မြန်မာနိုင်ငံသစ်တောကျောင်း၊ အခြေခံသစ်တောပညာသင်တန်း၊ အမှတ်စဉ်(၁၁၈)သင်တန်း ကျောင်းဆင်းစစ်ရေးပြအခမ်းအနားကျင်းပ
ပြင်ဦးလွင်မြို့၊ မြန်မာနိုင်ငံသစ်တောကျောင်း၊ (၂၀၂၄-၂၀၂၅)ပညာသင်နှစ်၊ အခြေခံ သစ်တောပညာသင်တန်း၊ အမှတ်စဉ်(၁၁၈)ကျောင်းဆင်းစစ်ရေးပြ အခမ်းအနားကို (၂၁.၁၁.၂၀၂၅) ရက်နေ့၊ (သောကြာနေ့)နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံမြေတိုင်းကျောင်း၊ အားကစား ကွင်း၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ပြင်ဦးလွင်တပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဝန်ကြီးဌာနမှ ဌာနအကြီးအမှူးများ၊ မြန်မာနိုင်ငံသစ်တော ကျောင်း ကျောင်းအုပ်ကြီး၊ ကျောင်းဆင်းသင်တန်းသားများနှင့် မိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးက ထူးချွန်ဆုရသင်တန်းသားများနှင့် စစ်ရေးပြအကောင်းဆုံးတပ်ခွဲ အား ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ပြီး သင်တန်းဆင်းမိန့်ခွန်းပြောကြားသည်။
ဒုတိယဝန်ကြီးက သင်တန်းဆင်းမိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံသစ်တောကျောင်း သည် ၁၈၉၈ ခုနှစ်မှစပြီး အခြေခံသစ်တောပညာရပ်များကို သင်ကြားပို့ချပေးခဲ့ရာ ယခု(၁၂၇)နှစ် တိုင်ခဲ့ပြီဖြစ်ပြီး ခေတ်အဆက်ဆက် သစ်တောအမှုထမ်းကောင်းများစွာ မွေးထုတ်ပေးနိုင်ခဲ့ရာ ယနေ့ အထိ (၆၆၉၂)ဦး ရှိပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံသစ်တောကျောင်းမှ သင်တန်းသားများအား စာတွေ့၊ လက်တွေ့ ကျွမ်းကျင်တတ်မြောက်ပြီး စိတ်ဓာတ်၊ စည်းကမ်းနှင့် အကျင့်စာရိတ္တတိုးတက်ကောင်းမွန် လာစေရန်၊ ပြည်သူလူထုနှင့်ပူးပေါင်းပြီး ပြည်သူ့အကျိုးသယ်ပိုးလိုစိတ်ရှိလာစေရန်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို စွမ်းဆောင်ရည်မြင့်မားစွာ တာဝန်ကျေပွန်သည့် ဝန်ထမ်းကောင်းများဖြစ်စေရန် သင်ကြားပို့ချခဲ့ပါကြောင်း၊ ကမ္ဘာ့နိုင်ငံများတွင် သဘာဝအရင်းအမြစ်များ အလွန်အကျွံထုတ်ယူသုံးစွဲသဖြင့် သဘာဝပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှု များ ဖြစ်ပေါ်လာပြီး နောက်ဆက်တွဲဆိုးကျိုးများကို လူသားအားလုံးခံစားနေရပါကြောင်း၊ မြန်မာနိုင်ငံ၏သစ်တောဖုံးလွှမ်းမှု (၅၀%)အထိရောက်ရှိစေရေး ရည်မှန်းထားရှိပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ အဖိုးတန်သစ်တောများကို စနစ်တကျစီမံအုပ်ချုပ်ပြီး ရေရှည်တည်တံ့အောင် ထိန်းသိမ်းကာကွယ်ရာမှာ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများ တိုးချဲ့ဖွဲ့စည်းသတ်မှတ်ခြင်း၊ မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်းများအကောင်အထည်ဖော်ခြင်း၊
တရားမဝင်သစ်ထုတ်လုပ်မှု တားဆီးကာကွယ်ခြင်းတို့ကို ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဝန်ကြီးဌာန ၏လုပ်ငန်းများကို သစ္စာရှိရှိ တာဝန်သိသိ ရိုးသားကြိုးစားပြီး စေတနာအပြည့်ဖြင့်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပြည်သူလူထုနှင့်ပူးပေါင်းဆောင်ရွက်ပြီး မိမိတို့လုပ်ငန်းများကို ကျွမ်းကျင်အောင် မပြတ်လေ့လာဆည်းပူးပြီး ကိုယ်ကျင့်တရားကောင်းမွန်သည့် ဝန်ထမ်းကောင်းများဖြစ်အောင် ပြုမူ ကျင့်ကြံရမည်ဖြစ်ပါကြောင်း၊ ပြောင်းလဲနေသည့်ခေတ်စနစ်နှင့်အညီ မျက်ခြေမပြတ်လေ့လာနေရ မည်ဖြစ်ပြီး ဝန်ကြီးဌာန၏ အစဉ်အလာကောင်းများကို ထိန်းသိမ်းမြှင့်တင်ရေး နိုင်ငံနှင့်ပြည်သူ့ အကျိုးဆောင်ရွက်ရာတွင် ပြည်သူများအကြည်အညိုပျက်စေမည့် အပြုအမူ၊ အကျင့်စရိုက်များ လုံးဝရှောင်ရှားကြပါရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးအား အလံကိုင်တပ်ဖွဲနှင့် သင်တန်းဆင်းတပ်ခွဲများက စစ်ကြောင်း ပုံစံဖြင့် ချီတက်အလေးပြု၍ စစ်ရေးပြကွင်းအတွင်းမှ ပြန်လည်ထွက်ခွာသည်။
ဆက်လက်၍ အခြေခံသစ်တောပညာသင်တန်းအမှတ်စဉ်(၁၁၈) သင်တန်းဆင်းအောင် လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို မြန်မာနိုင်ငံသစ်တောကျောင်း၊ ကျွန်းရတနာခန်းမတွင် ကျင်းပ ရာ ဒုတိယဝန်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူများက ထူးချွန်ဆုရရှိသော သင်တန်းသားများအား ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပြီး သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။
