ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ သမီးလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအား “သမီးလှကျွန်းအဏ္ဏဝါအမျိုးသားဥယျာဉ်” အဖြစ် ပြောင်းလဲ၍ ဧရိယာပြင်ဆင်သတ်မှတ်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ မေလတွင် ပြဌာန်းထားသည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၁၀၊ ပုဒ်မခွဲ (က) အရ အပ်နှင်းထား သောအခွင့်အာဏာများကိုကျင့်သုံးလျက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ရှိ “သမီးလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော” အား ၎င်းဒေသကမ်းရိုးတန်းနှင့် အဏ္ဏဝါဂေဟစနစ်များ၊ သယံဇာတများ၊ ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့စေပြီး ပေါကြွယ်ဝလာ စေရန်နှင့် အဏ္ဏဝါသဘာဝထိန်းသိမ်းရေးနယ်မြေတည်ထောင်မှုကို မြှင့်တင်နိုင်စေရန်ရည်ရွယ်၍ မူလ တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော ဧရိယာ (၂၁၇.၆)ဧကအား ရေပြင် (၁၁,၈၉၇)ဧကတိုးချဲ့၍ စုစုပေါင်း (၁၂၁၁၄.၆၀) ဧကဖြင့် “သမီးလှကျွန်းအဏ္ဏဝါအမျိုးသားဥယျာဉ်” အဖြစ် ပြောင်းလဲ၍ ဧရိယာ ပြင်ဆင်သတ်မှတ်ခြင်းကို အမိန့်ကြော်ငြာစာအမှတ် (၁၈/၂၀၂၆)အရ ၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့် ကျော် ၁၅ ရက် (၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ရက်) မှစ၍ ပြင်ဆင်သတ်မှတ်ကြောင်း ကြေညာခဲ့ပါသည်။
သမီးလှကျွန်းသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးမြို့နယ်ခွဲ၊ သမိုင်းဝင်မော်တင်စွန်းဘုရားမှ ရေမိုင် (၆)မိုင်အကွာ၊ ဘင်္ဂလားပင်လယ်အော် (Bay of Bengal)နှင့် အက်ဒမန်ပင်လယ် (Andaman Sea) တို့၏ ရေကြောင်းများဆုံရာအနီး ငဝန်မြစ် (ပုသိမ်မြစ်ဝ)၌ တည်ရှိပါသည်။ မြေမျက်နှာသွင် ပြန့်ပြူးပြီး ပင်လယ်ရေမျက်နှာပြင်အထက် (၈) ပေမှ (၁၁) ပေ အတွင်း၌တည်ရှိပါသည်။ ရှေးယခင် ဗြိတိသျှအစိုးရလက်ထက်က ကျွန်း၏ ပုံသဏ္ဍာန်နှင့် သဲသောင် များ၏ တောက်ပမှုကိုအစွဲပြု၍ Diamond Island “စိန်ကျွန်း” ဟူ၍လည်းကောင်း၊ ထို့နောက် ပင်လယ်လိပ်များကို စီမံချက်ဖြင့်ထိန်းသိမ်းမွေးမြူခဲ့သဖြင့် “လိပ်ကျွန်း” ဟူ၍လည်းကောင်း ခေါ်ဆို ခဲ့ကြပြီး ရှားပါးပင်လယ်လိပ်များနှင့် ၎င်းတို့ ဥချသားပေါက်ရာဒေသများ၊ ကျွန်းပေါ်ရှိ ဂေဟစနစ် များအား ဥပဒေအရ အပြည့်အဝထိန်းသိမ်းကာကွယ်နိုင်ရန်အလို့ငှာ (၁၂-၁၀-၁၉၇၀) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၂၈၉) ဖြင့် “သမီးလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော” အဖြစ် သတ် မှတ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။
သမီးလှကျွန်းသည် ကြည်လင်သော ပင်လယ်ပြင်အတွင်း စိမ်းလန်းသော ကျွန်းနှင့် ဖြူဖွေး သန့်ရှင်းသော သဲသောင်ပြင်များကြောင့် ထင်ရှားသည့်အပြင် ကမ္ဘာ့ရှားပါးစာရင်းဝင်နှင့် ကျန် ပင်လယ်လိပ်များ တစ်နှစ်ပတ်လုံး လာရောက်ဥချသည့် မြန်မာ့တစ်နေရာတည်းသော ကျွန်းအဖြစ် ထင်ရှားပါသည်။ သမီးလှကျွန်း၌ ရွက်ပြတ်တော၊ ရောနှောတော၊ အမြဲစိမ်းတော၊ ဒီရေတော အမျိုး အစားများတွေ့ရှိရပြီး အများစုမှာ ဒီရေတောဂေဟစနစ်အဖြစ် ဗြူးအုပ်ဆောင်း၊ ဗြူးခြေထောက်ဖို၊ သင်ပေါင်း၊ ဗြူးခြေထောက်မ၊ ကနစို၊ ခယာ၊ ဓနိ၊ ပင်လယ်အုန်း၊ မိချောင်းနွယ်အပင်များ ပေါက် ရောက်ပါသည်။ တောရိုင်းတိရစ္ဆာန်များအနေဖြင့် ကမ္ဘာ့ရှားပါး ပင်လယ်လိပ်မျိုးများဖြစ်သည့် ပြင်သာ လိပ်၊ လိပ်စိမ်း၊ လိပ်လှောင်း၊ လိပ်ခွေး၊ လိပ်ခေါင်တန်းတို့ ဥချသားပေါက်ရာ ဒေသဖြစ်ပြီး လင်းပိုင်၊ ရေဝက်၊ လင်းရှူး၊ ပုစွန်၊ ဂဏန်းနှင့် ငါးမျိုးစိတ်များ ရှင်သန်ကျက်စားရာနေရာ ဖြစ်သကဲ့သို့ ဒရယ်၊ လင်းဆွဲ၊ ချိုး၊ ဘွတ်ကလုံ၊ လင်းယုန်၊ မြေဝပ်၊ ငှက်ဝါ၊ ငှက်ခါး ၊ စွန်၊ ဆက်ရက်၊ ပိန်ညှင်း၊ ရေကြက်နှင့် ဝန်ပို/ဝန်လို ကဲ့သို့သော ကုန်းနေနှင့် ငှက်မျိုးစိတ်များအတွက် နားခိုကျက်စားရာ နေရာ ဒေသတစ်ခုလည်းဖြစ်ပါသည်။
“သမီးလှကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်” အဖြစ် သတ်မှတ်ဖွဲ့စည်းခြင်းဖြင့် မြန်မာနိုင်ငံ၏ စတုတ္ထမြောက် အဏ္ဏဝါအမျိုးသားဥယျာဉ် သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်နိုင်မည် ဖြစ်ပြီး ၎င်းဒေသရှိ ကမ်းရိုးတန်း၊ အဏ္ဏဝါဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများအား ထိန်းသိမ်းစောင့် ရှောက်နိုင်မည်ဖြစ်ခြင်း၊ သန္တာကျောက်တန်းများအား ရေရှည်တည်တံ့တိုးပွားစေကာ အဏ္ဏဝါမျိုးစိတ် များ၏ ရှင်သန်သားပေါက်ရာနေရာအဖြစ် ထိန်းသိမ်းနိုင်ပြီး ရေပေါ်ရေအောက် ဇီဝမျိုးစုံမျိုးကွဲများ တိုးပွားလာစေမည်ဖြစ်ခြင်း၊ ပင်လယ်လိပ်မျိုးစိတ်များ၏ သားပေါက်ရာနေရာများ ထိန်းသိမ်းနိုင် မည်ဖြစ်သကဲ့သို့ သမိုင်းဝင်မြတ်မော်တင်ဘုရားနှင့် နီးကပ်စွာတည်ရှိသဖြင့် ဘုရားဖူးလာသော အများပြည်သူများအပန်းဖြေလေ့လာနိုင်ပြီး သုတေသနလုပ်ငန်းများဆောင်ရွက်နိုင်သဖြင့် သဘာဝ ကို အခြေခံသော ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေခြင်းနှင့် အဏ္ဏဝါမျိုးစိတ်များ သုတေသန ပြု လေ့လာနိုင်သည့် အခွင့်အလမ်းများ တိုးတက်ရရှိစေခြင်း စသည့်အကျိုးကျေးဇူးများစွာ ရရှိစေမည် ဖြစ်ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန

date: 
Tuesday, March 24, 2026 - 09:30