ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၊ သပြေပင်ကျေးရွာရှိ နိမသောင်ဘုရား ဌာပနာပိတ်ခြင်းနှင့် ထီးတော်တင်လှူပူဇော်ခြင်း ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၊ သပြေပင်ကျေးရွာရှိ နိမသောင်ဘုရား ဌာပနာပိတ်ခြင်းနှင့် ထီးတော်တင်လှူပူဇော်ခြင်း ရေစက်ချမင်္ဂလာအခမ်းအနားကို ၁၃၈၇ ခုနှစ်၊ ပြာသိုလပြည် (၁၅) ရက် (၂-၁-၂၀၂၆) ရက် သောကြာနေ့ နံနက် ၀၅း၃၀နာရီအချိန်မှ စတင်၍ နိမသောင်ဘုရားဝန်း မင်္ဂလာမဏ္ဍပ်တွင်ကျင်းပသည်။ အခမ်းအနားအစီအစဥ်အရ နံနက် ၀၅း၃၀ နာရီတွင် သံဃာတော်များအား ဆွမ်းခဲဖွယ်ဘောဇဥ်များဖြင့် အရုဏ်ဆွမ်းဆက်ကပ်လှူပြီး မင်္ဂလာအချိန် ၀၈း၁၅ နာရီတွင် နိမသောင်ဘုရား ထီးတော်တင်လှူပူဇော်သည်။ ဆက်လက်၍ နံနက် ၁၀း၀၀ နာရီအချိန်တွင် ရေစက်ချတရားတော်နာ အခမ်းအနားဆက်လက်ကျင်းပရာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ဆရာတော် အရှင်သူမြတ်တို့ထံမှ ကိုးပါးသီလခံယူဆောက် တည်ကြပြီး ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။ ပြီးနောက် သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာသောင်းနိုင်ဦး နှင့်တာဝန်ရှိသူ အရာထမ်းများ၊ဒါယကာ၊ ဒါယိကာမတို့မှ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှအတန်းပေးဝေပြီး နိမသောင်ဘုရား ဌာပနာပိတ်ခြင်း၊ ထီးတော်တင်လှူပူဇော်ခြင်း ရေစက်ချမင်္ဂလာအခမ်းအနားနှင့် ဗုဒ္ဓါဘိသေကအနေကဇာ တင် မင်္ဂလာအခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနား အောင်မြင်ပြီးမြောက်သည်။ နိမသောင်စေတီတော်မြတ်ကြီးသည် (၂၈-၃-၂၀၂၅) ရက် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ပြိုကျပျက်စီးခဲ့ရာ စေတီတော်ကြီး ပြန်လည်မွမ်းမံတည်ထားခြင်း၊ တံခွန်တိုင်၊ ဓမ္မာရုံ၊ အုတ်တံတိုင်းများပြန်လည် ပြုပြင်မွမ်းမံခြင်း၊ စေတီတော်ဝန်း ရင်ပြင်တော်ကွန်ကရစ်သမံတလင်းခင်းခြင်း တို့အတွက် သစ်တောဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ်ရုံးနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် သစ်တောဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ (၇) ရက်သားသမီးများ၏ လှူဒါန်းမှုများဖြင့် ပြန်လည်ပြုပြင်မွမ်းမံမှုများကို (၁-၉-၂၀၂၅) ရက်စတင်ရာ (၁၈-၁၁-၂၀၂၅) ရက်တွင် လုပ်ငန်းပြီးမြောက်၍ တည်ထားကိုးကွယ်ခြင်းဖြစ်ကြောင်းသိရသည်။

