နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ၏ စတုတ္ထအကြိမ်အစည်းအဝေးကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီတက်ရောက်

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ၏ စတုတ္ထအကြိမ် အစည်းအဝေးကို (၁၃-၅-၂၀၂၄)ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ လုပ်ငန်းကော်မတီဥက္ကဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဥက္ကဌ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် လုပ်ငန်းကော်မတီဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် သယံဇာတရေးရာ ဝန်ကြီးများက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ လုပ်ငန်းကော်မတီဥက္ကဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဦးခင်မောင်ရီက မြန်မာနိုင်ငံကမ်းရိုးတန်းသည် အဏ္ဏဝါဂေဟစနစ် များစွာစုံလင်ပြီး ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုအမျိုးမျိုး ထောက်ပံ့ပေးနိုင်သည့်အပြင် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာရှိကြောင်း၊ အဏ္ဏဝါဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များ၊ ရေထွက်သယံဇာတများ ရေရှည်တည်တံ့အောင် စနစ်တကျ စီမံအုပ်ချုပ်လုပ်ကိုင် နိုင်ရန် လိုအပ်ကြောင်း၊ပင်လယ်ကမ်းရိုးတန်း ဒေသများတွင် ဒီရေတော ပင်နှင့်အရိပ်ရပင်များ (Green Belt) တိုးမြှင့် စိုက်ပျိုးရေး၊ ဒီရေတောများ ထိန်းသိမ်းကာကွယ်ရေး နှင့်ပတ်သက်၍ ပြည်သူများသို့ အသိပညာ‌ ပေးရေး၊ ရေအောက်သဘာဝရှုခင်းများနှင့် ရေနေသတ္တဝါများအား ထိန်းသိမ်းရန်အတွက် အရေးကြီးသော Hot Spot နေရာများ သတ်မှတ်ရေးတို့အား အရှိန်အဟုန်ဖြင့် ဆောင်ရွက် သွားကြရမှာ ဖြစ်ကြောင်း၊
အပြာရောင်စီးပွားရေး - Blue Economy သည် စီးပွားရေးဖွံ့ဖြိုးမှုအတွက်သာမက ပင်လယ် ကမ်းရိုးတန်းသယံဇာတများ ရေရှည်တည်တံ့ရေး၊ ပင်လယ်သမုဒ္ဒရာဂေဟစနစ် တည်ငြိမ်ရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်စေရေးအတွက် ဦးတည်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ ဘက်စုံစီမံအုပ်ချုပ်ရေး အစီအစဉ်ကို ရေးဆွဲ အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းနှင့် စွန့်ပစ်အမှိုက်များ ပင်လယ်တွင်း ရောက်ရှိပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမရှိစေရေး လုပ်ငန်းစဉ်အဆင့်အလိုက် လိုက်နာ ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများ ရေးဆွဲနေခြင်းအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန် မှာကြားသည်။
ဆက်လက်၍ ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးမင်းနောင်က Blue Economy ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒများကို ကဏ္ဍအလိုက် ဖော်ထုတ် ချမှတ်နိုင်ရေး၊ ကမ်းရိုးတန်းသယံဇာတကို မထိခိုက်သော စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရေးအတွက် ပင်လယ်ကမ်းရိုးတန်း အဏ္ဏဝါသယံဇာတထိန်းသိမ်းရေး၊ သုတေသနနှင့် နည်းပညာဖလှယ်ရေးပူးပေါင်းအဖွဲ့အား ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊
ငါးမဖမ်းရ နယ်မြေများသတ်မှတ် ဆောင်ရွက်ရေး၊ ငါးမဖမ်းရရာသီကာလ သတ်မှတ်ရေး၊ တရားမဝင် ငါးဖမ်းဆီးမှုများ ကာကွယ်ရေး၊ သဘာဝမှရရှိသော သယံဇာတများကို မှီခိုထုတ်လုပ်မှု လျော့နည်းစေရန်အတွက် ငါးမွေးမြူရေး လုပ်ငန်း တိုးတက်လာစေရေးတို့အား ဆောင်ရွက်လျက်ရှိ ကြောင်း၊ ပင်လယ်ကမ်းရိုးတန်းဒေသရှိ သဘာဝနယ်မြေများ၊ ရေဝေရေလဲ ဒေသများ၊ သဘာဝ အင်းအိုင်များ၊ ကျွန်းနှင့်ကျွန်းစုများ ထိန်းသိမ်းကာကွယ်ရေး၊ စီးပွားရေးဖွံ့ဖြိုးမှုနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းမှုကို ဟန်ချက်ညီညီဖြစ်စေရေးအတွက် သက်ဆိုင်ရာ လုပ်ငန်းကော်မတီဝင်များနှင့် ဆက်စပ် အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်သွားရမှာဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီ အတွင်းရေးမှုးက ကော်မတီ၏ လုပ်ငန်းတာဝန်များ၊ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထာ်ဖော် ဆောင်ရွက်နေမှုများ၊ ရှေ့ဆက် ဆောင်ရွက်မည့် အစီအမံများအား ဆွေးနွေးကြပြီး ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြောင်း သိရှိရပါသည်။

date: 
Tuesday, May 14, 2024 - 10:00