ဘူမိဥယျာဉ်ဆိုင်ရာ လုပ်ငန်းကော်မတီ အစည်းအဝေး (၁/၂၀၂၆) သို့ ဒုတိယဝန်ကြီး ဦးမင်းသူတက်ရောက်
ဘူမိဥယျာဉ်ဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၆) ကို ယနေ့ နေ့လည် ၁၃း၃၀ နာရီခွဲအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘူမိဥယျာဉ်ဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဌ၊ သယံဇာတနှင့်သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူတက်ရောက်၍ အဖွင့်အမှာစကား ပြော ကြားသည်။
အစည်းအဝေးသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ယူနက်စကိုအမျိုးသားကော်မရှင် အတွင်းရေးမှူး၊ တက္ကသိုလ် များမှ ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း ဥက္ကဌ၊ ယူနက်စကိုအမျိုးသား ကော်မရှင် အထွေထွေအတွင်းရေးမှူးနှင့် ယူနက်စကို မြန်မာနိုင်ငံသံရုံးမှ ကိုယ်စားလှယ်တို့ ကOnlineဖြင့် တက်ရောက်သည်။
ဦးစွာ လုပ်ငန်းကော်မတီဥက္ကဌ၊ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားအဆင့် ဘူမိဥယျာဉ်အဖြစ် ၆-၁၂-၂၀၂၃ရက်တွင် ကနဦးဘူမိနယ်မြေ ၁၅ခု ဖြင့် ပုပ္ပါး တောင်အမျိုးသားဘူမိဥယျာဉ်ကို သတ်မှတ်ဖွဲ့စည်းထားပါကြောင်း၊ အဆိုပါဥယျာဉ်ကို ယူနက်စကိုကမ္ဘာလုံးဆိုင်ရာ ဘူမိဥယျာဉ် (UNESCO Global Geopark)အဖြစ် သတ်မှတ်ခံ ရရေးအတွက် လိုအပ်သည်များအား ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဘူမိဥယျာဉ်ဖွဲ့ စည်းသတ်မှတ်ခြင်းသည် ဒေသခံပြည်သူများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများ ထိန်းသိမ်းပြီး လူမှုစီးပွားမြှင့်တင်ရေး ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ တိကျသည့်မြေနေရာသတ် မှတ်ရန်သာဖြစ်ပြီး မြေအသုံးချမှုအပေါ် တစ်စုံတစ်ရာပြောင်းလဲ၊ ပြင်ဆင်ရန်မဟုတ်ဘဲ ဘူမိရုပ်သွင်အရ ထူးခြားသည့် Geosite ဖြစ်ကြောင်းကို အများပြည်သူသိရှိလေ့လာ နိုင်ရန် ဆိုင်းဘုတ်ထူခြင်းသာဖြစ်ကြောင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုချက်များကို ရင်းနှီးရှင်းလင်းစွာ ဆွေးနွေးစေလိုကြောင်းပြောကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး(၁)၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ပုပ္ပါးတောင် အမျိုးသားဘူမိဥယျာဉ်အား ယူနက်စကိုကမ္ဘာလုံးဆိုင်ရာ ဘူမိဥယျာဉ်အဖြစ်သတ် မှတ်နိုင်ရေး လုပ်ငန်းစီမံကိန်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ အတွင်းရေးမှူး(၂)၊ ဘူမိဗေဒလေ့လာရေးနှင့်ဓာတ်သတ္ထုရှာဖွေရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ယူနက်စကို ကမ္ဘာလုံးဆိုင်ရာဘူမိဥယျာဉ်အဖြစ် အဆိုပြုတင်ပြနိုင်ရေးအတွက် လိုအပ်ချက်များအား အသီးသီးရှင်းလင်းတင်ပြရာ တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးပြီး ကော်မတီဥက္ကဌမှ နိဂုံးချူပ်အမှာစကားပြောကြား၍ အစည်းအဝေးကို ညနေ ၁၅း၃၀ နာရီတွင်ရုပ်သိမ်းသည်။
ယူနက်စကိုကမ္ဘာလုံးဆိုင်ရာဘူမိဥယျာဉ်ကို ကနဦးဘူမိနယ်မြေ (၁၅) ခုဖြင့်ဖွဲ့စည်း ထားသည့် ပုပ္ပါးတောင်ဘူမိဥယျာဉ်အား အဆိုပြုနယ်မြေ (၁၄) ခု ထပ်မံတိုးချဲ့၍ ပြင်ဆင် ဖွဲ့စည်းသတ်မှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
