ကရသူရိဒီရေတောကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ် ပြဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ-(၆) ပုဒ်မခွဲ(င) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက်၊ တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်း ခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့အတွင်းကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၄၁,၈၅၅.၉၆) ဧကရှိသောနယ်မြေကို “ကရသူရိဒီရေတောကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၂၆ )အရ (၁၃၈၇)ခုနှစ်၊ တပေါင်း လဆန်း(၃)ရက်၊ (၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်)မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ဒီရေတောသစ်မျိုး များနှင့် ဒီရေတောဂေဟစနစ်ရေရှည်တည်တံ့စေရန်၊ သဘာဝဒီရေတောများ ပျက်စီးပြုန်းတီး ခြင်းမှကာကွယ်ရန်၊ ရေသယံဇာတနှင့်ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝစေရန်၊ ပင်လယ်ပြင်မှ ဖြစ်ပေါ် လာသောလှိုင်းဒဏ်၊ လေမုန်တိုင်းခံစားရမှုများအား သဘာဝတံတိုင်းကြီးများသဖွယ် ကာကွယ်ရန်၊ ဒေသခံပြည်သူများအတွက် ငါး၊ ကဏန်း၊ ပုစွန်စသည့် ရေသယံဇာတများ ထုတ် ယူသုံးစွဲနိုင်ရန်၊ ကုန်းတွင်းပိုင်းသို့ ဆားငန်ရေဝင်ရောက်မှုများမှ တားဆီးကာကွယ်နိုင်ရန်၊ ကမ်းရိုးတန်းဒေသ ဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်မှု အထောက်အကူပြုနိုင်ရန်နှင့် ဒီရေတောဂေဟ စနစ် စီမံအုပ်ချုပ်လုပ်ကိုင်မှု ပိုမိုကောင်းမွန်လာစေပြီး သစ်တောဖုံးလွှမ်းမှုဧရိယာ တိုးပွားလာ စေရန်ရည်ရွယ်၍ ဒီရေတောကြိုးပြင်ကာကွယ်တောအဖြစ် ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်ပါသည်။
“ကရသူရိဒီရေတောကြိုးပြင်ကာကွယ်တော” သတ်မှတ်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် ရာသီဥတုနှင့် ဒေသအတွက် အကျိုးပြုသောဒီရေတောများဖြစ်ထွန်းလာမည်ဖြစ်ခြင်း၊ ဒီရေ တော ဂေဟစနစ်ကိုရေရှည်တည်တံ့စေခြင်း၊ ပင်လယ်ရေမျက်နှာပြင်မြှင့်တက်မှု၊ ကမ်းရိုးတန်း ရေတိုက်စားမှုနှင့် မုန်တိုင်းဒဏ်စသည့် သဘာဝဘေးအန္တရာယ်များ ကာကွယ်ပေးနိုင်ခြင်း၊ ဒီရေတောသစ်မျိုးများဖြစ်သော ဗြူးခြေထောက်၊ ဗြူးအုပ်ဆောင်း၊ သမဲ့ကြီး၊ သမဲ့ကျက်တက်၊ လမု၊ လဘ၊ ပင်လယ်အုန်း၊ ကျန၊ သမဲ့ဖြူနှင့် ဓနိပင်စသည့်ဒေသသစ်မျိုးများ ထိန်းသိမ်းနိုင် မည်ဖြစ်ခြင်း၊ ဗျိုင်း၊ ဂရုစုပ်ငှက်၊ စွန်ခေါင်းဖြူ၊ မျောက်၊ ဒင်ကျီးငှက်စသည့် ငှက်မျိုးများနှင့် မိကျောင်းများ၏ နေရင်းဒေသအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ငါး၊ ကဏန်း၊ ပုစွန်စသည့် ရေနေသတ္တဝါများ၏ ရှင်သန်ပေါက်ဖွားရာ အဏ္ဏဝါဂေဟစနစ်ပိုမိုကောင်းမွန်လာစေခြင်း၊ ဒေသခံ ပြည်သူများ၏ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို အထောက်အကူပြုနိုင်ခြင်း၊ ဒီရေတောထိန်း သိမ်းမည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောများ တည်ထောင်နိုင်မည်ဖြစ်ခြင်းနှင့် သစ်တောဖုံး လွှမ်းမှုတိုးတက်လာပြီး ရာသီဥတုမျှတကောင်းမွန်လာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိ နိုင်မည်ဖြစ်ပါသည်။

