AFoCO RETC သင်တန်းကျောင်း၏ ၂၀၂၅ ခုနှစ်၊ ဒေသခံလူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်မှ ဝါးလက်မှုပစ္စည်းထုတ်ကုန် သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

၁။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ AFoCO RETC စီမံကိန်း သင်တန်းကျောင်းသည် AFoCO အဖွဲ့ဝင်နိုင်ငံများမှ သင်တန်းသားများ ဖိတ် ကြား၍ ကာလတိုပုံမှန်သင်တန်း၊ မျိုးဆက်သစ် လူငယ်များအား သစ်တောနှင့် ပတ်ဝန်းကျင် ထိန်း သိမ်းရေးဆိုင်ရာ အသိပညာမျှဝေသည့် အစီအစဉ်များ၊ သင်တန်းကျောင်းဝန်ထမ်းများ၏ စွမ်း ဆောင်ရည်မြှင့်တင်သည့် သင်တန်းအစီအစဉ်များကိုလည်း နှစ်စဉ်ဆောင်ရွက် ကျင်းပလျက် ရှိသည့် အပြင် ဒေသခံ ပြည်သူများအတွက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး သင်တန်းအစီအစဉ်များကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
၂။ ၂၀၂၅ ခုနှစ်၊ သင်တန်းအစီအစဉ်များအရ ဒေသခံ ပြည်သူများအတွက် စီစဉ်ဖွင့်လှစ်သည့် ‘ဝါး လက်မှုပစ္စည်းထုတ်ကုန်သင်တန်း’ ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့ အထိ (၇)ရက်ကြာ ဖွင့်လှစ်ပို့ချကျင်းပမည်ဖြစ်ပြီး၊ သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၄)ရက်နေ့ နံနက် ၀၉:၀၀ နာရီ၌ AFoCO RETC သင်တန်းကျောင်း၊ မှော်ဘီမြို့၌ ကျင်းပခဲ့ရာ AFoCO Secretariat မှ Mr. Kim Tongil (Director) Mr. Kim Kiwon (Program Officer)တို့က Online မှ လည်းကောင်း၊ ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးဌာန မှ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက် ညွှန်ကြားရေးမှူးများ၊ AFoCO RETC သင်တန်းကျောင်းမှ လက်ထောက် ညွှန်ကြားရေးမှူးနှင့် သင်တန်းကျောင်းမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မှော်ဘီမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် သင်တန်းဆရာ/ဆရာမများ၊ သင်တန်းသား/သူများ စုစုပေါင်း (၃၅)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
၃။ သင်တန်းဖွင့်ပွဲအခမ်းအနား၌ ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝေက ကြိုဆိုနှုတ်ခွန်းဆက်စကား၊ AFoCO Secretariat မှ Director ဖြစ်သူ Mr. Kim Tongil က သင်တန်းအဖွင့်အမှာစကား ပြောကြားခဲ့ပြီး သင်တန်းသား များအဖြစ် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး တို့မှ သင်တန်းသား/သူ(၂၀)ဦး၊ သင်တန်းဆရာများအဖြစ် AFoCO RETC သင်တန်းကျောင်းမှ ဆရာ (၂)ဦးနှင့် ညောင်ဦးမြို့မှ ဝါးလက်မှု ပစ္စည်းလုပ်ငန်းကျွမ်းကျင်သူ ဒေါ်သန်းသန်းဌေးပါ (၂)ဦးမှ သင် ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလ(၇)ရက်အတွင်း ဝါးလက်မှုထုတ်ကုန်ပစ္စည်း လက်တွေ့ ပြုလုပ်ခြင်းကို (၅)ရက်၊ လေ့လာရေးခရီးစဉ်အဖြစ် ကော့မှူးမြို့နယ်၊ သစ်တောဦးစီးဌာန၊ တွံ့တေး-ကော့မှူးကြိုးဝိုင်းအတွင်း တည်ထောင်စိုက်ပျိုးထားသည့် ၂၀၀၇ ခုနှစ်၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် ဝါးစိုက်ခင်း(၁၂၅)ဧကအတွင်း ဝါးမျိုးစိတ်(၂၀)မျိုး စိုက်ပျိုးထားရှိမှုနှင့် တောင်ကြောင် ကျေးရွာ၊ ကော့မှူးမြို့နယ်ရှိ ဒေသခံကျေးရွာသားများ၏ ဝါးလက်မှု ထုတ်ကုန်ပစ္စည်း လက်တွေ့ ကွင်းဆင်း လေ့လာခြင်း ဆောင်ရွက်ကာ၊ သင်တန်းသားများ၏ ဝါးလက်မှု ထုတ်ကုန်ပစ္စည်းများအပေါ် အကဲ ဖြတ်မှု ဆန်းစစ်ခြင်း၊ သင်တန်းမှ အတွေ့အကြုံဗဟုသုတများ ဖလှယ်ခြင်းနှင့် အပြန်အလှန် ဆွေးနွေးခြင်းများ ဆောင်ရွက်ပြီး ဒေသခံအခြေပြု သစ်တောအခြေခံ ဝါးလက်မှုထုတ်ကုန်စီးပွားရေး လုပ်ငန်းစုများဖြစ်ထွန်းပေါ်ပေါက်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

date: 
Friday, October 24, 2025 - 14:00