သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ကဏ္ဍဆိုင်ရာ သုတေသနအကြံပေးကော်မတီ (RAC) ဆဋ္ဌမအကြိမ်မြောက် အစည်းအဝေးသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ သည် (၁၉-၂-၂၀၂၆) ရက်၊ ကြာသပတေးနေ့၊ နေ့လယ် (၁၂:၀၀)နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပသော သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ကဏ္ဍ ဆိုင်ရာသုတေသနအကြံပေးကော်မတီ(RAC) ဆဋ္ဌမအကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သစ်တောသုတေသနဌာနခွဲမှ အရာထမ်း၊ အမှုထမ်းများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်သည်။
ဦးစွာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် သုတေသနအကြံပေးကော်မတီအနေဖြင့် ၂၀၁၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင် ရွက်ရာမှာထိရောက်သည့် လမ်းညွှန်မှုများပေးပို့နိုင်ရန် ရည်ရွယ်ကြောင်း၊ သုတေသနအကြံပေး ကော်မတီ၏ တာဝန်နှင့်ဝတ္တရားများအားလည်းကောင်း၊ သုတေသနစာတမ်းဖတ်ပွဲ (၃၆)ကြိမ် အတွင်း စာတမ်းစုစုပေါင်း(၆၂၂)စောင်ကို ထုတ်ဝေနိုင်ခဲ့ကြောင်းနှင့် မကြာခင်ကျင်းပမည့် (၃၇) ကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာသုတေသနစာတမ်းဖတ်ပွဲကို အောင်မြင် အောင် ဆောင်ရွက်နိုင်ဖို့ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရန် တိုက်တွန်းပြောကြားသည်။
အစီအစဉ်အရ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍဆိုင်ရာ သုတေသနအကြံပေးကော်မတီ (RAC) ပဉ္စမအကြိိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များဆောင်ရွက်ပြီးစီးမှုများအားလည်းကောင်း၊ သစ်တောသုတေသန ဌာနခွဲ၊ ညွှန်ကြားရေးမှူးက (၃၇)ကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေ သနစာတမ်းဖတ်ပွဲ အစီအစဉ်အားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြပြီး သက်ဆိုင်ရာဌာန များမှလည်း ပူးပေါင်းဆောင်ရွက်မည့် သုတေသနအဆိုပြုလွှာများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် အထွေထွေဆွေးနွေးခြင်းအစီအစဉ်ကို ဆက်လက်ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးကို မွန်းလွဲ(၁၄:၃၀)နာရီတွင် ဒုတိယဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
