတွင် လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများ (standard Operating Procedure for prosecution of forest crimes - SOP) (မူကြမ်း) နှင့် စပ်လျဉ်း၍ သီးခြားဆွေးနွေးခြင်းအခမ်းအနားကျင်းပရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သောင်းနိုင်ဦး တက်ရောက်အမှာစကားပြောကြားပြီး ဆွေးနွေးပွဲသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ ကိုယ်စားလှယ်များ၊ ဥပဒေဆိုင်ရာ အကြံပေးဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပြင်ပအဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများ၊ သစ်တောဦးစီးဌာနမှညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်သည်။
ဦးစွာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးက သစ်တောဥပဒေကို ဖောက်ဖျက်ကျူး လွန်သူများ အားပေးကူညီသူများကို ပြစ်မှုများအရ တရားစွဲဆိုရာတွင် သစ်တောဥပဒေ၊ ရာဇသတ်ကြီး ဥပဒေ၊ ရာဇဝတ်ကျင့်ထုံးဥပဒေများနှင့်အညီ ထိုက်သင့်သည့် ပြစ်ဒဏ်ချမှတ်နိုင်ရန် ရည်ရွယ်ပြီး တရား စွဲဆိုရာတွင် လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများကို ရေးဆွဲရခြင်းဖြစ်ပါကြောင်း၊ ယခု SOP (မူကြမ်း) ကို ဦးစီးရုံးချုပ် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် သစ်တောဦးစီးဌာနတို့၏ အကြံပြုချက်များကို စုစည်း၍ တတိယအကြိမ်အထိ ပြင်ဆင်တည်းဖြတ်ခဲ့ပြီး ယခုတက်ရောက်လာသူများမှ SOP အပေါ် ထပ်မံဖြည့်စွက်အကြံပြုဆွေးနွေးစေလိုကြောင်း၊ အထူးသဖြင့် တိုင်းဒေသကြီး/ ပြည်နယ်သစ်တောဦးစီးဌာနများ၏ တင်ပြချက်များအရ သစ်တောဥပဒေပုဒ်မ ၄၀(က)၇/ ၄၁(က)/ ၄၂(က)နှင့် ၄၃(က) ပြစ်မှုများမှ သစ်တောဥပဒေပုဒ်မ ၃၉(က)ပြစ်မှုသို့ ပြောင်းလဲ ပြစ်ဒဏ်ချမှတ်သည့် အမှုများနှင့် စပ်လျဉ်း၍ သစ်တောမှုစစ်ဆေးချက်များ၊ သစ်တောဝန်ထမ်းများ၏ တရားရုံးရှေ့ သက်သေထွက်ဆိုချက်များ၊ တရားရုံး စီရင်ချက်များအား တောင်းခံစိစစ်ခဲ့ရာ သက်ဆိုင်ရာ သစ်တောဦးစီးဌာန ဝန်ထမ်းများမှ သစ်တောမှုစစ်ဆေးချက်ရယူ၍ သစ်တောမှုတည်ဆောက်ခြင်းနှင့် တရားရုံးရှေ့ သက်သေထွက်ဆိုချက်များ ပေးရာတွင် အားနည်းချက်များ ရှိခဲ့ခြင်းကြောင့် လည်းကောင်း၊ တချို့အမှုများ၌ ရဲစခန်းများသည် တရားခံများဘက်မှ နောက်ကျတင်ပြလာသော သက်သေခံချက်များနှင့် အထောက်အထားများအား လက်ခံပြီး သစ်တောဦးစီးဌာနမှ အမှုဖွင့်ထားသည်များကို ၎င်းတို့သဘောဖြင့် အမှုပြန်လည်တည်ဆောက်ပြီးနောက် ဥပဒေအကြံပြုချက် တောင်းခံပြီး ပုဒ်မများ ပြောင်းလဲ၍ တရားရုံးသို့ တရားစွဲဆိုခဲ့ခြင်းများရှိခြင်းကြောင့် နိုင်ငံတော်အနေဖြင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်နေသဖြင့် အယူခံ/ပြင်ဆင်မှုများ ပြန်လည်တက်ရောက်ရလျက်ရှိ ပါကြောင်း၊ သစ်တောမှုတည်ဆောက်ခြင်း၊ အမှုဖွင့်ခြင်း၊ တရားရုံးသို့ ဆက်သွယ်ဆောင်ရွက်ရမည့် နည်းလမ်းများအပေါ် အကြံပြုစေလိုကြောင်း မှာကြားသည်။
အစီအစဉ်အရ သစ်တောပြစ်မှုများ တရားစွဲဆိုရာတွင် လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများ (မူကြမ်း) အား သစ်တောဦးစီးဌာန၏ တာဝန်ရှိသူမှ ရှင်းလင်းတင်ပြမှုအပေါ် တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေး အကြံပြုကြောင်း သတင်းရရှိသည်။

date: 
Wednesday, October 22, 2025 - 17:45