ပြည်ထောင်စုဝန်ကြီးဦးဆန်းဦး ရန်ကုန်တိုင်းဒေသကြီးအတွင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံ ပျိုးဥယျာဉ် သို့ သွားရောက်စစ်ဆေးရာ ရန်ကုန်တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးက ၂၀၂၆ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပနိုင်ရေး၊ ဒေသတွင်းစိမ်းလန်းစိုပြည် စေရန်အတွက် လူထုဖြန့် ပျိုးပင်များ ဖြန့်ဝေပေးနိုင်ရေးနှင့် နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပွဲ ကျင်းပနိုင်ရေးအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပွဲကျင်းပနိုင်ရေးအတွက် မြေနေရာ ကြိုတင်ပြင်ဆင်ထားရှိရန်နှင့် အမြင့်(၃)ပေနှင့် အထက်ပျိုးပင်များကို စုဆောင်းထားရှိရန်၊ နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက် အရ ရာသီဥတု ပြောင်းလဲမှုများလျော့ချရန် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းဖြစ်သော သစ်ပင် စိုက်ပျိုးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ကြရန် မှာကြားပြီး ပျိုးဥယျာဥ်အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုံအတွင်းရှိ ပြည်တွင်းရောင်းဝယ်ရေးနှင့်သစ်စက်ဌာန၊ အမှတ်(၉)သစ်စက်တွင် မြန်မာ့သစ်လုပ်ငန်းမှ တာဝန် ရှိသူများမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ ရှင်းလင်းတင်ပြမှုများအပေါ် သိလိုသည်များအားမေးမြန်းခဲ့ပြီး လိုအပ်သည်များမှာကြားသည်။
မွန်းလွှဲပိုင်းတွင် မြန်မာ့သစ်လုပ်ငန်း ဦိးဆောင်ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းဌာနများမှတာဝန်ရှိသူ များနှင့်တွေ့ဆုံရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းတာဝန်များ ထမ်းဆောင် ရာတွင် မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို ပြည့်ဝစွာ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

date: 
Monday, April 20, 2026 - 15:30