သစ်တောဦးစီးဌာန၏ ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းနှင့် တနင်္သာရီသဘာဝကြိုးဝိုင်း စီမံကိန်း၏ အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်များ ထုတ်ပြန်ခြင်းအခမ်းအနားကျင်းပ
သစ်တောဦးစီးဌာန၏ "ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်း (၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှ ၂၀၃၅-၂၀၃၆ ဘဏ္ဍာနှစ်အထိ)" နှင့် "တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်း (TNRP) ၏ ဆဋ္ဌမ (၄) နှစ်တာ အုပ်ချုပ်လုပ်ကိုင်မှုစီမံချက် (OMP VI)" ထုတ်ပြန်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦး တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း/အမှုထမ်းများ၊ တနင်္သာရီသဘာဝကြိုးဝိုင်း စီမံကိန်းနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများတက်ရောက်ပြီး တိုင်းဒေသကြီး/ပြည်နယ် ညွှန်ကြားရေးမှူးများနှင့် သက်ဆိုင်ရာ ခရိုင် တာဝန်ခံများက online စနစ်ဖြင့်တက်ရောက် ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်မြန်မာနိုင်ငံ၏ အဖိုးမဖြတ်နိုင်သော သစ်တောသယံဇာတနှင့် ဇီဝမျိုးစုံမျိုးကွဲများကို ရေရှည်စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်ရန်ရည်ရွယ်၍ ၁၉၉၆-၁၉၉၇ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ ပထမနှစ် (၃၀) ခရိုင်သစ်တောအုပ်ချုပ် လုပ်ကိုင်မှုစီမံကိန်းများကို ၁၀ နှစ်တစ်ကြိမ်အဆင့်ဆင့် ပြန်လည်ပြင်ဆင်ရေးဆွဲခဲ့ပြီး မြန်မာ့သစ်တော တွေကို စီမံအုပ်ချုပ်ခဲ့ကြောင်း၊ ယခု တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ သစ်တောခရိုင် (၇၁) ခရိုင်၏ ဒုတိယနှစ် (၃၀) ၏ ပထမ (၁၀) နှစ်ဖြစ်သော ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်း (၂၀၂၆-၂၀၂၇ မှ ၂၀၃၅-၂၀၃၆ အထိ)" နှင့် "တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်း၏ ဆဋ္ဌမ (၄) နှစ်တာ အုပ်ချုပ် လုပ်ကိုင်မှုစီမံချက် (OMP VI)" တို့ကို ရေးဆွဲပြီးစီးပြီဖြစ်၍ ယနေ့တွင် တရားဝင်ထုတ်ပြန်ခြင်း ဖြစ်ပါကြောင်း၊ ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းများကို ပြင်ဆင်ရေးဆွဲရာတွင် ယခင်စီမံကိန်း များ၏ အားနည်းချက်၊ အားသာချက်များကို လေ့လာဆန်းစစ်ပြီး ပြောင်းလဲလာသည့်အုပ်ချုပ်ရေး၊ လူမှုစီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အခြေခံမူများနှင့်အညီ ရေးဆွဲထားကြောင်း၊ ထိုသို့ရေးဆွဲပြုစုရာတွင် ဦးတည်ချက် (၇) ရပ်၊ ရည်ရွယ်ချက် (၂)ရပ် ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ (Public-Private Partnership) ပူးပေါင်းဆောင်ရွက်မှု၏ ပြယုဂ်ဖြစ်သော တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းအတွက် ဆဋ္ဌမ (၄) နှစ်တာစီမံချက် (၂၀၂၆-၂၀၃၀) ကိုလည်း စတင်အကောင်အထည်ဖော်နိုင်ရန် တစ်ပါတည်းထုတ်ပြန်ခြင်းဖြစ်ပါကြောင်း၊ ယခင်ရေးဆွဲခဲ့ သည့် တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းများကို ပြင်ပပညာရှင်များငှားရမ်းခဲ့ရသော်လည်း ယခုအကြိမ် တွင် သစ်တောဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင် များ (Core Unit)က နိုင်ငံတကာစံနှုန်းများနှင့်အညီ ကိုယ်တိုင်ရေးဆွဲခဲ့ကြောင်း၊ ဒေသခံများအတွက် လူမှုစီးပွားမြှင့်တင်ရေးအတွက် ပြည်သူအခြေပြု ခရီးသွားလုပ်ငန်းများ (Community-based Tourism) နှင့် ဂေဟစနစ်ပြန်လည်တည်ထောင်ရေး (Landscape Conservation) များကို ကျယ်ပြန့်စွာထည့်သွင်းရေးဆွဲထားကြောင်း၊ သစ်တောဦးစီး ဌာနအနေဖြင့် နိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်းကို ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောအဖြစ် ဖွဲ့စည်း သတ်မှတ်ရန်၊ နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ် ရန်နှင့်နိုင်ငံတော်အကြီးအကဲ လမ်းညွှန်ချက်ဖြစ်သော နိုင်ငံဧရိယာ၏ ၅၀ ရာခိုင်နှုန်း သစ်တေ ဖုံးလွှမ်း ရေးတို့ကို အကောင်အထည်ဖော်ရန် ရည်မှန်းထားကြောင်း၊ ယခုထုတ်ပြန်လိုက် သော စီမံကိန်းများသည် မြန်မာ့သစ်တောများကို နောင်လာနောက်သားများအတွက် အမွေအနှစ်အဖြစ်ကျန်ရှိစေမည့် အသက် သွေးကြောများဖြစ်သဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများအားလုံးက အလေးထား လိုက်နာဆောင်ရွက်သွား ကြရန်တိုက်တွန်းမှာကြားသည်။ ထို့နောက် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ ခရိုင်သစ်တော အုပ်ချူပ်လုပ်ကိုင်မှုစီမံကိန်းနှင့် တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်း၏ အုပ်ချုပ်လုပ်ကိုင်မှုဆိုင်ရာအချက် အလက်များကို ရှင်းလင်းတင်ပြပြီးနောက် ဒုတိယ ဝန်ကြီးသည် စီမံကိန်းများမှခင်းကျင်းပြသထားသော စီမံကိန်းဆိုင်ရာ ပိုစတာများနှင့်စာအုပ်များကို လှည့်လည်ကြည့်ရှု့စစ်ဆေးသည်။
အစီအစဉ်အရ သက်ဆိုင်ရာ တာဝန်ရှိသူများမှ စီမံကိန်းရေးဆွဲရာတွင် လေ့လာတွေ့ရှိချက်များအား အသီးသီး ရှင်းလင်းတင်ပြကြသည်။ထို့နောက် နေ့လယ်ပိုင်းတွင် မြန်မာနိုင်ငံ၏ သစ်တောစီမံခန့်ခွဲမှု ဆိုင်ရာ အပြန်အလှန်ဆွေးနွေးမှုဖိုရမ်အားဆက်လက်ကျင်းပရာ တက်ရောက်လာသူများနှင့် သက်ဆိုင်ရာ ခရိုင်တာဝန်ခံလက်ထောက်ညွှန်ကြားရေးမှူးများမှ အနာဂတ်သစ်တောစီမံအုပ်ချုပ်မှုနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအပေါ် ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ညနေ (၁၆း၄၅) နာရီအချိန်တွင် အခမ်းအနားကို ရုပ်သိမ်းသည်။







